Friday, October 28, 2016

ဒီမိုကရေစီနဲ့မထိုက်တန်သောစိတ်ဓာတ်များ

Leave a Comment

ဒီမိုကရေစီနဲ့မထိုက်တန်သောစိတ်ဓာတ်များ

သရ၀ဏ်(ပြည်)

အခုတလော ကြားရကြားရ နားဝမှာ မချမ်းသာတဲ့အဖြစ်တွေများပါတယ် ။  ကိုယ့်နိုင်ငံသားတွေရဲ့ တွေးခေါ်နိုင်စွမ်းဟာဒီလောက်တောင်နိမ့်ကျနေပြီလားလို့လည်း ရင်နာနာနဲ့တွေးမိပါတယ် ။ တကယ်တော့ကျွန်တော်တို့ဟာ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့  အရှေ့ကို တစ်လှမ်းပြီးတစ်လှမ်း သွားကြဖို့ ကြံရွယ်နေကြတာပါ ။ဒါပေမယ့်ဒီလိုအဖြစ်မျိုးတွေ တွေ့ ရပြန်တော့ မြန်မာအချို့ ဟာ ၁၆ ရာစု ၁၇ ရာစုကအတွေးအခေါ်အဆင့်လောက်ပဲရှိနေတုန်းဆိုတာ အံ့သြခမန်းသိလိုက်ရပါတော့တယ် ။သူများနိုင်ငံတွေက လကမ္ဘာပေါ်လူရောက်ရုံမက အင်္ဂါဂြိုဟ်ပေါ်ကိုတောင်သွားဖို့ အားထုတ်နေကြပြီ ။ ကျွန်တော်တို့ တွေဘာလုပ်နေကြသလဲ ။   အားလုံးသိကြတဲ့အတိုင်း ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် တွံတေးဝကျေးရွာမှာ သုံးနှစ်အရွယ်ကလေးတစ်ယောက် ၊ လေးနှစ်အရွယ်ကလေးတစ်ယောက် ၊ ရှစ်လအရွယ်ကလေးတစ်ယောက် ကို ပယောဂဆရာက သူရဲဝင်ပူးနေတယ်ဆိုပြီး ရိုက်နှက်ရာက သေဆုံးကုန်ကြတဲ့သတင်း ၊ မသင်းသင်းစိုးဆိုတဲ့ကလေးမလေး ကိုတော့ ခြေထောက်နဲ့ကန် ၊ တက်နင်း ၊ လက်သီးနဲ့ထိုး ၊ ပုဆိန်နဲ့ထုခဲ့လို့  ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာအတွင်းလူနာအဖြစ်ကုသထားရတဲ့သတင်းပါ ။ အဲဒိဖြစ်စဉ်မှာကျွန်တော်အံ့သြတာက ပယောဂဆရာကိုမဟုတ်ပါဘူး ။ လောကမှာ ကိုယ့်ကိုယ်ကို တော်တယ်တတ်တယ် ဆရာတစ်ဆူပါရဂူလို့ဘ၀င်မြင့်ရူးရူးနေတဲ့သူတွေ ဒုနဲ့ဒေးရှိနေနိုင်ပါတယ် ။ ဒေါက်တာရမ်းကုတွေ ၊ ဘိုးတော်အတုတွေ ၊ ဆရာဝန်အတုတွေ ၊ ရမ်းကုတွေ ၊ ပျောက်စေဆရာယောင်တွေ ဒီလောကမှာ အများကြီးရှိတတ်တာပဲ ။ သူတို့ကတော့ကိုယ့်သားသမီးအသက်မဟုတ်လို့ တွေ့ သမျှလူကို ပယောဂ၀င်တယ်ဆိုပြီးလက်တည့်စမ်းမှာပါပဲ ။ ကျွန်တော်အံ့သြတာက သေသွားတဲ့ ကလေးသုံးယောက်နဲ့  သေလုမျောပါးဖြစ်သွားတဲ့ ကလေးမလေး ရဲ့မိဘတွေကိုပါပဲ ။ ပယောဂဆရာဟာ ကလေးတွေကို နိုင့်ထက်စီးနင်းနှိပ်စက်နေချိန်မှာ ကလေးလေးယောက်ရဲ့ အဖေလေးယောက် ၊ အမေလေးယောက် လူရှစ်ယောက်တိတိအနားမှာထိုင်ကြည့်နေတာပါ ။ သူတို့ ဟာ လူစိတ်မရှိကြတော့ဘူးလား ၊ မိခင်စိတ် ၊ဖခင်စိတ်မရှိကြတော့ဘူးလား ။ ကိုယ့်သားသမီး လူမမယ်အရွယ်လေးကို ယောက်ကျားရင့်မကြီးက ဒီလိုရက်ရက်ရက်စက်စက်ပြုမူနေတာကို မတားမြစ်ပဲ ကြည့်နေခဲ့ကြတာကို အအံ့သြဆုံးပါပဲ ။ ကလေးတွေဟာ ရုတ်တရက်တချိန်ထဲ တစ်ပြိုင်နက်ကွယ်လွန်ခဲ့တာမဟုတ်ပါဘူး ။ တစ်ယောက်ပြီးတစ်ယောက်သွေးအေးအေးနဲ့  ဂျာမန်ဂက်စတာပိုတွေက ဂျူးတွေကို သတ်သလို သတ်ခဲ့တာပါ ။

ကံဆိုးရှာတဲ့ပထမကလေး မောင်နေလလင်း ဟာ ပယောဂဆရာ ထွန်းနိုင်လက်ချက်နဲ့ အောက်တိုဘာလ ၁၈ ရက် ည ၁၂ နာရီခန့်မှာ အသက်ထွက်သွားပါတယ် ။အလောင်းကိုတွံတေးတူးမြောင်းထဲကိုပယောဂဆရာကလှေနဲ့သွားရောက်စွန့်ပစ်ခဲ့ပါတယ် ။ မိဘတွေဟာ ဒီလောက်ဆိုသိသင့်ပါပြီ ။ဆက်မလုပ်ဖို့တားမြစ်ရမှာပါ။ ဒါပေမယ့်ပယောဂဆရာကိုဆက်လုပ်ခွင့်ပေးထားခဲ့တယ် ။ နောက်တစ်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ မလှနှင်းရွှေ (၂ နှစ် ) ၊ မသင်းသင်းစိုး (၄ နှစ် ) ၊ မယမင်း ( ၈ လ) တို့ မှာလဲ သရဲတစ္ဆေ၀င်ပူးနေတယ်ဆိုပြီး ထပ်မံနှိပ်စက်ခဲ့ပါတယ် ။ အဲဒိနေ့  ည ၁၀ နာရီမှာ မလှနှင်းရွှေ နဲ့ မယမင်းတို့ထပ်မံ သေးဆုံးပါတယ် ။ နောက်တနေ့မနက် မှာ အိမ်ဘေးမှာ မြေမြှုပ်လိုက်ပါတယ် ။ မိဘတွေဟာ ဒီအချိန်အထိအသိတရားမရသေးပါဘူး ။ ဘေးအိမ်ကအမြင်မတော်တဲ့လူတစ်ယောက်က သက်ဆိုင်ရာကိုသွားသတင်းပို့ တော့မှ ဟိုးလေးတကျော်ဖြစ်ပြီး တွံတေးမြိ့ရဲစခန်းက ပြစ်မှုဆိုင်ရာဥပဒေပုးမ ၃၀၂ /၃၂၅/ ၂၀၁ နဲ့ ပယောဂဆရာကို ဖမ်းဆီးအရေးယူခဲ့တာပါ ။ ပြောရရင် မိဘတွေအပါအ၀င်ဘေးကရပ်ကြည့်နေတဲ့သူတွေအားလုံးကို လူသတ်မှုမှာ အားပေးအားမြှောက်ကူညီမှုနဲ့ ဖမ်းဆီးအရေးယူရမှာပါ ။ တကယ်တော့ အခင်းဖြစ်ခဲ့တဲ့ တွံတေးဝကျေးရွာဆိုတာ ရန်ကုန်နဲ့သိပ်အဝေးကြီးတောင်မဟုတ်ပါဘူး ။တွံတေးတူးမြောင်းနဘေးမှာရှိပြီး သူတို့ရွာကနေလှမ်းကြည့်လိုက်ရင် ရွှေတိဂုံစေတီတော်မြတ်ကြီးကိုတောင် ခပ်ဝေးဝေးမှာလှမ်းမြင်နေရတဲ့နေရာပါ ။ လူသူအရောက်အပေါက်နည်းတဲ့ ချင်းတောင်တန်း ၊ကယားပြည်နယ် လိုနေရာမျိုးလည်းမဟုတ်ပါဘူး ။ သုံးနာရီလောက်ကားစီးလိုက်ရင် ရန်ကုန်ကိုရောက်နိုင်တဲ့နေရာမျိုးပါ ။ အဲဒိလိုနေရာမှာဒီလိုကိစ္စမျိုးတွေဖြစ်နေတော့ အံ့သြရပါတယ် ။ အဓိကလက်သည်တရားခံအစစ်ဟာ ပညာမတတ်ကြခြင်း ၊ ဗဟုသုတမရှိခြင်း ၊ ဆင်းရဲနွမ်းပါးခြင်း ၊ နဲ့စာမဖတ်ကြခြင်းတို့ပဲဖြစ်ပါတယ် ။

။လူမမာကိုပယောဂဆိုပြီးနှိပ်စက်ပြတဲ့ပြကွက်တွေဟာမြန်မာဗီဒီယိုတွေ ၊ရုပ်ရှင်တွေထဲမှာ ဇာတ်နာပြီးကြည့်ကောင်းပေမယ့်အပြင်မှာမရှိသင့်တော့ပါဘူး ။  အကျဉ်းချုပ်ကတော့ ဆင်းရဲခြင်း ဗဟုသုတနည်းခြင်းတို့ပါပဲ ။ တိုင်းပြည်ကို တကယ်ဒုက္ခပေးနေတာလဲအဲဒိအချက်နှစ်ချက်ပါပဲ ။ လူတွေဟာ ဆင်းရဲကြတယ် ။ဆင်ရဲတော့ပညာကောင်းကောင်းမသင်နိုင်ဘူး ၊ ပညာမတတ်တော့ ဗဟုသုတနည်းတယ် ။ အယုံလွယ်တယ် ။အမြင်မကျယ်ဘူး ။ အမှားအမှန်ကိုမခွဲခြားတတ်ဘူး ။ အယူသီးတယ် ။အရာရာကိုကြောက်တတ်တယ် ။ အတွေးအခေါ်နိမ့်တယ် ။ဒါတွေဟာ ဆက်စပ်နေတာပါ ။သပ်သပ်စီမဟုတ်ပါဘူး ။မြန်မာနိုင်ငံဖြစ်နေတဲ့ပြသနာဟာ ဒီနှစ်ခုပါပဲ ။ ဆင်းရဲမွဲတေခြင်းဟာ တိုင်းပြည်ရဲ့အဓိကအန္တရာယ်ပါ ။ တိုင်းပြည်မှတကယ်လိုနေတာ အပေါ်ထပ်အဆောက်အဦတွေမဟုတ်ဘူး ။ မစားရ၀ခမန်းစီမံကိန်းကြီးတွေမဟုတ်ဘူး ။ခရိုနီတွေနဲ့ညီညွတ်ရေးမဟုတ်ဘူး ။ ကော်ဇောတွေဖိတ်ဖိတ်တောက်နေတဲ့ အဲကွန်းခန်းထဲက ဟိုတယ် တွေမှာမကြာခနလုပ်လေ့ရှိတဲ့ Work Shop တွေ ဆီမီနာတွေ ၊ အစည်းအဝေးတွေမဟုတ်ဘူး ။ တကယ်လိုနေတာ ဆင်းရဲမွဲတေမှုကို ကယ်တင်ဖို့  နဲ့ မြန်မာတွေ လူတိုင်းလူတိုင်းမသင်မနေရ အနည်းဆုံး အလယ်တန်းပညာပြီးဆုံးအောင်တတ်ဖို့ ပါပဲ ။ ပိုပြီးပြောရရင် လူတွေစာဖတ်ဖို့ ကိုလဲအစိုးရဟာ စီမံကိန်းတွေချပြီး အပြင်းအထန် ကြိုးစားသင့်ပါတယ် ။ မြို့ကြီးတွေမှာ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေး (ပြန်/ဆက် ) စာကြည့်တိုက်တွေဖွင့်ပြီး စာဖတ်သူနတ္ထိအနေအထားနဲ့ လူတွေကိုငုတ်တုတ်ထိုင်စောင့်တဲ့စနစ်အစား ကျောင်းတွေအားလုံးမှာကျောင်းစာကြည့်တိုက် (စစ်အစိုးရခေတ်ကလို အမည်ခံမဟုတ် ) တွေတွင်တွင်ကျယ်ကျယ်ဖွင့်ပြီး မူလတန်းအရွယ်ထဲက ကျောင်းသားကျောင်းသူတွေရဲ့အသိအမြင်ကိုမြှင့်တင်ပေးသင့်ပါတယ် အလုပ်မဖြစ်တဲ့ ပြန်/ဆက် စာကြည့်တိုက်စနစ်ကိုလဲ ပြန်ကြားရေးဝန်ကြီးဌာနက ပြန်ပြီးဆန်းစစ်ကာသူ့ထက်ကောင်းတဲ့စနစ် တခုဖော်ဆောင်သင့်ပါတယ် ။ လူတွေဟာ ဆင်းရဲလို့ကျောင်းမနေ ၊ ကျောင်းမနေလို့ စာ မတတ် ၊စာမတတ်လို့စာမဘတ် ၊စာမဘတ်လို့ဗဟုသုတနည်းဆိုတဲ့ သံသရာဆိုးကိုရပ်တန့် ပြစ်ဖို့လိုပါတယ် ။ ရန်ကုန်မြို့မှာ စာပေဗိမာန်စာအုပ်အရောင်းဆိုင်အောင်မြင်သလို အဲဒိလိုစနစ်မျိုး စာပေဗိမာန်စာအုပ်အရောင်းဆိုင်စနစ်မျိုးကို တိုင်းနဲ့ပြည်နယ် မြို့ကြီးတွေအားလုံးမှာ ဖွင့်လှစ်ရောင်ချသင့်ပါတယ် ။

     နောက်ထပ် ကမောက်ကမကိစ္စတခုကတော့ အသုဘချရင်း၊တောင်ရွာ မြောက်ရွာ စကားများရန်ဖြစ် အငြင်းပွားကြတဲ့ကိစ္စပါပဲ ။ အဲဒါကလည်း ရန်ကုန်မြို့နဲ့ သိပ်မဝေးတဲ့အရပ်မှာဖြစ်ခဲ့တာမို့ ထူးဆန်းပေ၏လို့ပြောရမလိုပါပဲ ။ မြန်မာနိုင်ငံရဲ့စီပွားရေးမြို့တော်ကြီးနဲ့သိပ်မဝေးတဲ့နေရာမှာဖြစ်ခဲ့တာမို့  ပြည်နယ်တွေ ၊ တောင်တန်းဒေသတွေ ဝေးလံခေါင်းဖျားဒေသတွေမှာဆို ဒိထက်ဆိုးမယ်လို့ ထင်ပါတယ် ။ရန်ကုန်တိုင်းဒေသကြီး ၊ကော့မှူးမြို့နယ် ၊ ကျိုက်ထော်ကျေးရွာမှာဖြစ်ပွားခဲ့တာပါ ။ အဲဒိရွာဟာ တစ်ရွာတည်းပေမယ့် ရွာအလယ်မှာပေ ၅၀ လောက်ကျယ်တဲ့ ချောင်းလေးတစ်ခုခြားပြီး နေတဲ့အတွက် တောင်ရွာနဲ့ မြောက်ရွာရယ်လို့ နှစ်ရွာကွဲနေပါတယ် ။ မြောက်ရွာမှာအိမ်ခြေ ၉၆၀ခန့်  လူဦးရေ ၄၂၀၀ ကျော် ၊ တောင်ရွာကတော့ အိမ်ခြေ ၅၈၀ ခန့် နဲ့ လူဦးရေ ၂၄၆၀ လောက်ရှိတယ်လို့ ဆိုပါတယ် ။ အုပ်ချုပ်ရေးကအစသီးခြားစီဖြစ်ပေမယ့်  သုသာန်ကတော့ တခုတည်းပဲရှိပါတယ် ။ ရွာနဲ့ ၅ ဖာလုံလောက်ဝေးတဲ့ တိုးမြစ်ကမ်း နဘေးမှာ သုသာန်ရှိပါတယ် ။ မြောက်ရွာမှာနာရေးဖြစ်ရင်တောင်ရွာ ကိုဖြတ်သန်းသွားမှ သုသန်ကိုရောက်ပါတယ် ။ အရင်ကတော့ နာရေးဖြစ်ရင် မြောက်ရွာ ကအလောင်းကို ရေကြောင်းကပဲသယ်ပြီး သုသာန်ကိုပို့ ကြပါတယ် ။ အခုတော့ နှစ်ရွာကြားက ချောင်းကလေးမှာ တံတားဆောက်ပြီးသွားလို့ လမ်းကောင်းသွားပြီးကားတောင်မောင်းလို့ရသွားတာကြောင့် နှစ်ရွာဟာ တဆက်တည်းဖြစ်သွားပါပြီ ။ အဲဒိအချိန်မှာ ၁၉.၁၀.၂၀၁၆ ( တိုက်တိုက်ဆိုင်ဆိုင် အဲဒိနေ့ ဟာ တွံတေးဝကျေးရွာမှာ ပယောဂဆရာလက်ချက်နဲ့ ကလေးတွေသေတဲ့နေ့ပါ ) ကျိုက်ထော် (မြောက်ရွာ )မှာ ဒေါ်ကျင်စိန် (၇၇)နှစ်ဟာ လူကြီးရောဂါနဲ့ကွယ်လွန်ပါတယ် ။အိမ်မှာသုံးရက်ထားအပြီး ၂၁ ရက်နေ့ မှာနာရေးချပါတယ်။မြောက်ရွာဟာ လမ်းတွေကောင်းသွားတဲ့အပြင် ရွာမှာလဲ ရွှေကျိုက်ထော်နာရေးကူညီမှုအသင်းလဲရှိနေပြီမို့ တံတားဖြတ်ပြီး နိဗ္ဖာန်ယာဉ်နဲ့ အသုဘပို့ ချင်ပါတယ် ။ ဒါမေယ့် တောင်ရွာက နာရေးကားအဖြတ်မခံလို့  အငှားကားနဲ့  သယ်ဆောင်လာကြရာမှာ ရွာနှစ်ရွာကြားတံတားပေါ်အရောက် တောင်ရွာကလူထုက သူတို့ ရွာထဲအ၀င်မခံပဲတားကြပါတယ် ။ တံတားတဖက်က တောင်ရွာနယ်မိမိတ်ထဲဝင်လာကာစမှာပဲ လူအုပ်နဲ့တားမြစ်တာကြောင့် အခေါင်းကိုကားပေါ်ကအချ တောင်ရွာကလူထုကတားမြစ် ၊ တောင်ရွာနဲ့မြောက်ရွာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လမ်းပေါ်ကိုအခေါင်းလွတ်ကျသွားပါတယ် ။ တောင်ရွာကလူတွေက အသုဘအလောင်းကိုရွာဖြတ်မသယ်ကောင်းဘူး ဆိုတဲ့အယူအဆရှိသလို ၊ မြောက်ရွာကလည်း အလောင်းကျတဲ့နေရာကမရွှေ့ကောင်းဘူးဆိုတဲ့အယူအဆရှိတာကြောင့် ၂၁ ရက်နေ့  တစ်နေ့လုံး ဒေါ်ကျင်စိန်အခေါင်းကြီးဟာ လမ်းပေါ်မှာ ပဲကန့်လန့်ဖြတ်ကြီးယူမယ့်သူမရှိလို့ မိုးတွေရွာတာကြောင့်ထီးကြီးတလက်မိုးထားရပါတယ် ။

သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းတွေက ညှိနှိုင်းပေးပေမယ့်မပြေလည်ခဲ့ပါဘူး ။ ၂၂ ရက်နေ့မှာတော့နယ်လုံဝန်ကြီးညှိနှိုင်းပေးချက်အရ ဒေါ်ကျင်စိန်ရုပ်အလောင်းကို မြောက်ရွာဧရိယာထဲနောက်ကြောင်းပြန်သယ်လာပြီး ရေကြောင်းကပို့ ဆောင်ပေးလိုက်ပါတယ် ။ အလောင်းကိုရေကြောင်းကပို့ ဆောင်ပြီး အသုဘပို့ ပရိတ်သတ်က တောင်ရွာကိုကုန်းကြောင်းကဖြတ်သွားဖို့ လုပ်ကြတော့ မလိုလားအပ်တဲ့ ပြသနာတွေထပ်ဖြစ်မှာစိုးလို့ တာဝန်ရှိသူတွေက လူအုပ်ကို မလိုက်ခဲ့ဖို့ ပြောတာကြောင့် အသုဘဟာ မိသားစုနဲ့ပဲ တိတ်တိတ်ဆိတ်ဆိတ်သဂြိုဟ်လိုက်ရပါတယ် ။ နယ် /လုံဝန်ကြီးအမိန့် အရ နိုဝင်ဘာ ၁ ရက်နေ့အထိ သေဆုံးသူတွေကို မြောက်ရွာကရေကြောင်းကနေပို့ ဆောင်ရမှာဖြစ်ပြီး အဲဒိကာလနောက်ပိုင်းမှာတော့ နာရေးဖြစ်ရင် တောင်ရွာကိုဖြတ်သန်းပြီးပို့ ဆောင်ခွင့်ပြုရမယ်လို့ ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ် ။

               ဒီကိစ္စကိုကြည့်ရင် မြန်မာလူမျိုးတွေမှာအရိုးစွဲနေတဲ့ (ဘုရားဟောမဟုတ်တဲ့ ) အယူဝါဒတွေကိုတွေ့ရမှာဖြစ်ပါတယ် ။ အသုဘဖြစ်ရင် ရွာထဲကိုမသွင်းကောင်း ၊ ရွာထဲမဖြတ်သန်းကောင်း ၊ နောက်ပြန်မပို့ ကောင်း ၊အဆန်မသယ်ကောင်း ၊ အလောင်းကျတဲ့နေရာကနေမရွှေ့ ကောင်း ၊လမ်းထဲရွာထဲ ရပ်ကွက်ထဲ အိမ်ရှေ့မှာ နာရေးယာဉ်မရပ်ကောင်း ၊ ရွာနာတယ် ၊ ရပ်ကွက်နာတယ်ဆိုတဲ့အယူအဆတွေဟာ အခုအချိန်အထိအချို့နေရာတွေမှာ အရိုးစွဲ နေကြဆဲ ၊အယူသီးကြဆဲဖြစ်ပါတယ် ။ အရင်တုန်းကလို ကိုယ့်တရွာထဲအများနဲ့ကင်းပြီးတောထဲမှာရွာတည်ထားရင်တော့ ဒီဓလေ့တွေဟာ ကျင့်သုံးရ လိုက်နာရ လွယ်ကူပါတယ် ။ဒါပေမယ့် ၂၁ ရာစုမှာ ကမ္ဘာကြီးဟာရွာကြီးတစ်ရွာဖြစ်သွားပြီ ၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကိုရောက်ပြီ ၊ မြို့ ပြဟာ ကျယ်ပြန့်လာပြီဆိုတဲ့အချိန်မှာ ဘုရားဟောမထားတဲ့ ဓလေ့ထုံးစံအချို့ ကို ပြင်ဖို့ လိုပါပြီ ။ ရန်ကုန်မှာ တမြို့လုံးက အလောင်းတွေကို မြောက်ဥက္ကလာ ကိုဖြတ်ပြီး ရေဝေးသုသာန်ကိုသယ်လာနေကြတာပါ ။အသုဘကားတွေဟာ မြောက်ဥက္ကလာ (-) ရပ်ကွက်ကနေဖြတ်ပြီး ရေဝေးသုသာန်ကိုလာကြရတာပါ ။ မြောက်ဥက္ကလာမြို့သူမြို့ သားတွေဟာ ဘာမှမပြောသလို ကိုယ့်အိမ်ရှေ့ကဖြတ်ပြီး နာရေးကားတွေ သွားနေတာကို (- )ရပ်ကွက်သူရပ်ကွက်သားတွေကလဲဘာမှမကန့်ကွက်ကြပါ ။ဘာ့ကြောင့်လဲဆိုတော့ သဘောထားကြီးကြီးထားနိုင်လို့  ၊အမြင်ကျယ်လာကြလို့ ဖြစ်ပါတယ် ။ တကယ်တော့ လူသေတာအဆန်းမဟုတ်ပါဘူး ။ လူတွေအားလုံးသေမျိုးတွေချည်းပါပဲ ။လူသေရင် အလောင်းကို သင်္ချိုင်းကိုပို့ ကြရတာချည်းပါပဲ ။ သက်မဲ့အလောင်းတလောင်းဖြတ်သန်းသွားလို့ လဲတကယ်တော့ ရပ်ရွာမှာ ဘာမှ အထူးတလည်ဘေးဒုက္ခကျစရာမရှိပါဘူး ။

ကမ္ဘာပေါ်မှာနေ့စဉ် လေယာဉ်တွေနဲ့အလောင်းတွေသယ်နေကြတာပါ ။ မြန်မာနိုင်ငံကိုဖြတ်ပြီး မြောက်များစွာသောလေယာဉ်တွေဟာ အလောင်းတွေကိုသယ်ဆောင်လို့ ဖြတ်ကျော်ပျံသန်းနေကြတာပါ ။ ဆေးရုံတွေကနေ ၊  အနယ်နယ်အရပ်ရပ်ကို မော်တော်ကားတွေနဲ့ ကွယ်လွန်သူကိုသယ်ဆောင်ပြီး မောင်းနှင်နေကြတာပါပဲ ။အလောင်းကျရာနေရာကနေ မရွေ့ ရဘူးဆိုတာလည်းအဓိပါယ်မရှိပါဘူး ။စစ်မြေပြင်မှာကျဆုံးလေသမျှ စစ်သည်တွေကို ဘယ်တပ်မတော်ကပဲဖြစ်ဖြစ် သေတဲ့နေရာမှာ ပဲထားခဲ့ရိုးမရှိပါ ။ မရရအောင်အလောင်းကိုနောက်တန်းမိသားစုရှိရာပြန်သယ်ကြပါတယ် ။အာဖဂန်နစ္စတန်မှာသေတဲ့အမေ၇ိကန်စစ်သားတွေကိုလည်း မိခင်အမေရိကန်ပြည်ထောင်စုကိုပြန်သယ်ကြပါတယ် ။ ပြင်သစ်ကလည်း ပြင်သစ်ကိုပြန်သယ်ကြတာပါ ။ ဒါ့ကြောင့်ဒီအဖြစ်အပျက်မှာ တောင်ရွာရော ၊မြောက်ရွာကလူတွေရော မြန်မာတပြည်လုံးကလူတွေ အမြင်ကျယ်သင့်ပြီလို့ထင်ပါတယ် ။ ခုနကပြောခဲ့သလို ကမ္ဘာပေါ်မှာအချို့နိုင်ငံတွေက ဆက်သွယ်ရေးဂြိုဟ်တုတွေလွှတ် ၊ နျူကလီးယားနည်းပညာတွေ တီထွင် ၊ ကမ္ဘာပျက်ရင်အခြေချဖို့ အခြားဂြိုဟ်တွေ စကြာဝဋ္ဌာထဲမှာရှာနေတဲ့အချိန်မှာ ကျွန်တော်တို့တွေက တောင်ရွာမြောက်ရွာရန်ဖြစ်တုန်း ၊ စလောင်းဖုံးနှစ်ချပ်တီးရင်ကျားကိုက်မယ်လုပ်တုန်း ၊အသုဘကိုရွာထဲဖြတ်မသွားရလုပ်တုန်း ၊ ပယောဂဆရာလက်ကို ကိုယ့်သားသမီးအသက်အပ်တုန်းလုပ်နေတာတွေဟာ သိပ်ရှက်ဖို့ ကောင်းပါတယ် ။ ဒါတွေဟာ အသိပညာဗဟုသုတ နည်းပါးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေပါ ။ဒီလိုတွေမဖြစ်ဖို့ နိုင်ငံသားအားလုံးမှာတာဝန်ရှိပါတယ်။  သာသနာပြု ဓမ္မကထိကဆရာတော်များဟာ လဲ ကျေးလက်တောရွာများက မြန်မာလူမျိုးတွေအသိအမြင်ပွင့်လင်းလာဖို့  တောနယ်ဘက်တွေမှာ အယူမသီးကြဖို့ တရားတွေ များများဟောကြားပေးစေချင်ပါတယ် ။
   ဒီမိုကရေစီစနစ်ဟာ ကမ္ဘာမှာအခုအချိန်အထိ အကောင်းဆုံးစနစ်တခုပါ ။ ဒါပေမယ့် ဒီစနစ်အောင်မြင်ဖို့ ခက်ပါတယ် ။ ဒီမိုကရေစီစနစ်ဟာ အာဏာရှင်စနစ်လို အုပ်ချုပ်သူတွေ တာဝန်ချည်းပဲလို့ အရာရာလွှဲချထားလို့ မရပါဘူး ။ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုကအရေးကြီးပါတယ် ။ပြည်သူလူရဲ့ တယောက်ချင်းအရည်အသွေးကအဓိကကျပါတယ် ။ပြည်သူလူထုရဲ့တာဝန်ယူတတ်မှု ကအရေးကြီးပါတယ် ။ အရာရာကို ခေါင်းဆောင်တယောက်ထဲ လွှဲချလို့ မရပါဘူး ။ကိုယ်တိုင်လဲပါဝင်ဆောင်ရွက်ရပါမယ် ။ဒီမိုကရေစီလိုချင်တယ်ပြောပြီး အမှိုက်တွေကို တွေ့ကရာနေရာမှာလုံးထွေးပြီးလွှင့်မပစ်ကြဖို့ လိုပါတယ် ။ ဒီမိုကရေစီလိုချင်တယ်ပြောပြီး ကွမ်းတံတွေးတွေ တွေ့ ကရာနေရာမှာမထွေးဖို့ လိုပါတယ် ။ဒီမိုကရေစီလိုချင်တယ်ပြောပြီး အများအတွက်မစဉ်းစားပဲ တကိုယ်ကောင်းမဆန်ကြဖို့ လိုပါတယ် ။ တန်းစီတတ်တဲ့အလေ့အထ ၊ သူတပါးကိုငဲ့ညှာတဲ့အပြုအမူ ၊ နိုင်ငံသားတယောက်ချင်း အရည်အသွေးတိုးတက်အောင် အမြဲမပြတ်လေ့လာဆည်းပူးနေချင်တဲ့စိတ်ဓာတ် ၊တာဝန်ယူမှုတာဝန်ခံမှု ၊မတရားအခွင့်အရေးယူရမှာရှက်တဲ့အကျင့်တွေ အားလုံးမှာရှိနေမှ ဒီမိုကရေစီဝါဒ ခိုင်မြဲမှာပါ ။

 မြန်မာနိုင်ငံဟာ ၁၉၅၈ မှာဒီမိုကရေစီ ခေတ္တသေဆုံးသွားတယ် ။ အာဏာရှင်စနစ် ၂ နှစ်လောက်ခေါင်းထောင်ထလာတယ် ။ နောက်တော့ အားလုံးဝိုင်းဝန်းကြိုးစားလို့ ၁၉၆၀ မှာ ဒီမိုကရေစီ ပြန်ပြီးအသက်ဝင်လာတယ် ။ ဒါပေမယ့် ၁၉၆၂ မှာ ဒီမိုကရေစီသေဆုံးရပြန်တယ် ။အခုအချိန်အထိပါပဲ။ အခုတော့ ဒီမိုကရေစီဟာ တစ်ပိုင်းတစ်စထွက်ပေါ်လာပါပြီ ။ ရေရှည်မှာ ဒိထက်မက ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့  ၊အာဏာရှင်စနစ်အပြီးတိုင်ကျဆုံးသွားပြီး နိုင်ငံကောင်းစားဖို့  နိုင်ငံသားတစ်ယောက်ချင်းရဲ့အကူအညီလိုတယ် ။ နိုင်ငံသားတွေဟာ ပညာဥာဏ်ရည်မြင့်နေဖို့ လိုတယ် ။ နိုင်ငံသားတွေဟာ ဆင်းရဲတွင်းကလွတ်ဖို့လိုတယ် ။ နိုင်ငံသားတွေ စာတတ်ကြဖို့  ၊စာဖတ်ကြဖို့လိုတယ် ။ရှေးရိုးစွဲအယူအဆတွေ ဖျောက်ဖို့ လိုတယ် ။ဝါးလုံးခေါင်းထဲလသာမနေဖို့လိုတယ် ။

   ကိုယ့်သားသမီးလူမမယ်အရွယ်လေးကို ပယောဂဆရာလက်ထဲအပ်ပြီးသေအောင်လုပ်တာထိုင်ကြည့်ကြတဲ့စိတ်ဓာတ်မျိုး ၊လူသေလို့ဝမ်းနည်းကြေကွဲနေတဲ့မိသားစုကို ကိုယ်ချင်းစာတရားမထားနိုင်ပဲ မိမိရပ်ရွာထဲကဖြတ်မသွားဖို့မောင်းထုတ်တဲ့စိတ်ဓာတ်မျိုး ၊ ကိုယ့်စက်လှေမှာ လူများများပါဖို့ ပိုက်ဆံများများပါဖို့ကလွဲပြီး ခရီးသည်တွေအသက်ကို လုံးဝထည်းမတွက်တဲ့စိတ်ဓာတ်မျိုး ၊ရာထူးတစ်ခုကို တာဝန်လို့ သဘောမထားပဲ လုပ်ပိုင်ခွင့်လို့ ယူဆပြီး မတရားမှုကိုမတားဆီးပဲ မိမိကိုယ်ကျိုးပဲကြည့်တဲ့တာဝန်ရှိသူအချို့ရဲ့လုပ်ရပ်မျိုး ၊ ဒီမိုကရေစီဆိုတာ ငါနဲ့ငါ့မိသားစုချမ်းသာရေးလို့ နားလည်တဲ့ အောက်တန်းစားစိတ်ဓာတ်မျိုး၊ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့ စီးပွားရေးဝိသမလောဘသားစိတ်မျိုး တွေဟာ ဒီမိုကရေစီကိုခြိမ်းခြောက်နေတဲ့ အညံ့စားစိတ်ဓာတ်တွေပဲ ။တိုင်းပြည်တပြည်မှာအဲဒိလိုအညံ့ စားစိတ်ဓာတ်ပိုင်ရှင်တွေများနေမယ်ဆိုရင် ဘယ်တော့မှအထက်တန်းကိုမရောက်နိုင်ဘူး ။ အာဆီယံမှာ ဘိတ် ၊ ကမ္ဘာမှာ ဓားမနောက်ပိတ်ခွေးဘ၀မှာပဲ ကျင်လည်နေရလိမ့်မယ် ။ ဒါတွေအားလုံးကို အစိုးရကလည်း အချိန်မဆိုင်းပဲကိုင်တွယ်ဖြေရှင်းရမယ် ။လူတွေကလည်း ပြောင်းလဲကြရတော့မယ် ။

ကျွန်တော်တို့ ညံ့ရင် ရထားတဲ့ဒီမိုကရေစီလေးတောင်ပြန်ဆုံးရှုံးသွားနိုင်တယ် ။ ဒီမိုကရေစီနဲ့မတန်တဲ့ အညံ့ စားစိတ်ဓာတ်တွေကို ဒီနေ့ ကစပြီး ဖယ်ရှားကြရမှာဖြစ်တယ် ။ ခေတ်ဟောင်းကအတွေးအခေါ်အယူအဆတွေကိုဖယ်ရှားပြီး ၂၁ ရာစုနဲ့ကိုက်ညီတဲ့အတွေးအခေါ်အလုပ်အကိုင်တွေနဲ့ မြန်မာကို ကမ္ဘာကသိအောင်လုပ်ကြရတော့မှာဖြစ်ပါတယ် ။ ဒီမိုကရေစီနိုင်ငံဆိုတာနိုင်ငံသားတဦးချင်းရဲ့အရည်အသွေးပေါ်မှာအခြေခံပြီး တည်ဆောက်ရတာဖြစ်လို့ နိုင်ငံသားတယောက်ချင်းအရည်အသွေးမြင့်ရင် ဒီမိုကရေစီမြန်မြန်ရမယ် ။တဦးချင်းအရည်အသွေးနိမ့်ကျရင်ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ ကြန့် ကြာမှာဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၂၈.၁၀.၂၀၁၆

0 comments:

Post a Comment

Facebook Like Page