Sunday, February 15, 2015

ဆားပုလင်းနှင်းမောင်နှင့် မီးခဲမောင်မောင် (မင်းသိင်္ခ) (တတိယပိုင်း)

Leave a Comment
 ဆားပုလင်းနှင်းမောင်နှင့် မီးခဲမောင်မောင် (မင်းသိင်္ခ) (တတိယပိုင်း)
************************************************************************

မီးခဲမောင်မောင်သည် အရက်ကို တစ်ငုံမျှသောက်လိုက်ပြီးနောက် ပန်းကန်အတွင်း၌ နောက်ဆုံး ၀က်အူချောင်းကို ထိုးကော်၍ စားလိုက်၏။ ထို့နောက် လက်ခုပ်အား မတိုးမကျယ်တီး၍ သူ၏ တပည့်တစ်ဦးအား ခေါ်လိုက်၏။ သူ့တပည့်တစ်ဦးသည် သူ့အနီးသို့လာ၍ ရပ်လိုက်လျှင်

ဝက်အူချောင်း ထပ်လုပ်ဦးကွ။ ငါကလည်း ၀က်အူချောင်းကြိုက်၊ ငါ့ သူငယ်ချင်း ကိုရွှေသိန်း ကျော်ကလည်း ငါ့လိုပဲ ကြိုက်လေတော့ မင်းတို့ထည့်ပေးတာ ဘယ်လောက်မလဲကွာ။ ဆရာ အဲဒါ တစ်စည်းလုံး ကြော်လိုက်တာပဲ၊ ကုန်ပြိခင်ဗျာ ၊ ကုန်ရင်လည်း တစ်ခုခု လုပ်ဦးကွာ၊ ငါအရက်သောက်လို့ မပြီးသေးဘူးကွ

မီးခဲမောင်မောင်၏ တပည့်ကလေးသည် ၎င်း၏ဆရာ အရက်နှင့်မြည်းရန်အတွက် မြည်းစရာများအား ပြင်ဆင်ပြီး မီးဖိုအား လေထိုးကာ ဒယ်အိုးတင်၍ ဆီထည့်လိုက်၏။ မီးခဲမောင်မောင်သည် အမြည်းမရှိတော့သဖြင့် အရက်သောက်ခြင်းကို ခေတ္တ ရပ်ဆိုင်းပြီးနောက် စားပွဲခုံဘေးတွင် တစ်စုံတစ်ရာအား လေးလေးနက်နက် စဉ်းစားရင်း လက်နှစ်ဖက်ပစ်၍ လမ်းလျှောက်နေ၏။ သူ၏ တပည့်မှာမူ ဆီကျက်လျှင် ကြော်ရန်အတွက် ကြက်ဥများကို ပန်းကန်တစ်လုံးအတွင်း၌ ဖောက်ထည့်၍ ခေါက်နေ၏။

မောင်ဝိုင်းမောင်မှာမူ ထမင်းဟင်း လျာများကို မြိန်ရေရှက်ရေ စားသောက်နေလေ၏။ မီးခဲမောင်မောင်က ကျွန်ုပ်အား သက်သောင့်သက်သာ ရှိစေ၇န်ဟုဆိုကာ ပက်လက်ကုလားထိုင် တစ်ခုပေါ်သို့ ပြောင်းရွေ့ထိုင်စေရန် သူ၏ တပည့်များကို စေခိုင်းသဖြင့် သူ၏ တပည့်များက ပက်လက်ကု လားထိုင်တစ်လုံး ခင်းကာ ကျွန်ုပ်အား ပြောင်းရွှေ့ပေးခဲ့ကြ၏။ ထိုသို့ သက်သောင့်သက်သာ ရှိစေရန်ဟု ပက်လက်ကုလားထိုင်၌ ထိုင်စေခြင်းစသော လုပ်ငန်းတို့မှာ မီးခဲမောင်မောင် အနေနှင့် ဟန်ဆောင်ပြုလုပ်စေခြင်း မဟုတ်ပေ။ သူ၏ ပင်ကိုယ်စိတ်အတိုင်း ကြင်နာမှု့အရ ဆောင်ရွက်စေခြင်း ဖြစ်၏၊

ကိုရွှေသိန်းကျော် ခင်ဗျား ကောက်ကျစ်ပေမယ့် ခင်ဗျားကို ကျွန်တော်က အကူအညီတောင်းတယ်။ ခင်ဗျားက မိခင်ကြီးကို အကြောင်းပြပြီး လှိုင်လှိုင်တင်ကို အပိုင်စီးချင်တဲ့ ခင်ဗျားရဲ့ အကြံကို ဖုံးကွယ်လိမ်ညာပြီး စာရေးခဲ့တယ်။ အဲဒါကြောင့် အခုခင်ဗျားကို အပြစ်ပေးတာ ၊ ကျုပ်ဆီ စာရေးခဲ့တယ် မဟုတ်လား၊ ခင်ဗျားရဲ့ စိတ်ကသာ တရားခံအစစ်ပါဗျာ။

ကျွန်ုပ်သည် ခေါင်းကို ငုံ့ထားလိုက်၏။ စာလိမ်ရေးမိသည့် အပြစ်အတွက် ကျွန်ုပ်သူ၏ချစ်သူ လှိုင်လှိုင်တင်ကို အပိုင်စီးခဲ့သည့်အတွက် မည်သို့ ပြုလုပ်လိမ့်ဦးမည်နည်း။ သူ့ကို ငွေနှင့်ပေါက်၍ ထောင်ထဲသို့ ပို့ခဲ့သည့်အတွက်မည်သို့သော ဆုလာဘ်များ ချီးမြှင့်ဦးမည်နည်းစသည့် သွေးပျက်ဖွယ်ရာ အတွေးများသည် ကျွန်ုပ်၏ ဦးနှောက်အတွင်းသို့ မခေါ်ပင်ဘဲ အလျှိုအလျှို ရောက်ရှိလျှက်ရှိတော့၏။

ထိုညက မွေ့ရာခြင်ထောင် ၊ ခေါင်းအုံး စသည်များဖြင့် ကောင်းမွန်စွာ အိပ်သော်လည်း ရှေ့တွင် ကြုံတွေ့ရမည့် အန္တရယ် အ၀၀အတွက် ထိတ်လန့်ခြင်းတို့ကြောင့် အိပ်၍ မပျော်ခဲ့ပါ။ နံက်မိုးလင်းလျှင်မူ ကော်ဖီနှင့် နံပြားများအပြင် ကျွန်ုပ်အလွန် နှစ်ခြိုက်သော ကတ်ကြေးတံဆိပ် စီးကရက်များပါလာ၍ ပေး၏။ ထိုနေ့တစ်နေ့လုံး၌ လည်းကောင်း နောက်တစ်နေ့ တစ်နေ့လုံး၌လည်းကောင်း မီးခဲမောင်မောင်သည် ကျွန်ုပ်အား နှိပ်စက်ခြင်း မပြုပါ။ ထိုနေ့ထုပ် သတင်းစာများကို လာပေးသဖြင့် ဖတ်ကြည့်ရာ သတင်းစာတစ်နေရာ၌ ကျွန်ုပ်နှင် ကျွန်ုပ်၏ တပည့် မောင်ဝိုင်းမောင်တို့ ပျောက်ဆုံးနေကြောင်း သတင်းတိုလေး တစ်ပုဒ်ကို ဖတ်ရှု့ရ၏။ ထိုသတင်းအား ခဲတံနီနှင့် ၀ိုင်းထားသည်ကို ထောက်လျှင် မီးခဲမောင်မောင် ဖတ်ရှုပြီးပြီဟု ကျွန်ုပ် နားလည်လိုက်၏။ ထိုနေ့ညတွင်မူ ကျွန်ုပ်လည်း အတော်အတန် နေသာထိုင်သာ ရှိနေပြီ ဖြစ်၏။ မီးခဲမောင်မောင်သည် ကျွန်ုပ်အား ပက်လက်ကုလားထိုင်၌ ထိုင်စေကာ သူကမူ ခွေးခြေတစ်လုံးပေါ်တွင် ထိုင်၍ အောက်ပါအတိုင်း ပြော၏။

ကိုရွှေသိန်းကျော် ဒီနေ့ညဟာ ခင်ဗျားအတွက်ရော ကျွန်တော်အတွက်ပါ သိပ်ပြီး အရေးကြီးတဲ့ည ဖြစ်တယ်။ ပထမ ကျွန်တော် စီစဉ်တာကတော့ ခင်ဗျားကို ဖမ်း၊ ဖမ်းပြီးတော့ ခင်ဗျား ကျွန်တော့်အပေါ်မှာ ကျူးလွန်ခဲ့တဲ့အပြစ်တွေ ပေးဖို့ပါ။ အပြစ်တွေ ပေးတဲ့နေရာမှာလည်း ကျွန်တော့်ကို ပေးထားတဲ့ ဒုက္ခတွေအတွက်သာ မဟုတ်ဘဲ လှိုင်လှိုင်တင့်ကို ပေးထားတဲ့ ဒုက္ခတွေ အတွက်ပါ လက်စားချေဖို့ပဲ။ ဒါပေမယ့် ခင်ဗျား ပျောက်နေတာနဲ့ ပတ်သက်ပြီး ပုလိပ်အဖွဲ့က အပူတပြင်း လိုက်လံ စုံစမ်းနေလေ့တော့ ခင်ဗျားကို အချိန်ဆွဲပြီး လက်စားချေနေဖို့ ကျွန်တော့်မှာ အခွင့်အလမ်း မရှိတော့ ဘူး။ ဒီတော့ ခင်ဗျားကို ဒီညမှာပဲ လက်စားချေပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ကျွန်ုပ်အား သတ်ပစ်တော့မည်ဆိုသဖြင့် ကျွန်ုပ်သည် လွန်စွာ တုန်လှုပ်သွားသည့် အလျှောက် သတိလစ်၍ မေ့မြောသွားမည်ကဲ့သို့ ဖြစ်သွား၏။ မျက်ရည်များ တွေတွေ စီးကျလျှက် ကျွန်ုပ်အား မသတ်ရန် အရှက်မဲ့စွာ အသနားခံ ရလေတော့၏။ ကျွန်ုပ်၏ အယူခံချက် အသနားခံချက်များကို သူသည် သေသေချာချာ နားထောင်ပြီးနောက် လေးနက်စွာ ပြုံးလိုက်၏။

ဒီလိုရှိတယ် ကိုရွှေသိန်းကျော်၊ ခင်ဗျား အလှည့်တုန်းက ကျွန်တော့်ကို သနားကောင်းရမှန်း ခင်ဗျား မသိခဲ့ဘူး။ မဟုတ်လား၊ သေရတာဟာ ဒုက္ခ မဟုတ်ပါဘူးဗျာ။ ချစ်တဲ့သူနဲ့ ကွေ့ကွင်းရတဲ့ ဒုက္ခ၊ မချစ်မနှစ်သက်တဲ့ သူနဲ့ ပေါင်းသင်းရတဲ့ ဒုက္ခတွေနဲ့စာရင် သေရတာ ဒုက္ခ မဟုတ်လှပါဘူးဗျာ။ အဲ... အဲ..... ကျွန်တော့် ပထမစကားကို ဆက်ပြီး ပြောရဦးမယ်။ ခင်ဗျားကို သတ်ဖို့ ဆုံးဖြတ်ပြီးတာနဲ့ ဘယ်လို သတ်ရမလဲလို့ ကျွန်တော် စဉ်းစားရပြန်တယ်ဗျ။ ကျွန်တော် စဉ်းစားမိပုံကလေးကို ခင်ဗျားကို ပြောပြရဦးမယ်။ ဟောဟို ခြောက်ထမ်းဝင် ရေတိုင်ကီထဲမှာ ခင်ဗျားကို ကြိုးနဲ့ တုပ်ထားပြီး ထည့်ထားမယ်။

ကျွန်ုပ်သည် သူညွန်ပြသော တိုင်ကီနှစ်လုံးအား ကြောက်ကြောက်နှင့် ကြည့်မိသေး၏။ တိုင်ကီဘေးနားမှ မဓမတိုင် လေးငါးလုံးကိုလည်းကောင်း တူရွင်းများကိုလည်းကောင်း တွေ့ရှိရာ ထိုအရာများကား ကျွန်ုပ်အတွက် တမင်စီစဉ်ထားသော ပစ္စည်းများဖြစ်ကြောင်းကို သိလျှင် မီးခဲမောင်မောင်သည် လုပ်ကြံ၍ ပြောဆိုခြင်း မဟုတ်ဘဲ အမှန် ပြုလုပ်လိမ့်မည် ဖြစ်ကြောင်း သိရတော့၏။

ဒါပေမယ့် ဒီလိုလုပ်ဖို့ မသင့်ပြန်ဘူးလို့ စဉ်းစားမိပြန်တယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျား ကျွန်တော့်အပေါ်မှာ ကျူးလွန်ခဲ့တဲ့ အပြစ်တွေမှာ ကျွန်တော့်ကို ထောင်ကျအောင် ၊ ချစ်သူနဲ့ကွဲအောင် ၊ ကျွန်တော့် ချစ်သူကို ခင်ဗျားရအောင်ပဲ လုပ်ခဲတာဗျ။ ကျွန်တော့်ကို သေအောင် သတ်ခဲ့တာ မဟုတ်လေတော့ ခင်ဗျားကို လက်စားချေတာဟာ ကျွန်တော် မတရားလုပ်သလို ဖြစ်နေမှာ စိုး၇ိမ်မိပြန်တယ်။

သူ၏ စကားကြောင့် သေတွင်းသို့ မဆင်းရတော့ဟု သဘောပေါက်ကာ ကျွန်ုပ် ၀မ်းသာမိပြန်၏။ ကျွန်ုပ်သည် ထိုအချိန်၌ ကြောက်စိတ်များ အစဉ်သဖြင့် လွှမ်းမိုးနေသည်ဖြစ်ရာ လွတ်မြောက်ရန် နည်းလမ်းကို မရှာကြံနိုင်ကြောင်း ၀န်ခံရပေမည်။ ကျွန်ုပ်၏ ယုတ်မာခဲ့မှု့ ၊ တစ်ဖက်သတ် အနိုင်ယူခဲ့မှု့များကြောင့်လည်း များစွာ နောင်တရမိ၏။ မီးခဲမောင်မောင်ကဲ့သို့ အေးစက်တည်ငြိမ်၍ လက်စားချေလိုစိတ်များဖြင့် ပြည့်နှက်လျက် ရှိသူတစ်ဦးအား ပို၍ မိမိကစ၍ မကျူးကျော်မိရန် ရှိရမည့်အစား သူအနာကြီးနာမည့် အပြုအမူများ ပြုလုပ်ခဲ့မိခြင်းသည် သေမင်း၏ နှုတ်ခမ်းမွေးအား ဆွဲနှုတ်၍ ရန်စသည်နှင့် တူလှတော့၏။

ဒီတော့ အကောင်းဆုံး အစီအစဉ်တစ်ခုကို ရှာရပြန်တယ်။ ည(၈) နာရီမှ ကျွန်တော်တို့ ဒီနေရာကနေ ရှောင်တိမ်းရမှာ ဖြစ်တယ်။ ကျွန်တော့်လူတွေကို ည(၈) နာရီ ထိုးတာနဲ့ ဒိနေရာကနေ ထွက်သွားခိုင်းမယ်။ ခင်ဗျား တပည့်လေး မောင်ဝိုင်းမောင်ကို သူတို့နဲ့ တစ်ပါတည်း ထည့်ပေးလိုက်မယ်။ မနက်ကြရင် သမ္ဗာန်စီးပြီး အလွယ်တကူ ပြန်လို့ရနိုင်တဲ့ နေရာအထိ လိုက်ပို့ပေးလိုက်မယ်။ ခင်ဗျားနဲ့ ကျွန်တော်ကတော့ ဒီတဲကြီးထဲမှာ ကျန်ခဲ့ကြမယ်။ ခင်ဗျားကလည်း ခင်ဗျား လွတ်မြောက်ဖို့ ကြိုးစားရမယ်။ ကျွန်တော်ကလည်း လင်ဗျားလက်ချက် မဦးနိုင်အောင် ကြိုးစားရမှာပဲ။ ဒီတော့ ခင်ဗျား အရင်လည်း သေနိုင်တယ်။ ကျွန်တော်အရင်လည်း သေနိုင်တယ်။
ဗျာ.....

ကျွန်ုပ်သည် နားမလည်ခြင်း ၊ ကြောက်လန့်ခြင်းတို့ဖြင့် ... ဗျာ .... ဟု ရေရွတ်မိ၏။

ကိုရွှေသန်းကျော် သိတ်ပြီး မရှင်းသေးဘူးနဲ့ တူတယ်။ ဒီလိုပါ ကိုရွှေသိန်းကျော် ကျွန်တော့်လူတွေက တဲကြီးရဲ့ အပေါက်တွေကို အပြင်ကနေ မဓမတိုင်ကြီးနဲ့ ကန့်လန့်ပြီး ပိတ်သွားကြလိမ့်မယ်။ ခင်ဗျားနဲ့ ကျွန်တော်ကို အပြင်ကနေ မဓမတိုင်ကြီးနဲ့ ကန့်လန့်ပြီး ပိတ်သွားကြလိမ့်မယ် ခင်ဗျားနဲ့ ကျွန်တော် နှစ်ယောက်တည်း ကျန်ခဲ့မယ်
ကျန်ပြီးတော့....

ကျန်ပြီးတော့ ခင်ဗျားက ဒီထဲထဲမှာရှိတဲ့ လက်နှစ်ထဲက ကြိုက်ရာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် သေနတ်တော့ မပါဘူး။ ကျွန်တော်ကတော့ ဟောဒီ ခြောက်လုံးပြူကိုင်မယ်။

ဟာ.....

ဘာလဲ ခင်ဗျားက ကျွန်တော့်ကို သေနတ်နဲ့ဆိုတော့ ကျွန်တော်ပဲ နိုင်မှာပေါ့လို့ ဆိုချင်တာလား။ ဒီလိုလည်း မဟုတ်ဘူးလေဗျာ။ ကျွန်တော်က သေနတ်ကိုင်ပေမဲ့ ခင်ဗျားကို အခွင့်အရေးပေးတဲ့ အနေနဲ့ ကျွန်တော် မျက်လုံးကို အ၀တ်စည်းထားမှာပါ။ ခင်ဗျား ဘယ်နေရာမှာ ရှိတယ်ဆိုတာ မသိနိုင်ဘူးပေါ့....

အင်း.....

ခင်ဗျားက ကျွန်တော့်အလစ်မှာ ဟောဟိုဓားနဲ့ တအားလွဲခုတ်နိုင်တယ်။ ဟောဟို ဂေါ်ရခါးဓားကောက်နဲ့ ပေါက်နိုင်တယ်။ အိုဗျာ ဒီတဲထဲမှာရှိတဲ့ လူသေလောက်တဲ့ လက်နက်မှန်သမျှကို ခင်ဗျား သုံးနိုင်ပါတယ်။ ကျွန်တော် သေနတ်ထဲမှာ ကျည်ဆန် ခြောက်တောင့်တည်း ထည့်ထားမှာပါ။ အဲဒီ ကျည်ဆန်ကုန်တဲ့အထိ ခင်ဗျားကို မှန်အောင် မပစ်နိုင်ရင် ခင်ဗျား မျက်စိဖွင့်လျက် ကျွန်တော်က မျက်စိပိတ်လျက် လက်နက်မဲ့ ခံရမှာပါ။ ကျည်ဆန်ကုန်သွားလည်း ကျွန်တော်ဟာ မျက်စိမှာ စည်းထားတဲ့ပ၀ါကို မဖြုတ်ဘူး။ ခင်ဗျား စိတ်ကြိုက်လက်နက်နဲ့ ကျွန်တော်ကို လုပ်ကြံနိုင်ပါတယ်။

သြော်......

ဒါပေမဲ့ ပိုပြီး တရားသဖြင့် ကျအောင် ဘယ်သူက သေနတ်ကိုင်ရမယ်ဆိုတာကိုလည်း မဲချမယ်ဗျာ။ ကဲ ကျေနပ်ပြီလား။
မီးခဲမောင်မောင်သည် ပြောပြောဆိုဆိုပင် နာရီကို ငုံ့ကြည့်လိုက်ရာ (၈)နာရီ ထိုးခါနီးပြီ ဖြစ်သဖြင့် သူ၏လူများကို လက်ခုပ်တီး၍ ခေါ်လိုက်၏။ သူ၏ လူများရောက်လာလျှင် အစီအစဉ်များကို ပြောပြ၏။ သူ၏တပည့်ထဲမှ တစ်ယောက်သော တပည့်က...

ဆရာကလည်းဗျာ အလကား ဒုက္ခရှာလို့၊ ဒီကောင့်ကို တစ်ခုခုလုပ်လိုက် ပြီးရောဗျာ.....
ဟု ပြောလိုက်ရာ မီးခဲမောင်မောင်၏ မျက်နှာသည် ရဲခနဲ ဖြစ်သွားပြီး ကျွန်ုပ်၏ မျက်နှာကိုလည်း အားတုံ့အားနာ ဖြစ်စွာဖြင့် လှမ်း၍ကြည့်၏။ ထို့နောက် ထိုတပည့်၏ ပါးအား ဖြန်းခနဲရိုက်၍....

မင်းတော်တော် ရိုင်းတဲ့ကောင် ၊ ကိုရွှေသိန်းကျော်က လူကြီးလူကောင်းကွ၊ ဒီကောင်ဆိုတဲ့ အသုံးအနှုံး မသုံးသင့်ဘူး။ ပြီးတော့ ငါ့ရဲ့ ဧည့်သည်လည်းဖြစ်တယ်။ နောက်ကို မင်းတို့ ငါခိုင်းတာပဲလုပ်၊ ငါ့ကို အကြံပေးလား ၊ ဆရာလုပ်လား မလုပ်ကြနဲ့။ မင်းတို့ထက် ကြံရည် လုပ်ရည်ကိုင်ရည်ရော သာလို့ ဆရာလုပ်နေတာ ကြားလား။
သူ၏တပည့်အားလုံးသည် မျက်လုံးကလေးများ ပေကလပ် ပေကလပ်နှင့် ထိတ်လန့်နေပုံရ၏။

ကဲ.... ကိုရွှေသိန်းကျော်၊ အချိန်မရှိဘူး။ ကျွန်တော်တို့ အလုပ်အတွက် ပြင်ဆင်ကြရအောင်၊ ရော့... ဒီပိုက်ဆံအိပ်ကို ခေါင်းလား ပန်းလား လှန်ပါ။ ကျွန်တော်က ပန်းယူမယ်။ ခင်ဗျားက ခေါင်းယူပါ။ မှန်တဲ့လူက သေနတ်ယူရမယ်။ ဟုတ်ပြီးလား။

သူသည် ကျွန်ုပ်အား ဂျော့ခေါင်း ကျပ်ပြားတစ်ချပ်အား အိပ်တွင်းမှနှိုတ်၍ ပေးလိုက်၏။ ကျွန်ုပ်ကလည်း သမ္မာဒေ၀ နတ်ကောင်းနတ်များအား တိုင်တည်၍ မြှောက်တင်လိုက်ရာ ငွေဒင်္ဂါးလေးသည် လည်လည်နှင့် တက်သွားပြီးနောက် မြေပေါ်သို့ ဘတ်ခနဲ့ပြန်ကျ၏။

ပန်း.....

သူ၏တပည့်များက ၀ိုင်း၍ အော်၏။ သူကတော့ ဘာမျှ မပြော။ ကဲ.... မင်းတို့က တဲတံခါးတွေ လျှောက်ပြီးပိတ်တော့၊ မင်းတို့ ထွက်သွားဖို့ ဟောဒီ တစ်ပေါက်ချန်ထား၊ အားလုံးကိစ္စပြီးလို့ ထွက်သွားတဲ့အခါကျမှ အဲဒီ အပေါက်ပါ ပိတ်ထားကြ။ ငါ ပြောထားတဲ့ နေရာကို ဒီညတွင်းချင်း အရောက်သွားကြ၊ မောင်ဝိုင်းမောင်ကိုတော့ ဟိုမြစ်ဆုံက မီးပြကလေးနားမှာ ထားခဲ့။ သူ့ကို ဆေးလိပ်တို့ မီးခြစ်တို့ အပြည့်အစုံ ပေးထားခဲ့ဖို့ကို မမေ့ကြနဲ့ ကြားလား။

ဟုတ်ကဲ့ ဆရာ....

မောင်ဝိုင်းမောင်၊ မင်းကို ငါက ကတိပေးထားတဲ့ အတိုင်း ဟောဒိမှာ ငွေငါးရာ၊ နောင်ပြီး တစ်ညလုံး မြစ်ဆုံက မီးပြတိုက်လေးမှာ နေရမှာ၊ မနက်မှ သမ္ဗာန်တစ်စင်းစင်းကို ခေါ်ပြီး ရန်ကုန်ဘက်ကို ကူးရမှာကွ၊ ဒီတော့ မြစ်ဆုံမှာ လေလည်း သိတ်တိုတယ်။ မင်း သိတ်ချမ်းနေမယ်။ ဟောဟိုတန်းပေါ်မှာ ရှိတဲ့ငါ့ဆွယ်တာကို ၀တ်သွား၊ မောင်ဝိုင်းမောင်သည် ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်နေသဖြင့် သူကိုယ်တိုင်ပင် တန်းပေါ်မှ ဆွယ်တာကို ယူ၍ ပေး၏။ ၀တ်လည်း ၀တ်ခိုင်း၏။

မင်းဆရာ ကံကောင်းရင်တော့ လွတ်မှာပါကွာ၊ သူလွတ်တယ်ဆိုရင် ငါလည်း သေမှာပဲ။ ဒီတော့ မင်းကိုလည်း ခဏ ဆုံရကြုံရတဲ့ မိတ်ဆွေတစ်ယောက် အနေနဲ့ နှုတ်ဆက်ပါတယ်။ ကိုရွှေသိန်းကျော် ခင်ဗျားတပည့်နဲ့ ခင်ဗျား ပြောစရာရှိတာ ဆယ့်ငါးနှစ် လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ်။ ကဲ.... ငါ့ကောင်တွေနဲ့ ငါလည်း ပြောစရာ ရှိတာကို ပြောရအောင် ဒီလာကြဟေ့...။

မီးခဲမောင်မောင်သည် သူ၏ တပည့်လေးယောက်နှင့် ၀ိုင်းဖွဲ့ကာ မှာစရာ ရှိသည်များကို မှာကြားလျက်ရှိ၏။ ကျွန်ုပ်မှာမူ မောင်ဝိုင်းမောင်အား မျက်ရည်စက်လက်နှင့် အိမ်သို့ အကြောင်းကြားပေးရန်မှ အစ မီးခဲမောင်မောင်တို့အား မမိမချင်း လိုက်လံ ဖမ်းဆီးရန် ပုလိပ်ဘက်အား ငွေအမြောက်အမြားသုံး၍ အပူကပ်ရန် ၊ ဆုငွေများ ထုပ်ရန်မှ အစ မှာကြားလျှက် ရှိ၏။ ဆယ်ငါးမိနစ် ပြည့်သည်နှင့် မီးခဲမောင်မောင်တို့ လူစုသည် ကျွန်ုပ်နှင့် မျက်နှာချင်းဆို၍ လာ၏။

မောင်ဝိုင်းမောင် ဟောဒီ ပ၀ါကို အထူအပါး မင်းစိတ်ကြိုက်ခေါက် မျက်လုံးမှာ စည်းကြည့်ပြီးရင် မင်းဆရာ ကို သွားပြီး စည်းပေးလိုက်ဦး၊ ကျေနပ်ပြီဆိုရင် ငါ့မျက်နှာမှာလာပြီး စည်းပေးတော့.....

မောင်ဝိုင်းမောင်သည် မီးခဲမောင်မောင်ပေးသော ပ၀ါလေးအား ခေါက်၍ သူ၏ မျက်နှာ၌ စည်းကြည့်၏။ မီးခဲမောင်မောင်သည် သူ့ခါးကြားမှ ခြောက်လုံးပြုးကိုထုပ်ကာ ဆုံလည်တွင်းမှ ကျည်ဆန်ခြောက် တောင့်ကို ထုပ်ကာ ကျွန်ုပ်အား ပြသကာ တစ်ထောင့်ချင်း ပြန်ထည့်လိုက်၏။

(ဇာတ်သိမ်းပိုင်း)
မျှော်...

ဆက်လက်ဖော်ပြပါမည်။
အားလုံးကိုခင်မင်လေးစားလျှက်

ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page