Thursday, June 16, 2016

သစ်ပင်စိုက်သူတစ်ယောက်-သစ်တောပြုန်းတီးသူက ရာထောင်….

Leave a Comment



သစ်ပင်စိုက်သူတစ်ယောက်-သစ်တောပြုန်းတီးသူက ရာထောင်….

 

K3(pyay)

 

သစ်တစ်ပင်ကောင်း-ငှက်တစ်သောင်းနာခိုနိုင်၏ ဆိုသည့် သစ်တောကြိုးဝိုင်းငယ်များတွင် ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်အနီရောင်အပေါ်မှ အဖြူရောင်စာလုံးများမှေးမှိန်နေချိန် မြန်မာနိုင်ငံအနှံ့အပြားတွင် ပြီးခဲ့သည့် နှစ်က နေပူပူ လေပူပူ အပူဒဏ်များစွာခံစားခဲ့ရပြီး ဥတုရာသီ-တောကိုမှီ ဆိုသည့်ဆိုင်းဘုတ်ငယ်လေး ရေကြီးနစ်မြှပ်မျှောပါသွားခဲ့ပြီး ယခုနှစ် မိုးဦးစချိန်မှာတော့ မြန်မာနိုင်ငံအတွင်းမှာရှိသည့် မြို့ကြီး ရွာငယ်များစွာ ရေးကြီးနစ်မြှပ်မှုများထပ်မံဖြစ်ပေါ်လာခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း ရေပေါ်-ရေအောက်၊မြေပေါ်-မြေအောက် အဖိုးတန်ရတနာများစွာအနက် လူသားတိုင်းအကျိုးပြုပေးနိုင်သည့် ကျွန်းသစ်ရတနာများကတော့ နောင်လာမည့်အနာဂတ် တစ်ချိန်ချိန်မှာ ပြတိုက်တွင် နောက်လာမျိုးဆက်အနာဂတ်တွေအတွက် ရှားပါးပစ္စည်းသဖွယ် ပြသထားရမလိုဖြစ်နေခဲ့ပါသည်။ သစ်တောများပြုန်းတီးလာမှုကြောင့် သဘာဘေးအန္တရာယ်များစွာကို ကိုယ်တွေ့ လက်တွေ့ခံစားရသူတိုင်း မြန်မာနိုင်ငံသူ/သားများစွာ ဒုက္ခများစွာကို ကျားနှင့်ဆင်လယ်ပြင်မှာမြင်တွေ့ရသလို ရှင်းရှင်းလင်းလင်းကြီးခံစားလာခဲ့ရပြီး လက်ရှိလဲ ခံစားနေရသူများစွာရှိနေသည်။ ဒုက္ခ-ဆင်းရဲခြင်း ရှိလျှင် သုခ-ချမ်းသာခြင်းလဲရှိရပါမည်။ ထို့ကြောင့် သစ်တောတွေပြုန်းတီးနေတာပဲ ဟူ၍ရွတ်ဆိုညည်းတွားနေ၍မရပါ။ နောင်လာမျိုးဆက်အနာဂတ်ရင်သွေးငယ်တွေအတွက် ကျွန်တော်တို့လူသားတိုင်း၊နိုင်ငံသူ/သားတိုင်း၊သက်ဆိုင်ရာဌာနတိုင်းမှာ တာဝန်ကိုယ်စီရှိကြပါသည်။

 

သက်ဆိုင်ရာဌာနများ၏တာဝန်
************************

သစ်တောဦးစီးဌာနအနေဖြင့် ကျောက်မီးသွေးမှလွဲ၍ အခြားထင်းအစားထိုးလောင်စာများအလုံအလောက်ချထားပေးရန် သို့မဟုတ် ထင်းအစားထိုး သစ်တောစိုက်ခင်းများစနစ်တကျစီမံဆောင်ရွက်ရန်လိုအပ်ပါသည်။ သတ်မှတ်စည်းကမ်းအတိုင်း သစ်ထုတ်မှုမရှိဘဲ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး အမျိုးမျိုးခိုးထုတ်နေသည့် သစ်ထုတ်စနစ် နှင့် နိုင်ငံတော်မှ အတိုးမရ အရင်းပါဆုံးရှုံးရသည့် သစ်ထုတ်စနစ်အားရဲရဲကြီးတွန်းလှန်ရန် သက်ဆိုင်ရာ ဌာနများ နှင့် နိုင်ငံသူ/သားတိုင်းမှာတာဝန်ကိုယ်စီအပြည့်ရှိနေသည်။
 
နိုင်ငံသူ/သားတိုင်း၏တာဝန်
***********************

ကျွန်တော်တို့နိုင်ငံအတွင်းမှာ ပြီးခဲ့သည့် ၂၀၁၁-ခုနှစ် မှ ၂၀၁၆-ခုနှစ်အထိ သစ်ထုတ်တန်ပေါင်း ၇-သိန်းကျော်ခန့် ဆုံးရှုံးခဲ့ရပါသည်။ထို့ကြောင့် သစ်တောပြုန်းတီးစေမည့် အကြောင်းအရာများစွာကို ပြောင်းလဲချိန်တန်လာသည့် အစိုးရအနေဖြင့် အပြောင်းအလဲဖြစ်အောင် အစိုးရ နှင့် အတူ သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဦးဆောင်ဖြေရှင်း၍ သက်ဆိုင်ရာဌာနများ နှင့် သစ်အခြေခံကုန်သွယ်မှုလုပ်ငန်းတွင် ပါဝင်နေသူများ၊ဒေသခံပြည်သူများပါဝင်ကူညီလက်တွဲမှ သဘာဝဘေးအန္တရယ်များစွာ နှင့် မြန်မာ့သယံဇာတ အဖိုးတန်ရတနာကျွန်းနှင့်သစ်များစွာအား ကာကွယ်ထိန်းသိမ်းစောင့်လျှောက်သွားနိုင်မည်ဖြစ်ပါသည်။
 
တာဝန်သိသော ပြည်သူ-အဘဦးဝင်းရွှေ

*****************************

အသက် ၇၅-နှစ်ရှိပြီဖြစ်သည့် အဘဦးဝင်းရွှေသည် ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့နယ်အတွင်းရှိ မှော်ဇာကျေးရွာအလွန် မုဋ္ဌောကျေးရွာမှ ရှေးဟောင်းသမိုင်းဝင် လက်သည်းရေကန်ဘုန်းတော်ကြီး-တောင်ကျောင်းဝန်းအတွင်း အသက်-၆၀ နှစ်မှစတင်ကာ တစ်နှစ်လျှင် သစ်ပင်ပေါင်း ၅၀၀-ကျော်ကိုစိုက်ပျိုးလာခဲ့သည့် ပညာရေးဝန်ထမ်းဟောင်း-အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးဖြစ်ပါသည်။ အဘဦးဝင်းရွှေ တစ်ကိုယ်တော်သစ်ပင်စိုက်ပျိုးလာမှုကို ပင်စင်ရယူပြီးသည်နေ့မှစတင်ကာ ယနေ့အထိဆိုလျှင် အပင်ပေါင်း ငါးထောင်ကျော်အထိစိုက်ပျိုးပြီးစီးနေပြီး သစ်ပင်များစိုက်ပျိုးလာရခြင်းသည် သဘာဝဘေးအန္တရာယ်တွေနှင့် ရာသီဥတုကောင်းမွန်လာစေရေးတို့ကို အဓိကရည်မှန်းချက်ထား၍ စိုက်ပျိုးထားခဲ့ပြီး သစ်ပင်စိမ်းစိမ်းစိုစိုတွေမြင်ရတာလောက် စိတ်ချမ်းသာမှုမရှိဘူးဟု ဆိုသည့် အသက် ၇၅-နှစ်အရွယ် အဘဦးဝင်းရွှေ စကားသံသည် ကျွန်တော့လို လူငယ်တစ်ဦး၏ ဘ၀အတွက် အားကျအတုယူစရာအဖြစ် စွဲထင်၍နေပါသည်။


 
            “ သစ်ပင်တွေ စစိုက်တုန်းက အပင် ငါးဆယ်လောက်ကို ဆိုက်ကယ်ပေါ်တင် သယ်လာပြီးစိုက်ရတာ။ နောက်ပိုင်းတော့ သားသမီးတွေက အန္တရာယ်များလို့ဆိုပြီး ပျိုးပင်တွေကားနဲ့လိုက်ပို့ပေးတယ်။ တစ်နှစ်ကို အပင် ငါးရာအနည်းဆုံး စိုက်ဖြစ်တယ်။ အခုဆို ငါးထောင်ကျော်ပြီ၊ပျက်စီးသွားတဲ့အပင်တွေမပါသေးဘူး။ အဓိက သဘာဝဘေးအန္တရာယ်တွေ၊ရာသီဥတုဒဏ်တွေကိုကာကွယ်တဲ့အနေနဲ့ ရှေ့ဆောင်လမ်းပြခဲ့တာ။ကိုယ်စိုက်ပျိုးပြီး ဖြစ်ထွန်းလာတဲ့အပင်စိမ်းစိမ်းစိုစိုတွေကို မြင်ရတော့ စိတ်ချမ်းသာတယ်။ ကိုယ်စိုက်တဲ့အပင်တွေကိုယ် ပြန်ကြည့်ရတာလောက် စိတ်ချမ်းသာတာမရှိဘူး။ယူကလစ်ပင်တွေတော့မစိုက်တော့ဘူး မြေဆီလွှာတွေကိုဖျက်စီးတယ်လို့သိရတော့ ပြန်ရှင်းပစ်တော့မယ်။ဒီဘုန်းကြီးကျောင်းက အဘရဲ့ အဘေးဆောက်ခဲ့တာ နှစ်တစ်ရာကျော်ရှိပြီ၊ ဒါတွေပြုပြင်တဲ့အခါ သစ်တွေလိုရင် ဒီသစ်ပင်တွေသုံးလို့ရအောင် ဒီကျောင်းနားမှာစိုက်တာပါ။ သဘာဝပတ်ဝန်းကျင်လည်း ထိန်းသိမ်းချင်တာလည်းပါတယ်။ အခုတော့ ဒီနားကမြေလွတ်တွေမှာစိုက်ဖို့ စီစဉ်ထားတာ စိုက်မရတော့ဘူး၊ ရှေးဟောင်းသုတေသနဋ္ဌာနက စိုက်ခွင့်မပေးတော့ဘူး။”ဟုအဘဦးဝင်းရွှေ က၀မ်းနည်းစွာဖြင့်ပြောဆိုခဲ့ပါသည်။
 
သစ်ပင်တွေစိုက်ပျိုးခွင့်မရလို့ စိတ်မကောင်းဖြစ်ရပြီး သူစိုက်ပျိုးခဲ့တဲ့ နေရာဟာ  လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ယူနက်စကိုအသိအမှတ်ပြုခံရတဲ့ သီရိခေတ္တရာရှေးဟောင်းဇုန်းထဲမှာ ဖြစ်နေတဲ့အတွက် ရှေးဟောင်းဇုန် ဥပဒေအရ ၆ ပေအထက်မြင့်တဲ့ သစ်ပင်တွေကို ထပ်မံစိုက်ပျိုးခွင့်မပြုတော့လို့ပဲဖြစ်တယ်လို့သိရပါသည်။ အဘဦးဝင်းရွှေရဲ့တစ်ကိုယ်တော် သစ်ပင်စိုက်မှုကို ရှေးဟောင်းဇုန်တစ်ခုဖြစ်သည့် မှော်ဇာကျေးရွာ နဲ့ ဆင်မြီးဆွဲကျေးရွာကြားမှာရှိတဲ့ မုဋ္ဌောကျေးရွာမှာ  ရှေးနှစ်ပေါင်းတစ်ရာကျော်လောက်က ရှိခဲ့တဲ့ လက်သည်းရေကန် ဘုန်းတော်ကြီး(တောင်ကျောင်း)ဝန်းအတွင်းနှင့်  ပြင်ပနေရာတွေမှာ စိုက်ပျိုးလာခဲ့တာဖြစ်ပြီး ယင်းဘုန်းကြီးကျောင်းကြီးတွေ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်တဲ့အခါ သစ်တွေအဖြစ်အသုံးပြုနိုင်အောင် စိုက်ပျိုးခဲ့တာဖြစ်တယ်လို့ လက်သည်းရေကန်ဘုန်းတော်ကြီး(တောင်ကျောင်း)ကျောင်းထိုင်ဆရာတော်ထံကထပ်မံ မိန့်ကြားခဲ့ပါသည်။
 

  မြန်မာနိုင်ငံအတွင်း ရာသီဥတုသိသိသာသာပြောင်းလဲလာမှုကြောင့် သစ်ပင်တွေ များများစိုက်ပျိုးဖို့လိုအပ်နေပြီး၊ မြေနေရာလွတ်များရှိပါက သစ်ပင်တွေ စိုက်ပေးလိုကြောင်းနဲ့ မြန်မာနိုင်ငံသားတွေ သစ်ပင်စိုက်ကြဖို့ကို သူကတိုက်တွန်းပြောဆိုခဲ့ပါသည်။ အဘ-ဦးဝင်းရွှေ စိုက်ပျိုးလာသည့် သစ်ပင်အမျိုးအစားများမှာ သစ်မာအမျိုးအစားတွေဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊တောကုက္ကို နှင့် တောပိတောက်၊ယူကလစ်၊ယင်းမာပင် စုစုပေါင်း ၅၀၀၀ ကျော်ထဲတွင် အများဆုံးက ကျွန်းပင်တွေဖြစ်ပြီး၊ ပျိုးပင်တွေကို ကိုယ်တိုင်ဝယ်ယူပြီး ကိုယ်တိုင်သယ်ယူ ကိုယ်တိုင်တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာခဲ့တာဖြစ်ပါသည်။ တစ်ကိုယ်တော် သစ်ပင်စိုက်ပျိုးသူ အဘဦးဝင်းရွှေ အားနူတ်ဆက်ထွက်ခွာ၍ ကျောခိုင်းခဲ့စဉ်က အဘဦးဝင်းရွှေပြောသည့်စကားဟာ ဂုဏ်ယူဝမ်းမြောက်အတုယူစရာအဖြစ်သို့ပြောင်းလဲသွားခဲ့ပါသည်။အဘ ဦးဝင်းရွှေ မှ… “အဘလို အသက် ၇၅ နှစ်အရွယ်ကြီးကတောင် ကိုယ်နိုင်သလောက်သစ်ပင်တွေစိုက်နေကြတာပဲ၊ လူငယ်တွေ၊ လူလတ်ပိုင်းတွေပါမကျန် အကုန်းလုံးသစ်ပင်စိုက်စေချင်တယ်။ သန်း ၅၀ ကျော်က တယောက်တပင်စိုက်ရင်တောင် အပင် သန်း ၅၀ ကျော်ရှိသွားမှာပါ။ အခုရှေးဟောင်းဇုန်းထဲစိုက်ချင်ပေမဲ့ စိုက်မရတော့ တခြားမြေလွတ်တဲ့နေရာတွေရှိရင် စိုက်ချင်ပါသေးတယ်။”ဟု ပြောဆိုခဲ့ရာ အဘရည်မှန်းချက်တွေ အောင်မြင်ပါစေအဘရယ် ဟုတီးတိုးရေရွတ်ရင်း ပြည်မြို့အိမ်အပြန်ခြေလှမ်းများဖြင့် အဘဦးဝင်ရွှေအားကျောခိုင်းထွက်ခွာသွားခဲ့ပါတော့သည်။….


ဇွန်လ(၁၆)ရက်နေ့ထုတ် ‪#‎Democracytoday‬ နေ့စဉ်သတင်းစာ အတွဲ(၃) အမှတ် (၁၅၈)
ဆောင်းပါးရှင်-
 
K3(pyay)
 
ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)






 

0 comments:

Post a Comment

Facebook Like Page