Saturday, April 25, 2015

ဟိတ်ဟန်မထုတ်တဲ့ဗိုလ်ချုပ်အောင်ဆန်း(သို့) စွပ်ကျယ်ဝတ်လူတစ်ယောက်နှင့်ကြုံဆုံခဲ့ရသူတို့၏ မှတ်တမ်းများ....ဝေလင်း(ပြည်)

Leave a Comment

ဟိတ်ဟန်မထုတ်တဲ့ဗိုလ်ချုပ်အောင်ဆန်း(သို့) စွပ်ကျယ်ဝတ်လူတစ်ယောက်နှင့်ကြုံဆုံခဲ့ရသူတို့၏ မှတ်တမ်းများ
===================================================================

“အိမ်အပေါ်ထပ်ကြမ်းပြင်မှာ စွပ်ကျယ်ဝတ်ပြီး တခြားလူကြီးတွေနဲ့ထိုင်ထိုင်စကားပြောနေတာပဲ စစ်ဝတ်စားနဲ့မတွေ့ဘူးဘူး အမေကြီးတို့လားကြောက်လို့အနားမကပ်ရဲဘူးလေ” အသက် ၈၂ အရွယ်ရှိနေပြီဖြစ်သည့် အဘွားဒေါ်သိန်းဟန်က စဉ်းစဉ်းစားစားတွေးတွေးဆဆဖြင့် ပြောပြနေသည်။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာကဗျာဆောင်းပါးအတ္ထုပ္ပတ္တိပေါင်းများစွာ မရေမတွက်နိုင်အောင်ပင် ပေါ်ထွက်ခဲ့သည်။ သို့သော်ပြည့်စုံလှသည်ဟူ၍တော့မရှိနိုင်သေးချေ။ ဗိုလ်ချုပ်အကြောင်း ကြားရဖက်ရတိုင်း အသစ်ဆန်းလို အံသြခဲ့ရ။ အားကျခဲ့ရ။ ဂုဏ်ယူခဲ့ကြရသည်ချည်း။ ကိုယ်တွေ့မှတ်တမ်းများ နှင့် အခြား စာပေများစွာရေးသားခဲ့သူတို့က ပညာတတ်နှံစပ်ကျွမ်းဝင်စွာ ပေါ်လွင်အောင်ရေးသားနိုင်ကြသော်လည်း မထင်မရှားအညတရများအဖြစ်နှင့် တောင်သူလယ်သမားများစွာလည်း ဗိုလ်ချုပ်အောင်ဆန်းကို တွေ့ကြုံခဲ့ရ။ ပြုစုခဲ့ရသူများလည်း မနည်း။ ထိုထိုသောသူတို့၏ အမှတ်တရများက အကြောင်းအမျိုးမျိုးဖြင့် တိမ်မြှပ်နေကြသည်။ အချို့ကအိုမင်းကွယ်လွန်ကုန်ကြပြီ။ ထိုသူများထဲမှ ရှားပါးစွာကျန်ရစ်ခဲ့သူများနှင့် ကြုံဆုံခိုက် ဗိုလ်ချုပ်အောင်ဆန်း၏ပုံရိပ်များကို မှန်းဆပုံဖော်မိသည်။

၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်များကိုတော်လှန်ရင်း ဗိုလ်ချုပ်အောင်ဆန်းသည် သရက်မြို့နယ် ဆင်ကော်အုပ်စု၊ ကန်စွန်းမြောင်ကျေးရွာ ဦးမိုးခ၏ နေအိမ်တွင် ၃ ရက်တာတည်းခိုသွားသည်ဟု ဦးမိုးခ၏သမီး အဘွားဒေါ်သိန်းဟန်က ပြန်ပြောင်းပြောပြနေသည်။ ထိုအချိန်က ဆယ့်နှစ်နှစ်သမီးအရွယ်သာ ရှိသေးပြီးကလေးတို့ဘာဝ ဆော့ကစားရင်း ကျေးရွာဓလေ့ဆီဆုံကြီးလှည့်ရာတွင် လိုက်ပါကြရင်း ယင်းဆီဆုံကြီးကိုကျော်ခွကာ အိမ်အပေါ်ထပ်တက်သွားသူ စွပ်ကျယ်ဝတ်လူကြီး ကိုသတိမမူမိခဲ့ပါလေ။
ယခုတော့ဆီဆုံကြီးမရှိတော့။ ထိုလူကြီးဝင်လာခဲ့ရာ ခြံတံခါးပေါက်ကတော့ယနေ့တိုင် မပြောင်းလဲ။ အိမ်ကြီးကလည်း အနည်းငယ်ပြင်ဆင်ထားသည်ကလွဲ၍မပြောင်းလဲ။ ဆီဆုံကြီးကတော့ ခြံထောင့်တွင်သစ်သားတုံးတစ်တုံးအဖြစ် အဘွားဒေါ်ဟန်စိန်လည်း မျက်စိမှုံနားထိုင်းခါးကိုင်းခဲ့ပြီ ထိုစဉ်ကတော့ကလေး။

“ ဗိုလ်အောင်ဆန်းဆိုတာဘယ်သိဖို့၊ အဖေပြောပြတာဒါတို့ဗိုလ်ချုပ်ကြီးတဲ့ နောက်နှစ်ယောက်က ဗိုလ်မှူးအောင်၊ ဗိုလ်စိန်မှန်တဲ့ အမေကြီးတို့ကတော့ အိမ်ပေါ်တက်ထမင်းစားစရာရှိတာစားပေါ့် သူတပည့်တွေနဲ့ ဗိုလ်ချုပ်က၀ိုင်းထိုင်စားသောက် စကားပြောနေတာပဲ။ အိမ်မှာနေရင်စွပ်ကျယ်ဂျိုင်းပြတ်၊ ပုဆိုးနဲ့ သူတပည့်တွေကိုတောင်ပြောနေတာ ဘာလို့အ၀တ်စားတွေအများကြီးယူမလဲ ပုဆီးတထည်ဘောင်းဘီတစ်ထည်ဆိုတော်ပြီတဲ့” အဘွားဒေါ်သိန်းဟန်က အတိတ်အကြောင်း မှတ်မိစသလောက်ပြောဆိုခဲ့ပြီး မောဟိုက်နေလေ။ လက်များကလည်းတုံချိနေသည်။ အကြားအကြောင်းရာတို့ကိုတော့ သူကောင်းကောင်းမမှတ်တော့ပါလေ။
ကန်စွန်းမြောင်ရွာက သမိုင်းထဲကရွာ။ သမိုင်းစာမျက်နှာများပေါ်ရောက်ရှိမလာခဲ့သည့်ရွာ လွတ်လပ်ရေးအတွက်ခြေကုပ်ယူခဲ့ရာ ဗိုလ်ချုပ်ခြေရာချင်းထပ်အောင်သွားလာခဲ့ရာ။ ဖက်ဆစ်တော်လှန်ရေး တပ်သားတို့တပ်စွဲခဲ့ရာ။ သွေးမြေကျခဲ့ရာ။ တပ်မတော်ခေါင်းဆောင်တစ်ယာက် ဟိတ်ဟန်မထုတ် ပါဝါမပြခဲ့ရနေရာ။ကန်စွန်းမြောင်ကျေးရွာတွင် တော်လှန်ရေးတိုက်ပွဲဝင်တပ်သာတို့ ကိုဆေးကုရာကျန်းမာရေးဆောင်လေးရှိခဲ့ဖူးသည်။ ထမ်းစဉ်လေးများဖြင့် ဒဏ်ရာရတပ်သားများကို ရွာနံဘေးချောင်းလေးတွင် ရေသန့်စင်ပေးခဲ့သည်။ ယင်းကျန်းမာရေးဆောင်လေးရှိရာ သရက်ပင်ကြီးအောက်တွင် ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက်မြေကြီးခေါင်းအုံးခဲ့ရသည်။ ကန်စွန်းမြောင်ရွာလေးက တပ်သားများကိုထမင်းချက်ကျွေးခဲ့သည်။ စေတနာပိုစွာဗိုလ်ချုပ်အောင်ဆန်းကို တစ်သီးတစ်သန့်ဖြင့် ဘုန်းကြီးပွဲတမျှကျွေးခဲ့ဖူးသည်။

ဤနေရာတွင် ဗိုလ်ချုပ်က “ ဒီလိုဖွယ်ဖွယ်ရာရာ ကျွေးမယ်ဆိုရင် ကျုပ်တပ်သားအားလုံးကိုလည်း ကျွေးနိုင်ရင်ကျွေး မကျွေးနိုင်ရင် ကျုပ်ကိုလည်းသူတို့ကိုကျွေးသလိုပဲကျွေးပါတစ်သီးသန့်မလုပ်ပါနဲ့” ဟုအပြောခံခဲ့ရသည့်ရွာကလေး။
ဗိုလ်ချုပ်ကိုမြင်တွေ့ခဲ့ရသည့် ကန်စွန်းမြောင်ရွာသား အခြားကလေးငယ်တစ်ဦးလည်းရှိနေပါသေးသည်။ သူကတော့ အသက် ၈၀ အရွယ်အဘိုးဦးကေးပင် “ဗိုလ်ချုပ်တို့တည်းတဲ့အိမ်မှာ ကလေးတွေကို မုန့်ဗူးလေးတွေဝေပေးတယ်။ ကင်းစောင့်တဲ့လူတွေကို ရေခပ်ခိုင်းရတယ် အလားကားခပ်ခိုင်းတာမဟုတ်ဘူး ဟိုကနေပြောင်းလာတော့ တပ်တွေနဲ့ ဂျပန်မနှစ်ယောက်ပါလာတယ် တို့ပြောင်းခဲ့တဲ့တောထဲလာထားတယ် မျက်နှာဖုန်းစွပ်တွေနဲ့ဘာမှတော့မလုပ်ဘူး ဒီအတိုင်းလွှတ်ထားတာပဲ ကျုပ်တို့အဘိုးတွေက သူကိုစောင့်ပေးကြတယ် ညအခါမှာသူစာရေးနေတယ် ဖယောင်းတိုင် လက်မောင်းလောက်ကြီးနဲ့ မြင်ရတာကတော့ သူက စွပ်ကျယ်ဂျိုင်းပြတ်နဲ့ သူနောက်ကသက်တော်စောင့်လားဘာလားမသိဘူး သူတို့ကတော့ ကျကျနန၀တ်စားထားတာပေါ့ တို့ထိုင်နေတဲ့ဆီဆုံတဲကိုကျော်ပြီးဝင်သွားတာကို” ဟုကွမ်းလေးမြုံရင်းအဘိုးဦးကေးကခေါင်းတညိမ့်ညိမ့်ဖြင့် ဖြေးလေးစွာတစ်လုံးခြင်းဆိုသည်။

အတိတ်တို့သည် ကျွန်တော်တို့ရပ်နေရာရွာအစွန်မန်ကျည်းပင်အောက်တွင် သစ်ရွက်ခြောက်များလို ကြွေကျနေသည်။ အဘိုးဦးကေးကတော့ တောင်ဝှေးလေးကိုထောက်ရင်း သူခြံဝိုင်းလေးထဲတစ်လှမ်းခြင်း လှမ်းဝင်သွားသည်။ အဘိုးလက်ညှိုးထိုးပြခဲ့ရာ တောင်ရိုးကိုကျွန်တော်လှမ်းမျှော်ကြည့်မိသည်။ ဗမာပြည်လွတ်လပ်ရေးစိတ်အားထက်သန်လှသည့် ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက် ဒီတောတန်းတောင်ရိုး တစ်လျှောက် အဘယ်မျှပင်ပန်းခဲ့လေသည်မသိနိုင်ပါလေ။

ထိုသို့ဖြင့်ဗိုလ်ချုပ်အတိတ်၊ ဗိုလ်ချုပ်အရိပ်တို့ကို မြင်တွေ့ခဲ့ရသည့် ပုဏားရွာသူ မိန်းကလေးငယ်တစ်ဦးလည်း သက်ရှိထင်ရှားရှိနေပါသေးသည်။ ယင်းရွာကတော့ အထင်မကရနေရာ ဖက်ဆစ်တော်လှန်ရေးစတင်ရာ၊ အောင်မြေနင်းရာစိန်ခေါ်တိုက်ပွဲဝင်ရာ။ သမိုင်းဝင်အထောက်ထားနှင့် အမှတ်သားများက များစွာကျန်ရှိနေသည့် နေရာ။ ရွာကလေးကတိတ်တဆိတ်ဖြင့် မတ်လ ၂၇ ရက်နေ့ဖက်ဆစ်တော်လှန်ရေးနေ့ကိုစတင် ခဲ့သူအဖြစ်သူကိုသူမေ့နေလျော့သလား။ မေ့လျော့ထားသူတို့ကြောင့်ပဲ မေ့ချင်ယောင်ဆောင်ခဲ့တာလား။
ထိုရွာကလေးတွင် အသက် ၈၇ နှစ်အရွယ်အဘွားဒေါ်စောဝေတစ်ယောက် ဗိုလ်ချုပ်အောင်ဆန်းတည်းခိုခဲ့ရာ နေအိမ်နှင့် ကပ်လျှက်ခြေတံရှည်တဲအိမ်ထဲတွင် ငုတ်တုတ်။ ပညာရှင်ခေါင်းသုံးလုံးနှင့်ဖြစ်ခဲ့ပြီ။ ဒူးနှစ်ဖက်ကြားခေါင်းဝင်နေပြီ။ ဆံစတို့ကတစ်ခေါင်းလုံးငွေရောင်တောက်ပြောင်ကာ ပါးရေနားရေတွန့်လျက် ထုံထိုင်းမှုံမိုင်းလျှက်၊ အတိတ်တို့ကိုခက်ခက်ခဲခဲတူးစွနေသည်။ စဉ်းစားမရသည့်အခါအားတုံအားနာရီလျှက် တောင်းပန်နေရာသေးသည်။ ဟုတ်ပါသည်ကြာခဲ့ပြီ ၁၇ နှစ်သမီးအရွယ်မြင်ခဲ့ရသည်လူတစ်ယောက်အကြောင်း။

“ သူတို့တွေဒီမှာနေတုန်းကတော့မြင်တယ် ခင်ခင်မင်မင်တော့မရှိဘူးကြောက်လို့ ပေပင်မြောင်ဆိုတဲ့နေရာမှာ ရှောင်နေရတယ် အမကြီးတို့တဲမှာ လာနေတယ် ဂျပန်ပြန်တော့ သူတို့လည်းပြန်တာပဲ။ အမေကြီးမေကဒေါ်စံအိမ်တဲ့ သူကိုတော့ ဆီဗုန်းတွေ၊ ဆန်တွေ ပိုက်ဆံကအစကန်တော့ပစ်ခဲ့တယ် ဒီဘေးအိမ်မှာနေတော့ တို့အမေနဲ့ခင်တယ် လူအများစာငှက်ပျော်တုံးတွေနဲ့ ဟင်းခါးချက်တော့ အမေကြီးလာခပ်လဲဆိုပြီခေါ်ခေါ်ပေးတယ်လေ။” ပြောဆိုနေရင်းအဘွားဒေါ်စောဝေကခဏနားလိုက်သည်။ ပြန်လည်စဉ်းစားနေသည်။ အတိတ်တို့ကို ပြောပြရသည်ကိုသူနှစ်သက်ပုံပေါ်သည်။ ရွှင်လန်းမှုတို့ကိုတွေ့လာရသည်။

“ အဲဒီအိမ်မှာနေတော့ ဗိုလ်ချုပ်ကြီးကိုမြင်တယ်လေ။ ဒီလိုတောသူတောင်သားအ၀တ်စားနဲ့ပဲ စစ်ယူနီဖောင်းတွေမ၀တ်ဘူး အိမ်အပေါ်တက်ကနေဆင်းဆင်းလာရင် နှစ်ယောက်နှစ်ယောက်ပါလာ တတ်တယ် ဒီပြင်ရွာထဲသွားတာလည်းမမြင်စဖူးဖူး။ တစ်နေ့တစ်ခါအိမ်အောက်ထပ်ဆင်း ရေချိုးဆင်းတာတော့ တွေ့တယ်” အဘွားဒေါ်စောဝေကထိုမျှသာမှတ်မိရှာတော့သည်။
ပုဏားရွာ သူကြီးဦးငွေလှိုင်အိမ်မှ ဖက်ဆစ်ဂျပန်အားစတင်စစ်ကြေငြာခဲ့သည်။ အောင်မြေနင်းခဲ့သည်။ ရွာသူကြီးဖြစ်သည့်အတွက် ဗိုလ်ချုပ်နေထိုင်ရန်မလုံခြုံသောကြောင့် ရွာထဲ ဦးသာရွှန်းအိမ်တွင်ရွှေ့ပြောင်း ဖွက်ပေးထားကြသည်။ ထိုအိမ်နှင့်ကပ်လျှက်က အဘွားဒေါ်စေဝေအိမ်ပင်။
ကျွန်တော်ယင်းအိမ်ပေါ်မှမဆင်းမီ အဘွားဒေါ်စောဝေက ကျန်းမာရေးကောင်းစေကြောင်း၊ အန္တရာယ်ကင်းစေကြောင်း ဆုတောင်းပေးလိုက်သည်။ အညတရပင်မဲ့စိတ်ထားကောင်းလှသည်။ အိမ်ပေါ်တွင်အဘွားကလမ်းမကိုငေးရင်းကျန်ရစ်ခဲ့သည်။ ကျွန်တော်နှင့်အတူအတိတ်တို့က ငြိပါလာသည်။
ထိုပုံရိပ်ကောက်ကြောင်းများက မြန်မာနိုင်ငံလွတ်လပ်ရေးရရန် အစပြုခဲ့သည့် ဖက်ဆစ်တော်လှန်ရေး စတင်ခဲ့ပုံကို ပုံဖော်ပေးနေသည်။ ယခုတော့ဒီမိုကရေစီတိုက်ပွဲကို လက်နက်မဲ့နည်းဖြင့်တော်လှန်ရေးစတင် နေရသည့်အချိန်။ ယင်းအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်ကောင်းတို့၏ စိတ်နေစိတ်ထားများဖြစ်သည့် အနစ်နာခံမှု၊ ကိုယ်ချင်းစာမှု၊ တန်းတူရည်တူအခွင့်ရေးကိုလေးစားမှုတို့ အပင်ပန်းဆင်းရဲခံနိုင်မှု၊ ကြီးမြတ်သူတစ်ယောက်လိုမနေ ဟိတ်ဟန်မရှိ ပီဘိအညာသားတောသားပီပီ နေထိုင်တတ်မှု၊ တို့က မည်သည့်နေရာမည့်သည့်အချိန်တွင်မဆို ကျင်သုံးနေထိုင်သွားသည်ဆိုသည်ကို တောသူတောင်သား အညတရများက သက်သေခံခဲ့သည်။ အရောင်တင်ပေးခဲ့သည်။ ကောက်ကြောင်းများကို ပိုမိုထင်ရှားလာစေသည်။ နောင်ခေါင်းဆောင်လုပ်မည့်သူတို့အား အတုယူအားကျစေရန် တိုက်တွန်းနေသည်။

အချုပ်ဆိုရသော် ဆရာကြီးသခင်ကိုယ်တော်မှိုင်းတည်းဖြတ်သည် ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတ္တိတွင် မှတ်ချက်ရေးရာ၌ ၀န်ကြီးချုပ်သခင်နုက “ ဤစာစောင်ထုတ်ဝေသူတို့သည် ကျကျနန လုံ့လထုတ်ကာ ဗိုလ်ချုပ်နှင့်သိသူ၊ ဗိုလ်ချုပ်နှင့်ခင်သူ၊ ဗိုလ်ချုပ်နှင့်ဆက်ဆံခဲ့သူ ဟူသမျှကို အယုတ်အလတ်အမြတ်မရွေးရှာဖွေ တွေ့ဆုံ၍ အပြောခိုင်းအရေးခိုင်းကြရလိမ့်ဦးမည်ဟု ကျွန်တော်မျှော်လင့်လျက်ရှိပါသည်။ ဗိုလ်ချုပ်ကိုသိသူ၊ ဗိုလ်ချုပ်ကိုခင်သူ၊ ဗိုလ်ချုပ်နှင့်ဆက်ဆံခဲ့သူအပေါင်းတို့ကလည်း မိမိတို့မြင်ခဲ့သမျှ၊ ကြားခဲ့သမျှ၊ မှတ်မိသမျှတို့ကို အလဟာသမဖြစ်စေဘဲ ပြန်ပြောခြင်း ပြန်ရေးခြင်းတို့ကိုပြုကြပါကုန် ဟူ၍လည်း ကျွန်တော်တိုက်တွန်းပါသည်” ဟူ၍ ထည့်သွင်းရေးသားခဲ့ရာ အခွင့်များသင့်ခဲ့လျှင်ဖြင့်…………………။
The Daily ELEVEN သတင်းစာ(၂၉.၃.၂၀၁၅) ထုတ်မှကူးယူဖော်ပြပါသည်။ 


ဝေလင်း(ပြည်)


တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019 







0 comments:

Post a Comment

Facebook Like Page