Monday, August 15, 2016

ပြည်မြို့ တည်နေရာနှင့် အချက်အလက်များ

Leave a Comment

ပြည်မြို့ တည်နေရာနှင့် အချက်အလက်များ
ပြည်မြို့နယ်သည် မြောက်လတ္တီတွဒ် ၁၈.၄၄ မှ ၁၉.၀၆ အရှေ့လောင်ဂျီကျူ့  ၉၅.၃၉ မှ ၆၅.၂၉ တွင် တည်ရှိသည် ။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၀၀ မြင့်သည်။ဧရာဝတီမြစ် အရှေ့ ဘက်ကမ်းတွင် ရှိသည် ။ အနောက်ဘက်တွင် ပန်းတောင်းမြို့နယ်နှင့် ဧရာဝတီမြစ်ကမ်းနယ်နိမိတ် ၊ အရှေ့ဘက်တွင် ပေါက်ခေါင်းမြို့နယ် ၊ မြောက်ဘက်တွင် အောင်လံ မြို့နယ် ၊ အနောက်တောင်ဘက်တွင် ရွှေတောင်မြို့နယ်၊ အရှေ့တောင်ဘက်တွင် သဲကုန်းမြို့နယ်များရှိသည်။ ဇဗ္မူဒီပဥဆောင်ကျမ်းစာအုပ်တွင် သက္ကရာဇ် ၉၉၉ မတိုင်မီ စစ်တမ်း၌ သရေခေတ္တရာပြည်ကို သက္ကရာဇ် ၄၂ခု တန်ဆောင်မုန်း လဆန်း ၄ရက်နေ့တွင် မဟာ သမ္ဘာဝ မင်းလက်ထက်တည်သည် ×××ရှေ့လားသော် ဝါးရုံချောင်းတစ်ဘက် မြေထဲမိုးဖုံး နှင့် အစပ်။တောင်ကိုလားသော် တပ်ရွာတောင်ညောင် ပင်တစ်ဘက် တိုင်းတာမြေနှင့် အစပ်။မြောက်ကိုလားသော် လူနီကြီး ရှမ်းသက် တဘက် ပတိမ်းမြေနှင့်အစပ် ××× ရွာပေါင်း ၁၆ရွာပါသည်။××× ဟူ၍ပြဆိုသည်။ တစ်ဖန် ညောင်ရမ်းခေတ် ဓမ္မာရာဇာ မဟာဓိပတိ တရား လက်ထက်(သက္ကရာဇ် ၉၉၉) မြို့ပြစစ်တမ်းတွင် သရေခေတ္တရာနယ်ကား အရှေ့လားသော် ကုန်းခေါင် အုတ်ရှစ်တောင် ပထိုးအိုင် ။ တောင်ကိုလားသော် တူးမြောင်း (အနောက် ) ၊အနောက်ကိုလားသော် ဧရာဝတီ၊မြောက်ကိုလားသော် ပန်းခုန်ရပ်(နတ်တောင်) အရှေ့မြောက် မြဝတီမြေနှင့် ကျောခိုင်း×××ဟူ၍ ပြဆိုသည် ။(မြဝတီမှာ ကံမမြို့ မဟုတ်ပါ မြေထဲမြို့ အောက် ညောင်ပင်ဆိပ်အဝင် မြဝတီမြို့ဟု မှတ်သားရပါသည်) ညောင်ပင်ဆိပ်အဝင် မြဝတီနယ်ကား အရှေ့ကို လားသော် ဆင်တုပ်မြေနှင့်ကျောခိုင်း ၊တောင်ကိုလားသော် ကုန်းရွာလင်းထိ လည်းစီးရင်သည့် ရွှေ ကျောင်းထိ၊အနောက်ကိုလားသော် ဧရာဝတီရွှေ(တောင်)ကျောက်ဖျာ ၊မြောက်ကို လားသော် ပန်းတန်ချောင်း။ မြေထဲမြို့နှင့် ညောင်ပင်ဆိပ်ရွာတို့အကြား ညောင်ပင်ဆိပ်အဝင် မြဝတီဟူ၍ရှိပြီး သရေခေတ္တရာ နယ်မြေနှင့် ကျောခိုင်းနံစပ် ဖြစ်သည်။ယခု အခါ ညောင်ပင်ဆိပ်အဝင် မြဝတီနယ်မြေကို ရှာဖွေ မတွေ့ရတော့ပါ။ ပြည်မြို့သည် ရေလမ်း၊ကုန်းလမ်း၊ရထားလမ်း၊ လေကြောင်းခရီးတို့ ပေါင်းဆုံရာမြို့ဖြစ်သည် ။ ရန်ကုန်မြို့မှ ကားဖြင့် ၁၇၉ မိုင်၊မီးရထား ၁၆၁ မိုင် ၊ရေလမ်း ၂၆၃ မိုင်ကွာဝေးသည် ။ ကုန်းဘောင်ခေတ် ဆင်ဖြူ ရှင် မင်းလက်ထက်ရေးဖွဲ့သည့် ရန်ကုန်ပြည် ရေလမ်း ခရီး ၊ဧရာဝတီ မြစ်စဉ် လင်္ကာ ။ ×××ဘက်ကျွန်းစံရာ×××အစချီ လင်္ကာ သုံးပိုဒ်တွင် ရန်ကုန်မြို့မှ အင်းဝသို့ တိုင်အောင် ဧရာဝတီ မြစ်ကြောင်း အကွာအဝေး ၄၄ စခန်း ရှိသည်ဟု ပြဆိုသည်။ရန်ကုန်နှင့်အင်းဝ တာပေါင်း နှစ်သိန်းလေးသောင်း ရှိကြောင်း ဖော်ပြသည်။ ပြည်မြို့အထက်ဘက်မြို့ရွာများကို တိုင်ဖြင့်ပြဆိုသည်။ တစ်တိုင်လျင် အကွာအဝေး နှစ်မိုင်ဖြစ်၏။ လောင်းရွှေကျင်က ၊ စက်ရှင်လျှံဝင်း ၊ဆန်ပြန်လျင်းသော် ရေကင်းရောက်အောင် နှစ်တိုင်ဆောင်၏။ ကနောင်သုံးထား၊ ဒွေးကားမြန်အောင်၊ တစ်ဆောင်ပုံအုပ်၊တလုပ်မော်လေး၊ညောင်စာရေး ဇယ၊ အဋ္ဌရွှေတောင် ၊တိမ်မှောင်ရစ်ဆို့ ၊ပြည်မြို့ရိပ်မြုံ၊ ဇလုံ သောင်ထိပ်၊ညောင်ပင်ဆိပ်နှင့် ၊ရုံးဆိပ်မြေထဲ ၊တစ်ကွဲ လင်ချောင်း၊ ၎င်းခြောက်မှာ၊ငါးတိုင်သာတည့် ××× ရွှေကျင်မှ ဧရာဝတီမြစ်ကို ဆန်လျင် ရေကင်းသို့ ၄မိုင် ၊ကနောင် ၆မိုင် ၊မြန်အောင်သို့ ၄မိုင် ၊တလုပ်မှော် ၄မိုင်၊၊ ညောင်စရေး၊ရွှေတောင် ၁၆မိုင်နှင့် ရွှေတောင်မှပြည်၊ဇလုံ (ကျော်စွာ)၊ညောင်ပင်ဆိပ်၊ရုံးဆိပ်၊မြေထဲ၊လင်းချောင်း၊ ×××အဆိုပါခြောက်ဌာနတို့သည် (၅တိုင်)၁၀မိုင်စီ ကွာဝေးသည်ဟုပြဆိုထားပေသည်။(မြန်မာစာ ညွန့်ပေါင်းကျမ်းဒုတိယတွဲ - စာ ၂၄၈) သို့သော် ယနေ့အချိန်အခါတွင်မူ ဧရာဝတီမြစ်ကြောင်း အမျိုးမျိုး အဖုံဖုံ ပြောင်းလဲ စီးဆင်း၍ မိုင်တိုင်များ မတူညီ နိုင်တော့ပေ။ ယခုအခါ ပြည်မြို့နယ်သည် တောင်မြောက် ၂၄မိုင် အရှေ့အနောက် ၁၇မိုင်နှင့် စတုရန်းမိုင် ၃၁၄.၃၄ ရှိသည်။ဧကအားဖြင့် ၁၉၄၈၂၀ ရှိသည်။ ရပ်ကွက် ၁၀ နှင့် ကျေးရွာ အုပ်စု ၅၅၊ ကျေးရွာပေါင်း ၁၉၀ ရှိပါသည်။
ပြည်မြို့နယ် လူဦးရေ
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ တွင် စစ်တမ်းများအရ မြို့နယ် လူဦးရေစာရင်း.... ကျား ၁၀၀၈၉၃ + မ ၁၁၁၁၄၃=ပေါင်း ၂၁၂၀၃၆ ယောက်ဖြစ်ပါသည်
ကိုးကား-ပြည်မြို့ အမှတ် ၁ အ.ထ.က မဂ္ဂဇင်း
ပြည်သတင်း









0 comments:

Post a Comment

Facebook Like Page