Thursday, December 25, 2014

ပြည်သပိတ်စခန်းမှ ကလေးငယ်တစ်ဦးကို ရာအိမ်စုမှူး ရိုက်နှက်

Leave a Comment


 ဖိုးပျော့ (ပြည်သတင်း)



လက်ပံတောင်းဒေသခံ လယ်သူမကြီး အသတ်ခံရမှုကို ဥပဒေအရအရေးယူရန် သပိတ်စခန်းဖွင့် ဆန္ဒပြနေသည့် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ သပိတ်စခန်းမှ ကလေးငယ်တစ်ဦးကို  ရာအိမ်စုမှူးတစ်ဦးက ဒီဇင်ဘာ ၂၅ ရက်နေ့ညပိုင်းတွင် ၀င်ရောက်ရိုက်နှက်ခဲ့ကြောင်း ဆန္ဒပြသူများက ပြောသည်။

“အုပ်ချုပ်ရေးမှူးကတာဝန်ပေးလို့ဆိုပြီး ကလေးကို ဇက်ပိုးဝင်အုပ်တယ်။ အတင်းတွန်းထုတ်တယ်။ သပိတ်စခန်းထဲက ပစ္စည်းတွေလဲဝင်ဖျက်ဖို့လုပ်တယ်” ဟု သပိတ်မှောက် ဆန္ဒပြနေသူ ကိုဝင်းလှိုင်ကပြောသည်။

ထိုနေ့ည ၉နာရီအချိန်တွင် ဆံတော်ရပ်ကွက် ပုထိုးကြီးနယ်မြေ ရာအိမ်စုမှူး ကိုအောင်ဇော်ဦးဆိုသူသည် သပိတ်စခန်းတွင် ရှိနေသည့် အသက် (၁၄)နှစ်အရွယ်ကလေးငယ် မောင်ဇော်ဝင်းခိုင် ကိုရိုက်နှက် ခဲ့ခြင်းဖြစ်သည်။

ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးညွှန့်နိုင် ၏ ခိုင်းစေချက်အရ ကလေးငယ်ကိုရိုက်နှက်ရသည်ဟု ကိုအောင်ဇော်ဦးက ပြောဆိုခဲ့သော်လည်း ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွှန့်နိုင်ကမူ “လုပ်ချင်ရင်အစ်ကိုကိုယ်တိုင် ထွက်လုပ်မှာပေါ့။ သူများမခိုင်းဘူး” ဟုပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသတွင် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးတိုးမြှင့်ခတ်ထားမှုကို တားဆီးသည့် ဒေသခံ တောင်သူများကို လုံခြုံရေးရဲများနှင့် ကုမ္ပဏီ ဝန်ထမ်းများက တားဆီးရာမှ ဒီဇင်ဘာ ၂၂ရက်နှင့် ၂၃ရက်က ပဋိပက္ခဖြစ်ပွားခဲ့သည်။ ပဋိပက္ခအတွင်း သေနတ်မှန်ကာ ဒေါ်ခင်ဝင်းသေဆုံးခဲ့ပြီး ၁၀ဦးကျော် ဒဏ်ရာရခဲ့သည်။ 

ဖြစ်စဉ်နှင့်ပတ်သတ်ပြီး အမှုမှန်ဖော်ထုတ် အရေးယူရန် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ဗိုလ်ချုပ်ကျေးရုပ်အနီး တွင် နိုင်ငံရေးတက်ကြွလှုတ်ရှားသူများက သပိတ်စခန်းဖွင့်ထားသည်။

0 comments:

Post a Comment

Facebook Like Page