Tuesday, September 13, 2016

ဝပြည်နယ်ပေးရမတဲ့လား သရ၀ဏ်(ပြည်)

Leave a Comment

ဝပြည်နယ်ပေးရမတဲ့လား

သရ၀ဏ်(ပြည်)

ကျင်းပပြုလုပ်ခဲ့ပြီးတဲ့ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကြီးမှာ အမှတ်ထင်ထင်ဖြစ်ရတာတွေကတော့အများကြီးပါပဲ ။ပထမဆုံးအဖြစ်ကတော့ ငြိမ်းချမ်းရေးညီလာခံကိုတက်ရောက်လာတဲ့ ၀အထူးဒေသ (၂) ရဲ့ကိုယ်စားလှယ်အဖွဲ့ ဟာ သူတို့ ကို လေ့လာသူအဆင့်ပဲရှိတဲ့ဝင်ခွင့်ကတ်ပြားတွေပေးထားလို့ ခွဲခြားဆက်ဆံခံရတယ်ဆိုပြီး ညီလာခံကနေ ထွက်ခွာသွားတဲ့ဖြစ်ရပ်ဖြစ်ပါတယ် ။ ၀လက်နက်ကိုင်အဖွဲ့  ( UWSA ) အဖွဲ့ ညီလာခံကနေ ဒုတိယနေ့မှာထွက်ခွာသွားရခြင်းဟာ မောင်းထောင်ကလဲမောင်းထောင် ၊တောင်ငူကလဲတောင်ငူဆိုတဲ့စကားပုံလို နှစ်ဖက်စလုံးကချိတ်ချိတ်ခြင်းချိတ်မိလေသလားလို့တောင်ထင်မိပါတယ် ။ အရင်ဆုံး ၀လက်နက်ကိုင်အဖွဲ့ ရဲ့ကိုယ်စားလှယ်ဆိုသူတွေကိုကြည့်ရအောင် ။သူတို့ ပြန်သွားတာဟာ အရင်ထဲက ငိုချင်ရက်လက်တို့ ဆိုသလိုများဖြစ်နေသလားလို့ ထင်မြင်မိပါတယ် ။ ငိုချင်လို့အကြောင်းရှာနေတဲ့ကလေးတစ်ယောက်ကို လက်နဲ့ သွားထိမိ တို့ မိတော့ ငိုဖို့ အကွက်ရသွားပြီး လူးလှိမ့်ငိုတော့သလိုဖြစ်နေပါတယ် ။ အစတည်းက ငိုချင်စိတ်မရှိတဲ့ကလေးဟာ လက်နဲ့ တို့ ရုံမဟုတ်ဘူး ၊ လက်နဲ့  ပုတ်လိုက်ရင်တောင် ငိုမိမှာမဟုတ်ပါဘူး ။ ၀အထူးဒေသ(၂) ကကိုယ်စားလှယ်တွေ ( UWSA ရဲ့ ကိုယ်စားလှယ်တွေ ) ဟာလဲဒီသဘောပဲဖြစ်နေမယ်ထင်ပါတယ် ။ သူတို့ ဟာ တိုင်းရင်းသားတွေအပစ်အခတ်ရပ်စဲရေး စာချုပ်မှာလက်မှတ်ထိုးတော့လည်း သူတို့ မပါပါဘူး ။ သူတို့ နဲ့အပစ်ရပ်ပြီးသားမို့ ပါစရာမလိုပါဘူးတဲ့ ။ အခြားဆွေးနွေးပွဲတွေမှာလည်းတက်ချင်သလိုလို ၊မတက်ချင်သလိုလို တွေမကြာခနဟန်ရေးပြပါတယ် ။ အခုပွဲကိုတောင် တရုတ်ဘက်က မီးစိမ်းပြတာရော ၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကဖိတ်လွန်းလို့  လာမတက်ရင်ငြိမ်းချမ်းရေးမလိုလားသူလို့  တံဆိပ်ကပ်ခံရမှာစိုးတာရယ်ကြောင့် မလာချင့်လာချင်နဲ့ လာခဲ့ရပုံပါပဲ ။ လာတော့လည်း ကိုယ်စားလှယ်ဆိုသူတွေပဲလာပြီးထိပ်တန်းခေါင်းဆောင်တွေလာမတက်ခဲ့ပါဘူး ။ တကယ်တန်းပြောရရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ ၊တိုင်းရင်းသားနိုင်ငံရေးပါတီတွေက ဖက်ဒရယ်အခွင့်အရေးတွေ ၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အခုမှစပြီးတောင်းနေရတာ ၊ဆွေးနွေးနေရတာပါ ။ ၀အဖွဲ့ ကတော့ အခြားတိုင်းရင်းသားတွေတောင်းနေတဲ့ အခွင့်အရေးတွေထက် အဆပေါင်းများစွာရထားပြီးပါပြီ ။ မြန်မာနိုင်ငံမှာဘယ်တိုင်းရင်းသားမှမရတဲ့အခွင့်အရေးတွေပါ ။ ဖက်ဒရယ်ထက်တောင်ပိုနေပါပြီ ။ကိုယ်ပိုင်နိုင်ငံတော်လိုကိုဖြစ်နေပါပြီ ။ ဘာကြောင့်လဲဆိုတော့ ဖက်ဒရယ် စနစ်မှာ ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ) ရဲ့စောင့်ကြည့် ထိမ်းညှိမှုတွေ ရှိပါသေးတယ် ။ ဥပမာ ကာကွယ်ရေး ၊ ရဲတပ်ဖွဲ့  ၊ ရွေးကောက်ပွဲ စတာတွေပါပဲ ။

 အခု ၀အထူးဒေသကရထားတဲ့အခွင့်အရေးတွေကတော့ မြန်မာနိုင်ငံနယ်နိမိတ်ထဲမှာနေနေတယ်ဆိုတာ စာရွက်ပေါ်မှာပဲရှိတော့တာပါ ။ သုံးတော့တရုတ်ငွေကြေး ၊ ပြောတော့ တရုတ်စကား ၊ ရဲတပ်ဖွဲ့ တောင် ကိုယ်ပိုင်ရဲတပ်ဖွဲ့  ၊ ကိုယ်ပိုင်စစ်တပ်နဲ့  ၊ မိုင်းလားဆိုရင် ဘယ်ရွေးကောက်ပွဲ ကော်မရှင်မှလည်း ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ဘူး ။ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊တရားစီရင်ရေးမှာ မြန်မာနိုင်ငံရဲ့အာဏာဟာဘယ်နေရာမာမှ ၀အထူးဒေသ(၂)အပေါ်မှာမရှိပါဘူး ။ မြန်ာနိုင်ငံမှာလောင်းကစားလုပ်ငန်း (ကာဆီနို) ကို ဗြောင်တရားဝင်လုပ်နေတဲ့နေရာ ဖြစ်ပါတယ် ။ဥပဒေအရတားမြစ်ထားတဲ့တောရိုင်းတိရိစ္ဆာန်တွေကိုတရားဝင်ရောင်းဝယ်ဖောက်ကားနေတဲ့အရပ်ဖြစ်ပါတယ် ။ မြန်မာနိုင်ငံတော်ရဲ့ ဥပဒေမထိုးဖောက်မ၀င်ရောက်နိုင်တဲ့အရပ်ဒေသဖြစ်ပါတယ် ။ ဗိုလ်ချုပ်ခင်ညွန့်တို့လက်ထက်က အပစ်အခတ်ရပ်စဲရင်ပြီးရောလုပ်ချင်တာလုပ်ကြဆိုတဲ့ပုံစံနဲ့ အပေးအယူတွေလုပ်ခဲ့ကြတဲ့ရလာဒ်ပါပဲ ။   နိုင်ငံတော်ရဲ့ဥပဒေကို တိုက်ရိုက်သွေဖီနေတဲ့ဒေသဖြစ်ပါတယ် ။ အဲဒိလိုနေရာမျိုး ၊အဲဒိလိုဒေသမျိုးဟာ အခုမှ ကိုယ့်ပြည်နယ်မှာ ၀န်ကြီးချုပ်ကို ကိုယ်ပိုင်ခန့် ခွင့်ရှိဖို့ လောက၊ တိုင်းရင်းသားဘာသာစကား၊စာပေယဉ်ကျေးမှုလေးတွေအသိအမှတ်ပြုဖို့ တောင်းဆိုနေရတဲ့ အဆင့်ကို စိတ်ဝင်စားပါ့မလား ။ ဥပမာအားဖြင့် ငွေကုဋေနဲ့ချီပြီးရှိတဲ့သူက ငွေ တစ်သိန်းလောက်၊ တစ်သောင်းလောက်တောင်းကြတဲ့ပွဲမှာ ၀င်ပါချင်ပါ့မလား ။ အကယ်၍များအားလုံးတစ်သိန်းစီပိုင်ဆိုင်ကြစေဆိုပြီးညီတူညမျှ အမိန့် ချခဲ့ရင် ပိုရထားတဲ့ဟာတွေတောင် ပြန်အပ်ရဦးမယ့်အဖြစ်မျိုးမဟုတ်လား ။ ဒီတော့ ဒီပွဲဟာ သူတို့ အတွက်ဘာမှ ဆွဲဆောင်မှုမရှိပေဘူးပေါ့ ။ အဲဒိလိုကြီးဗြောင်ပြောရမှာလည်းမဖြစ်တော့ တက်သာတက်လာရ ၊ ဒီပွဲ ကနေမြန်မြန်ပြန်ရဖို့အကွက်ကိုချောင်းနေပုံပါပဲ ။ ဒါ့ကြောင့် ညီလာခံစီစဉ်သူတွေက မှားယွင်းပြီး( ဒါက စီစဉ်သူတွေအပြော) လေ့လာသူအဆင့်ကတ်ပြားတွေထုတ်ပေးတယ် ဆိုတာနဲ့  ဘာမှ စောဒကတက်ညှိနှိင်းမနေတော့ပဲ  ရေငတ်တုန်းရေတွင်းထဲပြုတ်ကျသလို အမြန်ဆုံး ၀နယ်မြေဆီ ပြန်ဒိုးလာခဲ့တာဖြစ်ပါတယ် ။ တကယ်သာ အဲဒိကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေးဆွေးနွေးချင်စိတ်ရှိရင် သူတို့ ဟာ ဆွေးနွေးဖို့လာတာဖြစ်ကြောင်း ၊လေ့လာသူတွေမဟုတ်ကြောင်း ။ ဆွေးနွေးသူအဆင့်ဆိုရင်ဆက်လက်တက်ရောက်မယ် ၊ဒီလိုလေ့လာသူအဆင့်သတ်မှတ်မယ်ဆိုရင် ဆက်လက်ပါဝင်ဆွေးနွေးနိုင်မှာ မဟုတ်တဲ့အကြောင်းတရားဝင်ကန့် ကွက်လွှာတစ်စောင်ကို ၂၁ရာစုပင်လုံညီလာခံကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဌကိုလိပ်မူပြီး Complaint လုပ်ရပါမယ် ။ သတ်မှတ်ကာလ ( ၂၄ နာရီလောက်ပဲဖြစ်ဖြစ် ) တခုဟိုတယ်မှာပဲဖြစ်ဖြစ် စောင့်ကြည့်သင့်ပါတယ် ။ ဘာမှအကြောင်းမပြန်ပါမှ ညီလာခံကနေထွက်ခွာပြီး မိမိဒေသကိုပြန်သင့်ပါတယ် ။ ဘာမပြောညာမပြောနဲ့ စိတ်ကောက်သလို ထွက်ခွာသွားတာ မရင့်ကျက်ရာကျပါတယ် ။

     ညီလာခံကျင်းပရေးလုပ်ငန်းကော်မတီဘက်ကအကြောင်းပြတဲ့ နည်းပညာအခက်အခဲ ( Technical Problem ) ဆိုတာတွေကလည်း သိပ်ယုတ္တိမရှိပါဘူး ။ ၀အဖွဲ့ ကအများနဲ့မတည်းပဲ သူတို့ဘာသာ ဟိုတယ်မှာတည်းလို့ အဆက်အသွယ်မရဘူးတဲ့ ။ ဒါကလည်း မဖြစသင့်ပါဘူး ။သူတို့ ဟာအပျော်လာတာမဟုတ်ဘူး ။ကလေးတွေလို ဂေါ်လီရိုက်ဖို့ လာတာမဟုတ်ဘူး ။ စထွက်လာကတည်းကနေ ၊ နေပြည်တော်ကိုရောက်လာတဲ့အထိ သတင်းတောက်လျှောက်ရနေရမယ် ။ အရင်တုန်းက နိုင်ငံရေးသမားတွေ ၊တက်ကြွလှုပ်၇ှားသူတွေ ၊ ကျောင်းသားတွေကိုလိုက်ဖမ်းတုန်းကတောင် ချောင်ကြိုချောင်ကြားမှာပုန်းနေတာကအစသိတဲ့ သူတွေ စီစဉ်နေတာပဲ ။ ဒါကို ဘယ်မှတည်းမှန်းမသိပါဘူးဆိုတာကတော့ မဖြစ်သင့်ပါဘူး ။ နောက်ပြီးတော့ ဟိုလူနဲ့ အဆက်အသွယ်မရလို့  ၊ဒီလူတွေနဲ့ မဆက်သွယ်မိလို့  လေ့လာသူအဆင့်ကတ်ပြားတွေကို ယာယီထုတ်ပေးရပါတယ်ဆိုတာလဲ အရုပ်ဆိုးလွန်းပါတယ် ။ ဒိထက်မကလူတွေအများကြီးလာခဲ့တဲ့ အရှေ့တောင်အာရှအားကစားပွဲ ( SEA Games ) ပွဲကြီးတောင်ကျင်းပလာခဲ့သေးတာပဲ ။ Liaison Officers တွေ သုံးပြီး နိုင်ငံပေါင်းစုံကအားကစားအဖွဲ့ချုပ်ပေါင်းများစွာကိုဧည့်ခံကြိုဆိုနေရာချပေးခဲ့သေးတာပဲ ။အခုမှမလုပ်တတ်သလိုလိုလုပ်ကြတာကတော့ လွန်လွန်းပါတယ် ။ တကယ်မလုပ်တတ်လို့ မှားတယ်ဆိုရင်တော့ အဲဒိကိစ္စတာဝန်ရှိသူတွေကို တာဝန်ကနေအမြန်ဆုံးဖယ်ရှားလိုက်တာကောင်းပါတယ် ။

   အဲဒိတော့ ၀အထူးဒေသကကိုယ်စားလှယ်ဆိုသူတွေတော့ စိတ်ကောက်ပြီးပြန်သွားပါပြီ ။ ညီလာခံမှာပြောစမှတ်ဖြစ်စေတဲ့ နောက်ထပ်ကိစ္စတစ်ခုကတော့ ပြည်နယ်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ် ။ ၀အမျိုးသားစည်းလုံးညီညွတ်ရေးပါတီမှတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးညီနပ်ဆိုသူက ၀ပြည်နယ်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ် ။ သူတို့ တောင်းတဲ့ပြည်နယ် နယ်နိမိတ်ဟာ အခုလက်ရှိ ၀အထူးဒေသတင်မကပဲ ကျိုင်းတုံဒေသမှမြို့နယ် ၁၀ မြို့ နယ်ကိုပါ ၀ပြည်နယ်ထဲထည့်ဖွဲ့ စည်းဖို့ တောင်းဆိုခဲ့ပါတယ် ။ ဒူးလောက်တင်မှရင်လောက်ကျ ဆိုတာလို အခုလက်ရှိ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကို ပြည်နယ်အဖြစ်သတ်မှတ်နိုင်ဖို့  ဈေးဆစ်ရင်း လိုချင်တာကျန်အောင် ပိုပိုသာသာ ထည့်တောင်းနေသလားတောင်မှတ်ရပါတယ် ။ဝအဖွဲ့ဟာအခြားတိုင်းရင်းသားတွေထက်ခြေလှမ်းပေါင်းများစွာသာပြီး သူတို့ အတွက်အကျိုးရှိမယ့်အခွင့်အရေးမှန်သမျှကိုတစ်ခုပြီးတစ်ခုရှေ့ တိုးပြီးတောင်းနေတဲ့သဘောရှိပါတယ်။ တခြားတိုင်းရင်းသားတွေအနေနဲ့ ကကြီးလောက်တောင်မရသေးတဲ့အချိန်မှာ သူတို့က အ အထိတောင်းနေတဲ့သဘောပါပဲ ။ ပြည်နယ်တစ်ခုသတ်မှတ်ခြင်းဆိုတာ လွယ်လွယ်ပြော လွယ်လွယ်လုပ်၍ရသောကိစ္စမဟုတ်ပါ။ပြည်ထောင်စုလွှတ်တော်ကသာ သတ်မှတ်ခွင့်ရှိသောကိစ္စဖြစ်ပါတယ် ။ ထိုပြည်နယ်မှာနေသည့်သူများဟာ ပြည်ထောင်စုကြီးအပေါ်မှာဘယ်လောက်သစ္စာရှိတယ် ။ ဘယ်လောက်ပေးဆပ်ခဲ့တယ် ၊ နိုင်ငံရေး လူမျိုးရေး ပထီအနေအထား သမိုင်းကြောင်း ၊ယှဉ်တွဲနေထိုင်ရမည့်အခြားတိုင်းရင်းသားတွေရဲ့ သဘောဆနဘယ်လိုရှိတယ်ဆိုတာတွေအရေးကြီးပါတယ် ။ အဲဒါတွေသိမှ သင့်တော်တယ် ၊မသင့်တော် ဘူးဆိုတာကိုလည်းထည့်သွင်းစဉ်းစားရမှာဖြစ်တယ် ။

လူမျိုးတစ်မျိုးကထတောင်းတိုင်း ပြည်နယ်တစ်ခုကောက်သတ်မှတ်ရင် မြန်မာနိုင်ငံဟာ ပြည်နယ် ၁၃၅ ခုရှိတဲ့ ကမ္ဘာ့အံ့ဖွယ်နိုင်ငံတစ်ခုဖြစ်လာနိုင်ပါတယ် ။ တကယ်တော့ ပြည်နယ်သာတ၇ားဝင်မသတ်မှတ်ခံရသေးတာ ၊ ၊နိုင်ငံခြားမှာဝသံရုံးတွေမဖွင့်တာရယ် ၊ ၀ကိုယ်ပိုင်ငွေစက္ကူမရိုက်နှိပ်တာကလွဲလို့ ၀အဖွဲ့ ရထားတဲ့ နိုင်ငံရေးအဆင့်ဟာ ပြည်နယ်အဆင့်ထက်တောင်ကျော်လို့  ၀နိုင်ငံတော်အဆင့်တောင်ရောက်ကာနီးနေပြီဖြစ်ပါတယ် ။

သရ၀ဏ်(ပြည်)

သူရိယနေ၀န်းဂျာနယ်
၁၀.၉.၂၀၁၆

0 comments:

Post a Comment

Facebook Like Page