ဆားပုလင်းနှင်းမောင်နှင့် ဂျူးမျက်လှည့်ဆရာသတ်မှု(မင်းသိင်္ခ)
###########################################
ကျွန်ုပ်သည် မျက်နှာဖြူအစိုးရ လက်ထက်တွင် အမှု့လိုက်ရာတွင် အလွန်အမင်း ကျွမ်းကျင်လှသော ဆားပုလင်းနှင်းမောင်နှင့် တွဲဖက်ကာ အမှုပေါင်းများစွာ လိုက်ခဲ့ဖူးပါသည်။
ထိုမြောက်မြားစွာသော အမှု့များအနက်မှ သူနှင့်ကျွန်ုပ် ပထမဆုံး တွဲဖက်၍ လိုက်ခဲ့ရသော ဂျူးမျက်လှည့် ဆရာသတ်မှု့ကို စာဖတ်သူတို့ အနေနှင့် ကျွန်ုပ်၏ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင်၏ အရည်အသွေးကို စားမြည်းကြည့်နိုင် ရုံမျှ ရေးသားတင်ပြလိုက်ရပါသည်။
ပုလစ်ကို ပုလိပ်၊ ဆာဂျင်ကို ဆာသင်ကြီး ၊ ဆက်မွန်ကို သမ္ဗာန်စာဟူ၍ အင်္ဂလိပ်ဝေါဟာရအား သျှောင်ပေစူးထုံးပေးပြီး မြန်မာရုပ်ဖန်တီး၍ မွေးစားတတ်သော ကျွန်ုပ်တို့၏ မြန်မာလူမျိုးများ ပါးစပ်တွင် ဆားပုလင်းဟု မွေးစားတတ်သဖြင့် ကျွန်ုပ်၏ မိတ်ဆွေကြီး လူဆိုးထိန်း စုံထောက်ကျော်ဖြစ်သော ကိုနှင်းမောင်ခမျာမှာ ထိုခေတ် ပုလိပ်အဖွဲ့နှင့် ထိုခေတ် လူဆိုးလောကတွင် ဆားပုလင်းနှင်းမောင်ဟု ကျော်ကြား ခဲ့ရပါသတော့သည်။
စတင်တွေ့ဆုံခြင်း
ရေနံတွင်းများကြောင့် မျက်နှာဖြူတို့ အရောက်အပေါက် အနေအထိုင်များလှသော ချောက်မြို့ဂါတ်တဲသို့ ကျွန်ုပ်အား ပြောင်းရွေ့ အမှု့ထမ်းစေခဲ့၏။ထိုသို့ ပြောင်းရွှေ့ရသည့်အကြောင်းတွင် ချောက်မြို့ ပါတ်ဝန်းကျင်ရှိ စလေ ဆိတ်ဖြူ ဂွေးချိုစသော ဒေသများ၌ ရာဇ၀တ်မှု့များ တစ်လထက်တစ်လ ပိုမိုဖြစ်ပွားလျှက် ရှိသောကြောင့် ပုလိပ်ဘက်တွင် နာမည်ကောင်း လက်မှတ်များကို မကြာခဏ ဆိုသလို ချီးမြှင့်ခြင်း ခံရသော ကျွန်ုပ်အား အိုင်ပီခေါ် ပုလိပ်အရာရှီ အမြောက်အမြားထဲမှ ခေါင်းခေါက်၍ ရွေးချယ်ပို့လွှတ်လိုက်ခြင်း ဖြစ်သည်ဟု ကျွန်ုပ်နားလည်ခဲ့ပါသည်။
အကယ်၍ ကျွန်ုပ် ရောက်ရှိသွားသည့်တိုင်အောင် ရာဇ၀တ်မှုများမှာ အထက်က မျှော်လင့်သကဲ့သို့ မကျဆင်းပါလျှင် ကျွန်ုပ်၏ ဧည့်ခန်းတွင် မှန်ဘောင်သွင်း၍ ချိတ်ဆွဲထားသော ထိုနာမည်ကောင်း လက်မှတ်များကို ကျွန်ုပ်ကိုယ်တိုင် ဖြုတ်ချ၍ လွှင့်ပစ်ရန်မှတစ်ပါး အခြားလုပ်စရာ မရှိတော့ပေ။
“ ဒါ မောင်ရထားတဲ့ ဂုဏ်ထူးဆောင် လက်မှတ်တွေပေါ့ ”
“ ၀န်မင်းကဆိုရင် မောင့်ကို သိပ်အားကိုးရှာတာ ”
ဟု သာလိကာမလေး စကားသင်ထားသည့်အလား လူလာတိုင်းပင် ကြွားလုံးထုပ်တတ်သော ကျွန်ုပ်၏ဇနီး မင်းကတော် ဒေါ်ခင်ခင်ကြီးလည်း တစ်ခါတည်း အားစေးထည့်ပြီးသား ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်ပင် ချောက်မြို့ ဂါတ်တဲသို့ ရောက်လျှင်ရောက်ချင်း ရာဇ၀တ်မှု ကျဆင်းရေးအတွက် ကျွန်ုပ်သည် အစွန်းကုန် ဆောင်ရွက်ရပါတော့သည်။အိတ်(ချ)အက်စ်ခေါ် ရာဇ၀င်လူဆိုးများအား မျက်ခြည်မပြတ် စောင့်ကြည့်စေခဲ့ခြင်း ၊ ပတ္တရောင်ခေါ် လှည့်ကင်းများ တိုးချဲ့ခြင်း ၊ ဓားပြမှု့ ဖြစ်ပွားနိုင်သော အိမ်များသို့ သတိပေး စကားပြောခြင်း ၊ အစောင့်ချပေးခြင်းစသည့် ရာဇ၀တ်မှု နောက်မြီးဆွဲ လုပ်ငန်းများကို မိုက်မဲစွာ ပြုလုပ်ခဲ့၏။
ထိုသို့ ဆောင်ရွက်နေသည့် ကြားကပင် ဓားပြမှု ၊ခိုးမှု၊ လုယက်မှု ၊ စသည်များ တစ်နေ့တခြား တိုးပွားလာခဲ့၏။ အဆိုးဆုံးမှာ ကျွန်ုပ်၏ ဂါတ်တဲနှင့် များစွာ မဝေးလွန်းလှသော တမာအိုင်ဆိုသည့် ရပ်ကွက်တွင် လူသတ်မှု ပူပူနွေးနွေးတစ်ခု ဖြစ်ပွားခဲ့၏။
ထိုအမှုနှင့်ပါတ်သက်၍ ဘီအိုစီမျက်နှာဖြူ အရာရှိတစ်ဦးက မြန်မာအမျိုးသား ရဲဝန်ထံသို့ ချောက်မြို့ ပတ်ဝန်းကျင်၌ ရာဇ၀တ်မှုများ ဖြစ်ပွားနေကြောင်း ယခုတစ်ဖန် မြို့လယ်ကောင်၌ လူသတ်မှု ဖြစ်ပွားပြန်ပြီဟု သိရကြောင်း ၎င်းဖြစ်ရပ်များကြောင့် ဘီအိုစီ မျက်နှာဖြူ အရာရှိများအတွက် လုံခြုံရေးကို ရှေးကထက် ပိုမိုဂရုစိုက်ကြောင်း စသည်ဖြင့် တယ်လီဖုန်းနှင့် အမိန့်တော် မှတ်လိုက်ရာ ကျွန်ုပ်၏ ဦးခေါင်းအား စာပို့ရထားကြီး အတိုက်ခံရသည်ထက်ပင် ကျိန်းရပါတော့သည်။
တစ်နာရီအတွင်း အထက်မှ တယ်လီဖုန်းဖြင့် ရှစ်ခါတိတိ ထုချေလွှာ တောင်းနေ၏။ မိန်းမဖျင်းလျှင် ကွိတ်၊ ယောကျားဖျင်းလျှင် ပုလိပ်ဟူသော ထိုခေတ်စကားပုံကို ယခုပင် ကြားနေမိပါသည်။ ရှက်လည်း အလွန်ရှက်၍ စိတ်လည်း အလွန် ညစ်မိ၏။
အညာသား ကိုလူကြွား
ကျွန်ုပ်သည် စိတ်ညစ်၍ အလုပ်အကြောင်း ဘာမျှ မစဉ်းစားတော့ဘဲ “ အကျောက်ဟိုတယ် ” သို့ သွားရောက်ကာ ပျားအုံတံဆိပ် ဘရန်ဒီနှင့် စိတ်ညစ်မှုအပေါင်းကို ဆေးကြော၍ ထွက်ပေါက်ရှာရတော့၏။ အကျောက်ဟိုတယ်နှင့် ပတ်သက်၍ အနည်းငယ် ရှင်းပြရပေမည်။ အကျောက်ဟူသော တရုပ်သူဋ္ဌေး တစ်ဦးနှင့် မလှဆိုသည့် ဆိတ်ဖြူသူ မြန်မာအမျိုးသမီး မိန်မချော တစ်ခုလပ်မလေးနှင့် အကြောင်းဆက် ပေါင်းဖက်ကာ ချောက်မြို့ ဈေးအနီးတွင် ဖွင့်လှစ်သော ဟိုတယ်ကြီး ဖြစ်၏။ (၎င်းအကျောက်၏ ဇနီးမလှမှာ ယခုတိုင် ရှိသေး၏။ ယခင်ဟိုတယ်နှင့် မျက်နှာချင်းဆိုင် နေရာ၌ ဒေါ်လှ ထမင်းနှင့် ခေါက်ဆွဲဆိုင်ဟု ဖွင့်လှစ်ထားကြောင်း သိရ၏။ )
ချောက်မြို့တွင် မျက်နှာဖြူအတွက် ကလပ်တစ်ခု ၊ စာရေးများအတွက် ကလပ်တစ်ခုနှင့် အရပ်သားအပြင် လူများအတွက် အကျောက်ဟိုတယ်တစ်ခု စုစုပေါင်း သေရည်ဘုံနန်း သုံးခုရှိခဲ့၏။ လူဆိုးလူမိုက်များ ငွေစ-ပေါလျှင် စားရေးကလပ်နှင့် မျက်နှာဖြူ ကလပ်များသို့ သွားခွင့်မရှိရကား အကျောက် မလှတို့ထံသာလျှင် ဦးတိုက် ရောက်ရှိလာတတ်သည်။
“ ဂွဒ် အီးဗနင်း မစ္စတာ အောင်သင်း ”
တမာချဉ်နှင့် ပုန်းရည်ကြီးနံ့များ များစွာမကင်းသည့် အသံထွက်ဖြင့် ကျွန်ုပ်အမည်ကို ထည့်ခေါ်ကာ နှုတ်ဆက်လာသူအား ဖျက်ခနဲ မော့ကြည့်လိုက်ပြီးနောက် ဖြဲပြထားသော ထိုသု၏ သွားများကို အားနာ လှသဖြင့်သာ အောင်သက်သက်နှင့်.....
“ မိတ်ဆွေ ထိုင်ပါ၊ ကောင်းသော ညနေခင်းပါပဲ ”
ပဋိသန္ဓာရ စကားကို ကျွန်ုပ်လည်း အင်္ဂလိပ်ဘာသာဖြင့် ရေရွတ်လိုက်ရ၏။ ထိုလူကလည်း ကျွန်ုပ်၏ ဖိတ်ခေါ်ချက်ကိုပင် မစောင့်နိုင်ဘဲ ကျွန်ုပ်၏ စားပွဲမှာပင် ၀င်ထိုင်ပြီးနောက် စားပွဲထိုးအား အရက်နှင့် စားသောက်ဖွယ်ရာများကို မှာကြားပါတော့သည်။ ထိုသူ အရက်မှာပုံ ကြည့်ရုံနှင့်ပင် ဟိုတယ်သို့ ညနေတိုင်း မဟုတ်သည့်တိုင်အောင် မကြာခဏ လာလေ့ရှိသူ တစ်ဦးဟု ခန့်မှန်းနိုင်ပါသည်။ သူသည် ရောက်လာသော အရက်နှင့် အမြည်းများကို အားရပါးရ စားသောက်ရင်း အင်္ဂလိပ်စကားကို ခြေတစ်ပေါင်ကျိုး ပြောဆိုပါတော့သည်။ဝါကျတစ်ခုလျှင် အိုင်ဆေးပေါင်း အလုံးနှစ်ဆယ်ထက်မနည်း ပါလေ့ရှိပြီး နားကလောဖွယ်ရာ ကောင်းလောက်အောင် အ, ထစ် အ, ထစ်နှင့် ပြောဆိုနေတော့၏။
မိမိလည်း မသိ၊ များစွာလည်း မယဉ်ကျေး ၊ မိမိ မကျွမ်းကျင်သော ဘာသာစကားကိုလည်း ကျွမ်းကျင်သယောင်ပြု၍ ပြောနေသော ထိုအညာသား ကိုလူကြွား၏ စကားကို ကျွန်ုပ်အနေနှင့် သည်းခံ၍ နားထောင်နေရသည့် အကြောင်းကိုစာဖတ်သူတို့ ရိပ်စားမိပေလိမ့်မည်။
ထိုသူပြောသော ထော့နင်းထော့နင်း အင်္ဂလိပ်စကားကို မှတ်မိသလောက် ချောမောအောင် ပြန်ဆိုရေးပြရမည်ဆိုလျှင်.... “ အိုင်ဆေး ဆားပုလင်းနှင်းမောင်ကို ခင်ဗျား ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်သုံးရမယ် ၊ ဘုရားသခင်တောင်မှ အိုင်ဆေးကို အခုနေမှာ မကယ်နိုင်တော့ဘူး၊ ခွေးမသား ဘီအိုစီမျက်နှာဖြူတွေကလည်း အိုင်ဆေးကို မဆီမဆိုင် ချောက်တွန်းနေကြပြီ မဟုတ်လား”
“ နေစမ်းပါဦး မိတ်ဆွေရ ၊ ခင်ဗျားပြောတဲ့ ဆားပုလင်းနှင်းမောင်ဆိုတာ ဘယ်ကလဲ”
“ အိုင်ဆေး သူ့ကို မသိဘူးလား၊ အိုင်ဆေးတို့ ဂါတ်ကပဲ ”
“ ကျုပ်ရောက်တာ မကြာသေးဘူး ၊ လူအကုန် ဘယ်သိပါ့မလဲ ၊ ကျုပ်သိတာက အခု ဆားပုလင်း စိန်လှပဲရှိတယ်။ ”
“အိုင်ဆေး အသုံးမကျတဲ့ စိန်လှကို ထည့်မပြောစမ်းပါနဲ့ ၊ နှင်းမောင်ကမှ တကယ့်လူတော် ၊ မျက်နှာဖြူတစ်ယောက်ရဲ့ မိန်းမ ၊ ထမင်းချက်နဲ့ လင်ငယ်နေပြီး ထမင်းချက်ကို နောက်ဆုံးနှုတ်ပိတ်လိုက်တဲ့ အမှုမှာ နှင်းမောင်က မျက်နှာဖြူတွေ ခြိမ်းခြောက်နေတဲ့ကြားက အမှုကို ဖွင့်ချလိုက်လို့ သူ့ကိုမျက်မာန်တော် ရှနေကြတာဗျ ”
(မှတ်ချက် ။ ။ ၎င်းအမှုမှာ ရဲမှတ်တမ်းများတွင် မမျှော်လင့်သော တရားခံအဖြစ် ပြထားရပါသည်။ ၎င်းမျက်နှာဖြူ အမျိုးသမီး အပြစ်ကျခံခဲ့ရ၏)
“ သြော်.....ကျုပ်သိပြီ ၊ ခင်ဗျားပြောတာ ခွင့်ယူထားတဲ့ စာသင်ကြီး နှင်းမောင်ဆိုတာ မဟုတ်လား ”
“ အိုင်ဆေး ဟုတ်တယ် ၊ သူခွင့်ယူထားပေမယ့် ဘယ်မှသွားတာမဟုတ်ဘူး ၊ သူ့အိမ်မှာပဲ ရှိတယ်ခင်ဗျ ၊ သူ့ကို သုံးပါမှ မုချအကျိုးရှိမယ် ”
“ ဒီလိုဆို အခုခေါ်လိုင်းလိုက်မယ်လေ”
“ အိုင်ဆေး ခင်ဗျားခေါ်လို့ သူဘယ်လာပါ့မလဲ ”
ကျွန်ုပ်သည် စိတ်ထဲ၌ အောင့်သက်သက်ဖြစ်သွား၏။ ကျွန်ုပ်က အိုင်ပီ ၊ သူက စာသင်မျှဖြစ်သည်။ ရာထူးခြင်း မိုးနဲ့မြေလောက် မကွာခြားသည့်တိုင်အောင် ကျွန်ုပ်၏ ရာထူးသည် နှင်းမောင်၏ ရာထူးနှင့် ဆိုလျှင် မော့၍ကြည့်ရလောက်အောင်တော့ မြင့်မားပေသည်။
“ မိတ်ဆွေ ကျုပ်က သူ့အထက် အရာရှိပဲ ၊ ခေါ်ရင်လာရမှာပေါ့ ”
“ အိုင်ဆေး သူက ခွင့်ယူထားတယ် ဆိုတာလည်း ထည့်ပြီးစဉ်းစားပါဦး ၊ ပြီးတော့ အိုင်ဆေး နှင်းမောင်ကိုအထက်အရာရှိပဲဆိုတဲ့ နည်းနဲ့တော့ မဆက်ဆံစေချင်ဘူး ၊ ဒီလိုဆိုရင် သူ့အကူအညီကို အိုင်ဆေးရမှာ မဟုတ်တော့ဘူး၊ အိုင်ဆေး ခိုင်းတာကိုတော့ သူလုပ်ချင်လုပ်မယ်၊ သူ့မှာ တကယ်ရှိတဲ့ အရည်အချင်းကိုတော့ အိုင်ဆေးကိုပြမှာ မဟုတ်တော့ဘူး၊ ဒါကိုတော့တကယ်ယုံပါ၊ နှင်းမောင်ဟာ စုံထောက်လုပ်ဖို့ ဘုရားသခင်က ဒီကမ္ဘာကို လက်ဆောင်ပေးတဲ့ လူဆိုရင် မမှားဘူး အိုင်ဆေး”
အရက်ဝိုင်းအပြီး၌ ထိုအညာသား ကိုလူကြွားမှာ အရက်ဖိုးကျသင့်သည်များကို ရှင်းပါသည်။
(၎င်းအညာသား မိတ်ဆွေမှာ နောင်တွင် ကျွန်တော်နှင့် ငယ်ပေါင်းကဲ့သို့ ခင်မင်သောအဖြစ်သို့ ရောက်ခဲ့၏။ နယ်ချဲ့ဆန့်ကျင်ရေး ကာလတွင် မြင်းခြံ၌ ကျဆုံးသွားသော ဦးဘထွန်း ဖြစ်ပါသည်။)
ပြီးနောက် သူနှင့်ပင် သူအလွန်ညွှန်းသော ဆားပုလင်းနှင်းမောင်၏ အိမ်သို့ရောက်ခဲ့၏။ ဆားပုလင်းနှင်းမောင်သည် သူ့အိမ်အတွင်းမှ ကလေးများနှင့် ပုဏ္ဏားတိုင် ဝှက်တမ်းကစားနေသည်ကို စိတ်ဝင်စားစွာ ကြည့်နေရာမှ ဦးဘထွန်းအား မြင်လျှင် ပြုံး၍နှုတ်ဆက်ကာ ခရီးဦးကြိုပြုသော်လည်း ဦးဘထွန်းလောက် ကျွန်ုပ်ကိုမူ လှိုက်လှဲဖော်ရွေမှု မပြခဲ့ပါ။သို့ရာတွင် ဆားပုလင်းနှင်းမောင်ကို တွေ့လျှင်တွေ့ချင်း ဦးဘထွန်း ညွှန်းမည်ဆိုကလည်း ညွှန်းလောက်ပါပေသည်ဟု ကျွန်ုပ်စိတ်ထဲတွင် ဖြစ်ပေါ်မိတော့၏။
ယောက်ျားပီသသော အရပ်အမောင်း ၊ နက်မှောင်သောဆံပင်နှင့် လှပသည်ဟု မပြောနိုင်သော်လည်း သံမှုန့်ကလေးများကို ဆွဲ၍ကပ်နိုင်သော သံလိုက်ကျောက်ကဲ့သို့ ဆွဲငင်ဓာတ်ရှိသောသူ ဖြစ်ကြောင်းကိုမူ ဝန်ခံရပေမည်။
စေ့စပ်ပိရိလှသော နှုတ်ခမ်းများကလည်း ပြောသည့်အတိုင်းလုပ်၍ ပြောတတ်သူဖြစ်ကြောင်း သိသာလှ၏။
ဦးဘထွန်း၏ မိတ်ဆွေစေ့စပ်မှုကြောင့် ကျွန်ုပ်နှင့် ကိုနှင်းမောင်တို့ ရင်းနှီးခဲ့ရပါသည်။ ကျွန်ုပ်ကလည်း ဦးဘထွန်း ကြိုတင်ပြောပြထားသည့်အတိုင်း အထက်လူကြီးအဖြစ်နှင့် မဆက်ဆံဘဲ မိတ်ဆွေရင်းချာကဲ့သို့ ဆက်ဆံလိုက်သည်က တစ်ကြောင်း ၊ ဦးဘထွန်း၏ စကားထဲတွင် “ ဒီမှာ ကိုနှင်းမောင် ၊ ကျုပ်တို့ မြန်မာအိုင်ပီတစ်ယောက်ကို မျက်နှာဖြူတွေက လူညံ့လို့ထင်သွားရင် ခင်ဗျားမှာလည်း တာဝန်သိပ်မ ကင်းလှဘူးဗျာ ” ဟူသော ကိုနှင်းမောင်၏ နှလုံးသားကို တိုက်ရိုက်ထိမှန်နိုင်သော စကားကြောင့် လည်းတစ်ကြောင်း ၊ သူသည် နောက်တစ်နေ့၌ ခွင့်မှအလုပ်ပြန်ဝင်ကြောင်း ဂျူတီရပို့ခေါ် အစီရင်ခံစာ တစ်စောင် ဂါတ်သို့ တင်ခဲ့လေသည်။
ချောက်မြို့ တမာအိုင်ရပ်ရှိ အသတ်ခံရသော ဂျူးလူမျိုးမျက်လှည့်ဆရာ ဇီရွန်၏ အိမ်သို့ ကိုနှင်းမောင်နှင့် ကျွန်ုပ် ရောက်ကြတော့၏။ အလောင်းတော့မရှိတော့ပြီ ။ ကျွန်ုပ်တို့ နှစ်ယောက်အား ဂါတ်မှ ပုလိပ်ကလေး တစ်ယောက်က ခြံဝမှ ဆီးကြိုဆလံပေးရင်း.......
“ ဆရာနှင်းမောင် ”
ဟု ဝမ်းသာအားရ နှုတ်ဆက်သည်ကိုကြည့်၍ ကိုနှင်းမောင်သည် အထက်လူကြီးက ရွံ့သလောက် အောက်လက်ငယ်သားများက ချစ်ခင်လေးစားလှကြောင်းကို ကျွန်ုပ် ရိပ်စားမိခဲ့၏။
“ ဆရာ ၊ ဆရာဦးလှစိန်တို့ အခုပဲ လာကြည့်သွားကြပြီးပြီ၊ သက်သေခံ ပစ္စည်းတွေလည်း ယူသွားကြတယ် ”
“ ကိုနှင်းမောင် ၊ ဒီလိုဆိုရင် စိန်လှတို့ဆီ ပြန်လိုက်ကြရအောင် ၊ သူ့ဆီမှာ သဲလွန်စတွေတော်တော်ပါ သွားရော့မယ် ”
“ နေပါစေ အိုင်ပီ ၊ သဲလွန်စဆိုတာ တစ်ယောက်နဲ့ တစ်ယောက်တူကြတာမှ မဟုတ်ဘဲ၊ သူ့ဆီမှာ ထင်ရှားတဲ့ သဲလွန်စတွေ ပါသွားရင် ကျုပ်တို့က သူသတိလစ်ပြီး ကျန်ခဲ့တဲ့ မထင်ရှားတာတွေကိုရှာပြီး အမှုကို ထင်ရှားအောင် လုပ်ရတာဟာ စိတ်ဝင်စားစရာ ပိုပြီးကောင်းပါတယ်ဗျာ၊ ကလေးတွေ ပုဏ္ဏားတိုင်ဝှက်တမ်း ကစားသလိုပေါ့၊ သူများက မသိအောင်ဝှက်ပြီးလုပ်တဲ့အလုပ်ကို ကိုယ်က ရအောင်ဖော် ရတာလောက် အပျင်းပြေတဲ့ အလုပ်ဘယ်ရှိပါ့မလဲ ၊ လာပါ အိုင်ပီ ၊ အထဲကို ဝင်ကြည့်ရအောင်ပါ ”
ကျွန်ုပ်သည် ကိုနှင်းမောင်ကို များစွာ အံသြမိ၏။ လူသတ်တရားခံ ဖော်ထုတ်ရေးကိစ္စမှာ ကျွန်ုပ်အတွက်သေရေးရှင်ရေးတမျှ အရေးကြီးနေ၏။ ကျွန်ုပ်သည် ထိုကိစ္စအတွက် ယောက်ယက်ခတ် နေသည်။ သူ့ အနေနှင့်မူ သာမန်ဥာဏ်စွမ်းပဟေဠိကလေးတစ်ပုဒ် တွက်ခိုင်း သည်ထက်ပို၍ လေးနက်ပုံမရပေ။ မစ္စတာဇီရွန် လဲကျသေဆုံးခဲ့သည့် နေရာကို ပုလိပ်ကလေးက လာရောက်ပြသဖြင့် ကျွန်ုပ် သိခဲ့ရသော်လည်း ကျန်သည့်ခြေရာလက်ရာ သဲလွန်စများကိုမူ ဘာမျှမရတော့ပေ။ လူဆိုးထိန်း စိန်လှတို့ ရှာဖွေသွားသဖြင့် ရှုပ်ပွ၍ကျန်နေခဲ့သည်။
ကိုနှင်းမောင်ကမူ အခန်းကိုအနည်းငယ် လျှောက်သွားပြီး ဗီရိုထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူကြည့်နေ၏။ သူပြောပြချက်အရ စာအုပ်တော်တော်များများမှာ မျက်လှည့်ပြ နည်းစာအုပ်များ ဖြစ်သည်ဟု သိရ၏။ ထိုအထဲတွင် ကော်ပီစာအုပ်ကတ်ထူတစ်အုပ်ကို ကိုနှင်းမောင်သည် ဆွဲထုတ်၍ ဖတ်ကြည့်ပြီးနောက် ပြုံးရွှင်စွာနှင့် ကျွန်ုပ်လက်ထဲသို့ ထည့်လိုက်သဖြင့် ဖွင့်ကြည့်ရာ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် ရာဇဝင်မှတ်စု တစ်ခုဖြစ်ပြီး စာအုပ်ကြားထဲမှ အင်္ကျီဒိုဘီပေးထားသည့် လက်မှတ်တစ်စောင် တွေ့ရ၏။
ကျွန်ုပ်အဖို့ ထိုစာအုပ်နှင့် အင်္ကျီဒိုဘီလက်မှတ်သည် တရားခံဖမ်းဆီးရေးအတွက် လုံးဝ အသုံးဝင်လိမ့် မည်ဟု မယူဆခဲ့ပေ။ ကိုနှင်းမောင်သည် နံရံ၌ချိတ်ဆွဲထားသော ပြက္ခဒိန်အား ဖြုတ်ယူကာ သေသေချာချာ ကြည့်ပြီးနောက် ကျွန်ုပ်အားပေးလိုက်၏။ တစ်ဖန်အဖုံးပွင့်နေသော သံသေတ္တာတစ်လုံးအားဖွင့်ကာ အထဲမှ ရှပ်အင်္ကျီတစ်ထည်ကို ထုတ်ယူ၍.......
“ ကဲ...အိုင်ပီ ၊ ပြန်ကြရအောင် ” ဟုဆိုကာ ကျွန်ုပ်ရှေ့မှ အရင်ဆင်းသွားတော့၏။
“ အိုင်ပီ လက်ဖက်ရည် ကြိုက်သလား ”
“ ကြိုက်လှတယ်တော့ မဟုတ်ပါဘူး ၊ နေ့စဉ်တော့ သောက်ပါပဲ ”
“ ကျုပ်ကတော့ လက်ဖက်ရည် ကြိုက်တယ် ၊ လက်ဖက်ရည်တောင် ကာကာကုလားဆိုင်ကဆိုရင် ပိုပြီးကြိုက်တယ်၊ တောင်ရပ်စာရေးတန်းထိပ်က ကာကာဆိုင်မှာ လက်ဖက်ရည်သောက်ရအောင် ”
ကာကာဆိုင်သို့ ရောက်လျှင် ကိုနှင်းမောင်ကပင် ကုလားလိုပြော၍ လက်ဖက်ရည်မှာပြီး ကျွန်ုပ်ထံမှ ပြက္ခဒိန်ကို တောင်းယူကာတစ်ရွက်ချင်း လှန်ကြည့်ပြီးနောက် တချို့နေရာများမှ အမှတ်အသားများကို စာရွက်လွတ် ပေါ်တွင် ခဲတံနှင့် သေသေချာချာ ရေးကူးနေလေ၏။
“ အိုင်ပီ ဒါကလေး သိလား ”
ပြက္ခဒိန်တွင် အချို့နေရာများ၌ မီးခြစ်ဆံကဲ့သို့ အလျားလိုက်အချောင်းကလေးများ အသီးသီးရေးထားသည့် သင်္ကေတ အမှတ်အသားများကို ကျွန်ုပ်အား ပြသပေး၏။
“ မသိပါဘူး ကိုနှင်းမောင် ၊ ဘာလဲဗျ ”
“ ဒေါ့ဒက်လို့ခေါ်တဲ့ ကြေးနန်း(မော့) သင်္ကေတလေ”
ကိုနှင်းမောင်သည် အသင့်ပါလာသော စာရွက်အလွတ်ပေါ်တွင် စာတစ်ကြောင်း ၊ နှစ်ကြောင်းလောက် ရေးခြစ်၍ အမှတ်အသားလေးများပါ ကူးကာရေးထည့်ပြီးလျှင် စာအိတ်တွင်ထည့်ပြီး ပိတ်လျက် ကာကာ ကုလားကိုပင် ကုလားလိုပြောပြီး ပေးလိုက်၏။ကာကာကလည်း ဆိုင်နောက်ဖေးတွင် နို့ကျိုနေသော ချွတ်ကရား ကလေး တစ်ယောက်ကိုခေါ်ကာ စာအိတ်ကို ကုလားလိုပြော၍ ပေးလိုက်ပြန်၏။
“ ကဲ....အိုင်ပီ လက်ဖက်ရည် သောက်ပါဦး ၊ အေးကုန်မယ် ၊ ကျုပ်တော့လက်ဖက်ရည်သောက်လိုက်ဦးမယ် ၊ အဲဒီစာအုပ်ကို ခဏလေးပေးပါဦး ” ရာဇဝင် မှတ်စုစာအုပ်ကို တောင်းယူကာ အသော့လျှောက်ဖတ်၏။ အချို့နေရာများတွင် ခဲတံနှင့် တားနေ၏။ အချို့ကို စာရွက်အလွတ်တွင်ကူးနေ၏။
စာမျက်နှာ တစ်ရာကျော်မျှရှိသော အင်္ဂလိပ်ဘာသာဖြင့် ရေးမှတ်ထားသော စာအုပ်အား ကိုနှင်းမောင်သည် သူငယ်တန်းဖတ်စာအုပ်ကိုဖတ်သကဲ့သို့ ခပ်လွယ်လွယ် ခပ်သော့သော့ ဖတ်သွားပုံကို ထောက်ခြင်းအားဖြင့် သူ၏ အင်္ဂလိပ်စာ အဆင့်အတန်းများကို ကျွန်ုပ်ခန့်မှန်းမိတော့၏။ တစ်ခု ထူးခြားသည်မှာ ကိုနှင်းမောင်သည် ကျွန်ုပ်အားအိုင်ပီ ဟုခေါ်သဖြင့်သာ အသုံးပြုသည့် အိုင်နှင့်ပီမှ လွဲ၍ ယခုအချိန်ထိ အင်္ဂလိပ်လို တစ်လုံးတစ်ပါဒမျှ မပြောမိခြင်းကို သတိထားမိသည်။
“ အိုင်ပီ ဒီမှာ ရာဇဝင် အထူးအဆန်း တွေ့နေရပြီဗျ “
“ ဘယ်လို တွေ့တာလဲ ကိုနှင်းမောင် ”
“ ငဇင်ကာခေါ် ဖီးလစ်ဒီဗရစ်တို ဆိုတဲ့ ပေါ်တူဂီရဲ့ အထ္ထုပ္ပတ္တိကိုတော့ မှတ်မိဦးမှာပေါ့ ”
“ တောင်ငူဘုရင် နတ်သျှင်နောင်နဲ့အတူ ကွပ်မျက်ခံရတဲ့ လူမဟုတ်လား ”
“ အစစ်ပေါ့ဗျာ ၊ ကျုပ်လည်း လေ့လာခဲ့ဖူးသမျှမှာ ဒီဗရစ်တိုခေါ် ငဇင်ကာဟာ တစ်ယောက်တည်းပဲ ၊ ဒီမှတ်စုအရတော့ မဟာဒီဗရစ်တိုနဲ့ စူဠဒီဗရစ်တိုလို့ ရေးထားပါကလား ၊ ရော့ဗျာ ၊ အိမ်ကျတော့ အပျင်းပြေ ဖတ်ကြည့်ရအောင် ယူသွားပေတော့ ၊ ကျုပ်တော့ ညနေကျမှပဲ လာခဲ့တော့မယ် ”
ကိုနှင်းမောင် ပြန်သွားပြီးနောက် ကျွန်ုပ်လည်း ဂါတ်တဲဝင်းရှိ ကျွန်ုပ်၏ အိမ်ကို ပြန်လာခဲ့ရာ ကျွန်ုပ်အား စောင့်ဆိုင်းနေကြသော ပုလိပ်သားနှစ်ယောက်အား အိမ်၌တွေ့ရပေ၏။
တွေ့လျှင် တွေ့ချင်း စိန်လှက...
“ ဆရာ ဦးအောင်သင်း တရားခံ မိပါတော့မယ် ၊ ဖမ်းဝရမ်းထုတ်ပြီး ဖမ်းရုံပဲ ရှိပါတော့တယ် ”
“ တရားခံ ဘယ်သူလဲဗျ ”
“ ဒီလိုလေ ဆရာ ၊ ဟောဒီမှာ တရားခံအနီးက ရခဲ့တဲ့ ပုဆိန် ၊ ပုဆိန်ကို သုံးလေ့ရှိတာဆိုရင် မီးသတ်သမားပဲ ၊ အခု ကျွန်တော်တို့ စုံစမ်းကြည့်တော့လည်း သေဆုံးသူ မစ္စတာဇီရွန်ရဲ့ မိတ်ဆွေတစ်ယောက်ရှိတယ် ၊ အခုတော့ သူနဲ့ စိတ်ဆိုးပြီး သူ့ဆီမလာတာ ကြာပြီတဲ့ ၊ အဲဒီလူက မကွေးမီးသတ်က ဂျူးလူမျိုး ဘင်ဂူးဆိုတာ သိရတယ် ၊ အဲဒါ သူပဲဖြစ်ရမယ် ၊ ကျွန်တော်တော့ မကွေးဂါတ်ကို အကြောင်းကြားလိုက်ပြီ ၊ ဟောဒီမှာ လူသတ်သမား အသုံးပြုခဲတဲ့ပုဆိန် ”
လူဆိုးထိန်း စိန်လှနှင့် ပုလိပ်ကလေးများသည် ကျွန်ုပ်အိမ်မှ တိုက်ကျွေးသော ကော်ဖီနှင့် မုန့်များကို စားသောက်ကာထွက်သွားကြ၏။
ထိုနေညနေပိုင်းမှာပင် ကိုနှင်းမောင်ရောက်လာပြီး......
“ အိုင်ပီ တရားခံကို ကိုယ်တိုင်ကိုယ်ကျ ဖမ်းချင်ရင်တော့ အဝတ်အစားလဲပေတော့၊ ကုန်ကားတစ်စီး အကြုံရှိတယ် ၊ သွားကြရအောင် ”
ထိုအချိန်၌ ကျွန်ုပ်၏ ဇနီးသည် ခင်ခင်ကြီး ထွက်လာကာ ကိုနှင်းမောင်ကို မြင်လျှင် အံ့အားသင့်သလို ဖြစ်ပြီးနောက် အကဲခတ်သလို ကြည့်လိုက်ပြီးလျှင် ကျွန်ုပ်၏ လက်အောက်ငယ်သားတစ်ယောက်ဖြစ်မှန်း ခန့်မှန်းမိသော အချိန်၌ ကျွန်ုပ်အား ကိုနှင်းမောင် မသိစိမ့်သောငှာ အင်္ဂလိပ်ဘာသာဖြင့်....“ ဒါလင် သူက ဘယ်သူလဲ၊ တရားခံဖမ်းဖို့ကိစ္စကို ဒါလင်ကိုယ်တိုင်လိုက်ဖို့ မလိုပါဘူး၊ သူ့ကိုပဲ လွှတ်လိုက်ပေါ့ ” ဟု ပြောဆိုနေသဖြင့် ကျွန်ုပ်မှာ ကိုနှင်းမောင်ကို များစွာအားနာမိပါသည်။ သို့ရာတွင် ကိုနှင်းမောင်သည် ကျွန်ုပ်၏ ဇနီးသည်ပြောသည့် စကားများကို တစ်လုံးမျှ နားမလည်ဟန်နှင့် နေပုံမှာ ချီးမွမ်းလောက်ပါပေသည်။
ကျွန်ုပ်သည် ခင်ခင်ကြီးအား ဆက်၍မပြောရန် မျက်စိမှိတ်ပြပြီးနောက် အဝတ်အစားလဲကာ ကိုနှင်းမောင် ခေါ်ရာသို့ လိုက်ခဲ့ပါသည်။ လမ်းတွင် ကျွန်ုပ်၏ ဇနီးသည်ပြောမှား ဆိုမှားရှိသည်များကို ခွင့်လွှတ်ရန် တောင်းပန်ရာ......
“ ကိစ္စမရှိပါဘူး အိုင်ပီ ” ဟု ပြုံး၍ ပြောလိုက်ပါသည်။ သူ၏ အပြုံးမှာ လေးနက်သော အဓိပ္ပါယ်များ ပါရှိကြောင်းကို ထိုစဉ်ကပင် ကျွန်ုပ်သိရှိခဲ့ရပါသည်။ (၎င်းအကြောင်းအရာနှင့် ပတ်သက်၍ နောက်အလျဉ်း သင့်ပါက ဖော်ပြပါဦးမည်။ )
ကျွန်ုပ်တို့ နှစ်ယောက်သည် ကုန်ကားကြုံနှင့် လိုက်သွားရာ ရန်ကုန်သို့ နောက်တစ်နေ့ (၁၀) နာရီလောက်တွင် ရောက်ပါတော့သည်။ ရန်ကုန်ရောက်လျှင် နိုင်ငံခြားသင်္ဘောဆိပ်ကမ်းသို့ သွားကာ ကိုနှင်းမောင်သည် လူတစ်ယောက် ၊ နှစ်ယောက်ကို တွေ့ဆုံမေးမြန်းပြီး လက်ဆွဲသားရေအိတ်တွင် အသင့်ပါလာသော အဝတ်အစားများကို လဲပါတော့သည်။ ရှပ်အင်္ကျီ ၊ဘောင်းဘီရှည် နှင့် ဝေ့စ်စကုပ်ခေါ် မျောက်အင်္ကျီတို့ဖြစ်၏။
မစ္စတာဇီရွန်အိမ်မှ ရရှိခဲ့သော ဒိုဘီလက်မှတ်ဖြင့် ရွေးယူခဲ့သော အဝတ်အစားများဖြစ်ကြောင်း ကိုနှင်းမောင်ပြောပြ၍ သိရှိရပါသည်။ ပြီးလျှင် သင်္ဘောဆိပ်အနီးရှ ကုလားထမင်းဆိုင် တစ်ဆိုင်သို့ နှစ်ယောက်အတူ သွားရောက်ကာ ချောင်ဘက်ခပ်ကျကျ စားပွဲတွင်ထိုင်၍ ကိုနှင်းမောင်သည် စာရွက်တစ်ရွက်ပေါ်၌ မီးခြစ်ဆံသဏ္ဌာန်အချောင်းကလေးများ ၊ အသီးကလေးများ ရေးခြစ်ကာ စာအိပ်နှင့် ထည့်၍ စာအိတ်ပေါ်တွင် “ မစ္စတာ ဒီဗရစ်တို ” ဟုရေး၍ ငွေငါးကျပ်နှင့်အတူ ကုလားလေးတစ်ယောက်ကို သေသေချာချာ ပြောကြား၍လွှတ်လိုက်၏။
“ အိုင်ပီ ခင်ဗျား သေနတ်တော့ လို့ရမယ်ရ ကိုင်ထားပေတော့ ၊ ဒီကောင်မျိုးတွေက ရက်စက်သလောက် လက်လည်းမြန်တယ်ဗျ ၊ ဒီခုံမှာ အတူမထိုင်နဲ့ ၊ ဟိုဘက်တိုင်အကွယ်က ခုံတစ်ခုံမှာ သွားထိုင်ချေဗျာ ” ကျွန်ုပ်လည်း သူပြောသည့်အတိုင်းလိုက်၍ တိုင်အကွယ်တစ်နေရာတွင် သွားရောက်ထိုင်နေပါသည်။ သူကမူ လက်နှစ်ဖက်စလုံးအား စားပွဲပေါ်တွင် အေးအေးဆေးဆေးထိုင်နေ၏။ တစ်အောင့်မျှအကြာတွင် လွှတ်လိုက်သော ကုလားလေးနှင့် အတူ ပထန်ကုလားကဲ့သို့ အရပ်မြင့်မြင့် လူတစ်ယောက်ဆိုင်ထဲသို့ ဝင်လာပြီး နောက်ကျောခိုင်း၍ ထိုင်နေသော ကိုနှင်းမောင်ထံသို့ တည့်တည့်မတ်မတ် တန်း၍လျှောက်သွား၏။ အနားရောက်လျှင် ကိုနှင်းမောင်က အင်္ဂလိပ်ဘာသာဖြင့်....
“ ဘယ်လိုတုံး စီနီယာ ဒီဗရစ်တို၊ မြန်မာပုလိပ်တွေကို အထင်သေးလှချည်လား ၊ ဒီလို လူသတ်မှု ကျူးလွန်ပြီး လွယ်လွယ်ကူကူ ထွက်သွားလို့ ဘယ်ရမလဲဗျာ ” ပြောပြောဆို မျက်နှာချင်းဆိုင်လိုက်ရာ ထိုသူမှာ အံ့သြခြင်း ၊ ဒေါသဖြစ်ခြင်း ၊ ကြောက်ရွံ့ခြင်း စသော စေတသိတ်များကို သူ၏မျက်နှာတွင် တစ်ခဏအတွင်း ဖော်ပြ၍ ခါးတွင်အသင့်ထိုးထားသော ပုဆိန်ကို လျင်မြန်စွာ ဆွဲထုတ်၍ ကိုနှင်းမောင်အား တအားလွှဲခုတ်လိုက်၏။
သို့ရာတွင် အလွန်တည်ငြိမ်၍ အလွန်လည်း ဖျတ်လတ်သော ကိုနှင်ေးမာင်၏ လက်တွင် ထိုသူသည် ကြက်ကလေး ငှက်ကလေးပမာ မရုန်းနိုင် မကန်နိုင်အောင် မိနေပါတော့သည်။ ထိုအချိန်ကျမှ ကျွန်ုပ်လည်းပြေးထွက်လာပြီး ခြောက်လုံးပြူးဒင် ထိုသူ၏ ဦးခေါင်းကို တအားရိုက်ချပြီး ဖမ်းဆီးခဲ့ရပါတော့သည်။ ပြီးလျှင် ဆိပ်ကမ်း ပုလိပ်ဂါတ်သို့ခေါ်သွားကာ တရားခံ၏ ဖြောင့်ချက်ကိုယူ၍ အမှုဖွင့်ထားပြီးနောက် ကျွန်ုပ်တို့နှစ်ယောက် ချောက်မြို့သို့ ပြန်ခဲ့ကြပါသည်။ နောက်တစ်နေ့ သတင်းစာတွင် ထိုလူဖမ်းပွဲကို စွန့်စားခန်းဆန်ဆန် ရေးသား ဖော်ပြခဲ့ပါသည်။ အထူးသဖြင့် မြန်မာ့အလင်း သတင်းစာက မြန်မာပုလိပ်နှစ်ဦးအား အမျိုးသားစိတ်ဓာတ်ဖြင့် ချီးမွမ်း ရေးသားခဲ့ကြောင်း မှတ်မိပါသည်။
“ ကိုနှင်းမောင် ဒီတရားခံကို သဲလွန်စ ခင်ဗျား ဘယ်လိုလုပ်ရသလဲဗျ ”
“ အိုင်ပီနဲ့ ကျွန်တော် မစ္စတာဇီရွန်အိမ်ကို သွားတုန်းက ရခဲ့တဲ့ ရာဇဝင်မှတ်စုနဲ့တူတဲ့ စာအုပ်ရယ် ၊ ပြက္ခဒိန်ရယ်က ရတာပဲ၊ ရာဇဝင်မှတ်စုအထဲမှာ ကြားညှပ်ပြီး စီနီယာနဲ့ ဂျူနီယာ ဒီဗရစ်တိုရဲ့ အကြောင်းတွေကို ရေးမှတ်ထားတာ တွေ့ရကတည်းက ကျွန်တော့်အနေနဲ့ ဒီမှတ်စုဟာ ရိုးရိုးရာဇဝင် လေ့လာသူရဲ့ မှတ်စုမဟုတ်ဘဲ ရာဇဝင်မှတ်စု ဟန်ဆောင်တဲ့ အခြားလျှို့ဝှက်ကိစ္စမှတ်စုဆိုတာ ရိပ်မိခဲ့ပါတယ်။ တစ်ခါ ပြက္ခဒိန်မှာတွေ့ရတဲ့ သင်္ကေတလေးတွေကို မြင်ပြန်တော့ မစ္စတာဇီရွန်ဟာ တစ်ချိန်က ဆင်ဂနယ် ဆက်သွယ်ရေးအချက်ပြ အလုပ်လုပ်ဖူးခဲ့သူ ဖြစ်ရမယ်လို့ ခန့်မှန်းရပြန်တယ်။
ပြီးတော့ မှတ်စုစာအုပ်ကြားထဲက ရခဲ့တဲ့ ဒိုဘီလက်မှတ်နေ့စွဲကလည်း တစ်လလောက်ကြာနေပြီ။ မရွေးရသေးဘူး၊ ဒီတော့ ဒီလက်မှတ်ဟာ ဇီရွန်ရဲ့ အဝတ်အစား မဖြစ်နိုင်ဘူး၊ ပိုပြီးသေချာအောင် ဇီရွန်ရဲ့ သေတ္တာထဲက အင်္ကျီတစ်ထည်ထုတ်ယူလာပြီး ဒိုဘီဆိုင်က လက်မှတ်ပြပြီးရွေးရတဲ့ အင်္ကျီနဲ့တိုင်းကြည့်တော့ ဆိုင်က အင်္ကျီအဝတ်အစားတွေနဲ့ အဆမတန် ကြီးနေတာကို တွေ့ရတယ်။ တစ်ခါ ပြက္ခဒိန်က သင်္ကေတတွေရေးပြီး ကြေးနန်းရုံးက အော်ပရေတာကို ကာကာဆိုင်က ချွတ်ကရား လေးလွှတ်ပြီးမေးစမ်းကြည့်တော့ ဒီအကြီးနဲ့တွေ့ ၊ ဒီအငယ်ကို ငွေချေ ၊ ဒီအကြီးနဲ့ ပြန်ရောက် ၊ ဒီအငယ် အင်္ကျီများ ကျန်ခဲ့ စတဲ့ အဓိပ္ပါယ်ရကြောင်း ပြန်ရေးလိုက်တယ်လေ။ ”
“ စိတ်ဝင်စားစရာပဲ ကိုနှင်းမောင် ၊ ဆက်စမ်းပါဦး ”
“ ဘာဆက်စရာ ရှိတော့လဲအိုင်ပီ ၊စီနီယာ ဒီဗရစ်တိုက ဖြောင့်ချက်ပေးတဲ့ အတိုင်းပဲပေါ့။ သူနဲ့ မစ္စတာဇီရွန်ဟာ သင်္ဘောသားအတူလုပ်ခဲ့တယ်၊ နောက်တော့ ဇီရွန်ဟာ သင်္ဘောကထွက်ပြီး မျက်လှည့်ဆရာ အဖြစ်နဲ့ နေတယ် ၊ စီနီယာ ဒီဗရစ်တိုရဲ့သား ဂျူနီယာဒီဗရစ်တိုက အခြားသင်္ဘောတစ်စင်း မှာ သင်္ဘောသားလုပ်တယ်၊ သူတို့သားအဖဟာ သင်္ဘောခရီးတစ်လျှောက်မှာကြုံသလို ဓားပြတိုက်လို့ရတဲ့ ပစ္စည်းတွေကို ဇီရွန်က မြန်မာပြည်ကနေ လျှို့ဝှက်ထုခွဲပေးရတယ်။ အခုကိစ္စက ထုခွဲခိုင်းတဲ့ ပစ္စည်းတွေကို မတန်တဆ ဈေးနှိမ်ပြီး အပျောက်ရိုက်တယ်လို့ ဂျူနီယာ ဒီဗရစ်တိုက သူ့အဖေ စီနီယာကိုတိုင်ထားလို့ အဖေလုပ်သူက သူ့သင်္ဘော မြန်မာပြည်ရောက်တုန်း ဇီရွန်ကို လုပ်ကြံသတ်ပစ်လိုက်တာပဲ ” “ ဒါနဲ့ ခင်ဗျား စီနီယာ ဒီဗရစ်တိုကို ဖမ်းခါနီး သင်္ကေတလေးတွေရေးပေးလိုက်တယ် မဟုတ်လား ၊ အဲဒါဘာရေး ပေးလိုက်တာတုံးဗျ ၊ ခင်ဗျား ရေးတတ်လို့လား ”
“ ဒါက လွယ်ပါတယ် ၊ အေ, ကနေ ဇက် အထိ ရေးနည်းကို ကြေးနန်းအော်ပရေတာလေးဆီက မေးလာခဲ့တယ်။ ရေးလိုက်တဲ့ အဓိပ္ပါယ်ကတော့ အရေးကြီးတယ် ၊ ကျွန်တော်ရောက်နေပြီ အဖေ လာတွေ့ပါ ၊ ဂျူနီယာဒီ ပေါ့ဗျာ ”
“ ဒါကြောင့် ဆားပုလင်းနှင်းမောင် ဆိုတဲ့ နာမည်ဟာ ကြီးပေတာကိုး ၊ ချီးမွမ်းထိုက်ပါပေတယ်ဗျာ”
“ ကဲ........ခင်ရေ ကိုနှင်းမောင်ကို ဂုဏ်ပြုညစာကျွေးရအောင် မနက်ဖြန်ညနေချိန်းလိုက်မယ်ကွာ ”
“ နေပါစေ အိုင်ပီ ၊ ကျုပ်အတွက် ဒုက္ခမရှာပါနဲ့ ” ဟု ဆိုကာ ကျွန်ုပ်၏ ဂုဏ်ပြုညစာကို ငြင်းဆန်ခဲ့သဖြင့် ကျွန်ုပ်၏ဇနီး ခင်ခင်ကြီးသည် ညစာ စီမံရေးအတွက် ဒုက္ခမပိုခဲ့သော်လည်း လူဆိုးထိန်း စိန်လှတို့ မှားယွင်းဖမ်းဆီးခဲ့သော အင်္ဂလိပ်စာတတ် မီးသတ်သမားဘင်ဂူးဆိုသူက မကျေနပ်၍ မျက်နှာဖြူများကို စာရေး၍ တိုင်တန်းမည်လုပ်သဖြင့် ကျွန်ုပ်မှာ ချော့ရမော့ရနှင့် များစွာ ဒုက္ခများခဲ့ရသေးသည်။
သို့ရာတွင် မကြာမီ၌ ဇနီးသည် ခင်ခင်ကြီး ကြွားနိုင်ရန်အတွက် ကျွန်ုပ်ဧည့်ခန်းတွင် အမှုထမ်း ကောင်းလက်မှတ်တစ်ခု တိုး၍ ချိတ်ဆွဲခဲ့ရကြောင်းကိုလည်း မေ့ထား၍မရပေ။
ဆရာကြီးမင်းသိင်္ခ၏ စာပေများကို နှစ်သက်ကြသော စွဲလန်းကြသော စာဖတ်ပရိသတ်များအတွက် အဘဆရာကြီး မင်းသိင်္ခ၏ ဆားပုလင်းနှင်းမောင် ၀တ္ထုများကို ပြန်လည် တင်ပြပေးလိုက်ပါတယ်။ အားလုံး စိတ်နှလုံးချမ်းမြေ့ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
0 comments:
Post a Comment