Thursday, December 26, 2013

The Lady ဂျာနယ်နှင့် လယ်သိမ်းခံတောင်သူများ အသရေဖျက်မှုဖြင့် တရားစွဲခံရ

Leave a Comment
ပဲခူးတိုင်း(အနောက်ပိုင်း) ဒေသကြီး သဲကုန်းမြို့နယ် အင်းမတိုက်နယ် တံခွန်တိုင် ကျေးရွာအုပ်စုရှိ အငြင်းပွားနေသော လယ်မြေ ၃ ဒသမ ၇ ဧက ကိစ္စနှင့် ပတ်သက်၍ The Lady ဂျာနယ်မှ သတင်း ရေးသားသူ၊ သတင်း အယ်ဒီတာနှင့် အသိမ်းဆည်းခံ လယ်သမားများကို အငြိမ်းစား ဒုဗိုလ်မှူးကြီး တစ်ဦးက သဲကုန်းမြို့နယ် တရားရုံးတွင် အသရေဖျက်မှုဖြင့် တရားစွဲ ထားကြောင်း တရားစွဲ ခံရသူများထံမှ သိရသည်။
The Lady ဂျာနယ်၊ အတွဲ(၁) အမှတ်(၈၁)၊ အတွဲ(၁) အမှတ် (၈၉)တွင် လယ်ယာမြေ အသိမ်းခံရမှုတွင် မိမိက သိမ်းယူသည်ဟု စွပ်စွဲပြောဆို ရေးသားခဲ့ သည့်အတွက် မဟုတ်မမှန် လုပ်ကြံပြောသည့် လယ်သမား ဦးပြုံးချို၊ အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သည့် The Lady ဂျာနယ်၏ နယ်မြေခံ သတင်းထောက် ဦးရဲထွဋ်ဝင်းနှင့် သတင်း အယ်ဒီတာ ဦးစိုင်းစိုင်းတို့ကို အသရေဖျက်မှုဖြင့် တရားစွဲထားခြင်း ဖြစ်ကြောင်း တရားလို အငြိမ်းစား ဒုဗိုလ်မှူးကြီး ခင်မောင်ဝင်းက ပြောကြားသည်။
"ဒီမြေက သိမ်းခဲ့တာလည်း မဟုတ်ဘူး။ ဈေးဆောက်ဖို့၊ လေယာဉ်ကွင်း ဆောက်ဖို့ သိမ်းယူခဲ့တာလည်း မဟုတ်ဘူး၊ လက်ရှိ အဲဒီမြေကလည်း ဒေါ်ကြည်ကြည်ဝင်း ဆိုတဲ့ အမျိုးသမီး အမည်ပေါက်နေတာပါ။ကျွန်တော် မကျူးလွန်လို့ သတင်းအယ်ဒီတာ၊ သတင်းထောက်နဲ့ သတင်းကို ပြောတဲ့ လယ်သမားတွေကို တရားပြန် စွဲတာပါ" ဟု ၄င်းက ဆိုသည်။

The Lady ဂျာနယ်၏ သတင်း အယ်ဒီတာကို ဆက်သွယ် မေးမြန်းရာတွင် "တရားရုံးက လက်ရှိအချိန်ထိ ဘာမှ မကြားရသေးဘူး။ ပုဒ်မ ၅၀၀ နဲ့ စွဲထားတယ် ဆိုတာလည်း မသိသေးဘူး။ ကျွန်တော်တို့က သူ့ကို အသရေ ပျက်ရလောက်အောင် လူကိုလည်း မတွေ့ဖူး မမြင်ဖူးဘူး။ မီဒီယာ တာဝန်နဲ့ သတင်းကို ဖော်ပြပေးတာက တာဝန်ရှိသူတွေ သိစေချင်တယ်။ တရားရုံးက အကြောင်းကြားစာ ရလာရင်တော့ ဥပဒေ အတိုင်း ရင်ဆိုင်သွားမှာပါ" ဟု ဆိုသည်။

မိမိတို့လယ်မြေ အသိမ်းခံရမှု အတွက် တိုင်ကြားစာကို သြဂုတ်လ အတွင်းက သက်ဆိုင်ရာ ဌာနများသို့ တိုင်ကြားခြင်းသာ ဖြစ်ကာ လက်ရှိလည်း အသိမ်းခံ ရသည့်မြေကို ပိုင်ဆိုင်ထားသူမှာ ဦးခင်မောင်ဝင်းသာ ဖြစ်နေပြီး မြေစာရင်း အမည်ပေါက်သည့် ဒေါ်ကြည်ကြည်ဝင်း ဆိုသူမှာ ဦးခင်မောင်ဝင်း၏ အမျိုးသမီးသာ ဖြစ်ကြောင်း တရားစွဲဆိုခံရသူ လယ် ကိုးဧကပိုင်သူ လယ်သမား ဦးပြုံးချိုက ပြောကြားသည်။
အဆိုပါ အမှုကို ဒီဇင်ဘာလ ၂၃ ရက် နေ့တွင် ပထမဆုံးရုံးချိန်းကို စတင် စစ်ဆေးခဲ့ကြောင်း သဲကုန်းမြို့နယ် တရားရုံးက သိရသည်။

The Voice

0 comments:

Post a Comment

Facebook Like Page