Sunday, July 6, 2014

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မြို့ဟောင်းခရီးစဉ် ခရီးသွားကုမ္ပဏီများ ပြင်ဆင်

Leave a Comment
ရန်ကုန်၊ ဇူလိုင် ၅

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားပြီ ဖြစ်သည့် ဗိသာနိုး၊ ဟန်လင်း၊ သရေခေတ္တရာ ပျူမြို့ဟောင်းများသို့ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များအတွက် လာမည့် ပွင့်လင်းရာသီတွင် ခရီးစဉ်တစ်ခုအဖြစ် ပို့ဆောင်နိုင်ရန် ပြင်ဆင်နေကြောင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီများထံက သိရသည်။

“ဒီမြို့တွေရဲ့ Life Style ကို လှမ်းမေးကြတယ်။ သုံးမြို့လုံးပါတဲ့ ခရီးစဉ်ကို ဘယ်လို ဆွဲလို့ရမလဲ။ ဘယ်မှာတည်းလို့ရမလဲ။ ဒါမျိုးတွေ မေးနေကြတယ်။ ပုဂံကို ရောက်ဖူးတဲ့ ဧည့်သည်ဆိုရင် မြောက်ဦးဘက်ကို လမ်းညွှန်ကြတယ်။ မြောက်ဦးနဲ့ယှဉ်ရင် မြို့ဟောင်းတွေက စရိတ်နဲ့ အချိန်ကုန် ပိုသက်သာတယ်” ဟု ဧည့်လမ်းညွှန် ဦးညီညီက ဆိုသည်။

အဆိုပါမြို့ဟောင်း သုံးခုအကြောင်းကို ကမ္ဘာလှည့်ခရီးသည်များ သိရှိရန် အထူးကြော်ငြာစရာ မလိုသော်လည်း ကမ္ဘာလှည့် ခရီးသည်များအတွက် တည်းခိုမည့် နေရာမှာ အခက်အခဲတစ်ခု ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူးချုပ် ဦးဖြိုးဝေရာဇာက ပြောကြားသည်။

“မြို့ဟောင်းတွေကို ခရီးစဉ်ဆွဲဖို့ ဝန်ကြီးကတော့ ပြောထားတာ ရှိတယ်။ သရေခေတ္တရာကို အရင်တုန်းက ဆွဲတာလည်း ရှိတယ်။ မြို့ဟောင်းတွေက အထွေအထူး အားစိုက်ပြီးတော့ Promote လုပ်စရာ မလိုဘူး။ ဟိုတယ်မရှိဘူး ဆိုပေမယ့် အနီးစပ်ဆုံး မြို့တွေမှာတည်းဖို့ စီစဉ်ရမှာပေါ့” ဟု ၎င်းကဆိုသည်။

Columbus Travels and Tours ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက World Heritage List ခရီးစဉ်ကို လက်ရှိ မိုးတွင်းကာလ ဖြစ်နေသည့်အတွက် စီစဉ်ရခြင်း မရှိသော်လည်း ပွင့်လင်းရာသီတွင် စီစဉ်နိုင်မည် ဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု ဒေသများဖြစ်သော ပုဂံ၊ သရေခေတ္တရာနှင့် မြောက်ဦးနယ်မြေတို့တွင် အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ခြံစည်းရုံး ခတ်ခြင်းများကို ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ပါက အရေးယူမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။

The Voice Weekly

0 comments:

Post a Comment

Facebook Like Page