Tuesday, December 6, 2016

အတုတွေနဲ့  ကမ္ဘာ သရ၀ဏ်(ပြည်)

Leave a Comment

အတုတွေနဲ့  ကမ္ဘာ
သရ၀ဏ်(ပြည်)
ဟိုတယ်စားသောက်ခန်းတစ်ခုတွင် စားပွဲပေါ်၍ ထိုးထားသော ပန်းအိုးထဲမှပန်းမှာအလွန်လှပသဖြင့် ကိုင်ကြည့်သောအခါ နှင်းဆီပန်းအတုဖြစ်နေသည် ။ အတုမှာ အစစ်နှင့်မခြားပေ ။အစစ်ထက်ပင် လှပနေသယောင်ရှိသည် ။ သို့ သော် နမ်းကြည့်သောအခါ သူ့ မှာရနံ့ မရှိ ။ ပန်းတစ်ပွင့်၏အသက်ဝိညာဉ်ဓာတ်မှာ မွှေးရနံ့ ဖြစ်သည် ။ အတုနှင့်အစစ်မှာခွဲခြားရခက်သည် ။အချို့သော ပန်းများမှာ အရောင်ရော အရွက်ရော ပန်းပွင့်ပါ အစစ်နှင့် ခွဲမရအောင်တူလှသော နိုင်ငံခြားဖြစ်ပလပ်စတစ်ပန်းများလဲ မကြာခနတွေ့ ရသည် ။ ဟိုတယ်ဝန်ထမ်းကောင်မလေးအား “ နင်တို့ မြို့ မှာ ပန်းတွေပေါသားပဲ ၊ဘာလို့ပန်းအစစ်မသုံးတာလဲ “ဟုမေးကြည့်ရာ ပန်းအစစ်က နေ့ တိုင်းလဲရတော့အလုပ်ရှုပ်လို့  ပိုက်ဆံလည်းကုန်တယ် ။ပလပ်စတစ်ပန်းကတော့ တစ်ခါဝယ်ထားရင် လွှင့်မပစ်မချင်းအကြာကြီးခံလို့ပါဟုဆို၏ ။ သို့ သော် သူမသိသည်မှာ အတုသည်ဘယ်လောက်ပဲလှလှ အစစ်လိုမဟုတ် ။ ဘယ်အခါပဲကြည့်ကြည့် ဒီပုံပဲဖြစ်နေတတ်သည် ။ အစစ်ကတော့ လန်းချင်လန်းနေမည် ။ နောက်နေ့ သွားကြည့်လျှင် နွမ်းချင်နွမ်းနေမည် ။အစစ်မှာက ပြောင်းလဲခြင်းတရားကိုတွေ့ ရသည် ။ Nothing is permanent ဆိုသော တရားသဘောကိုပြဆိုသည် ။ သို့ သော်ကျွန်တော်တို့လို အတွေးခေါင်သော စာရေးဆရာတွေသာ ဒါမျိုးကိုတောင့်တသည် ။လက်ရှိလောကကြီးကတော့ အတုတွေနှင့်အသားကျနေသည် ။
နိုဝင်လာလ ၂၉ ရက်နေ့ က သတင်းတစ်ခုထဲတွင်ဖတ်ရသည် ။ သုဝဏ္က (က)ရပ်ကွက် အဆင့်မြင့်အိမ်ရာ၌ အရက်အတုပြုလုပ်သူ ဖမ်းဆီး အရေးယူခံရသည့်သတင်း ။ အဆင့်မြင့်အိမ်ရာမှာနေနိုင်သူဆိုတော့ ဆင်းရဲားထဲကမဟုတ်နိုင် ။ အတုလုပ်နေသော အရက်တွေကလည်း နိုင်ငံခြားဖြစ် (တကယ်တော့ သူဝဏ္ကဖြစ် ) အရက်တွေဆိုတော့ ထိုလုပ်ငန်းနှင့်ကြီးပွားနေဟန်ရှိသည် ။ ကျွန်တော်ငယ်စဉ်ကဖတ်ဖူးသော
သူခိုးဖမ်းပါ
လမ်းကြားမှာလား
ပန်ကာအောက်တွင်ထိုင်နေသည်
ဆိုသော သုံးကြောင်းကဗျာလေးကိုအမှတ်ရမိသည် ။ ရာဇ၀တ်မကင်းသော အလုပ်များကိုလုပ်သူအတော်များများသည် လမ်းဘေးကလေကချေများမဟုတ်ပဲ လူကုံထံလောကထဲမှပင်ဖြစ်နေတတ်သည် ။ အရက်အတုကမြန်မာနိုင်ငံမှာအတော်ရေပန်းစားသည် ။ အထူးသဖြင့် ဈေးကြီးပေး၍၀ယ်သောက်ရသော နိုင်ငံခြားအရက်တော်တော်များများမှာ မြန်မာနိုင်ငံ၌ အတုများဖြစ်နေတာ စားသုံးသူများနစ်နာလှသည် ။ အချို့အရက်များမှာ တုပ၍မရအောင် အဖုံးကို ဂေါ်လီနှင့်ပိတ်ထားသည် ဟုသိရသော်လည်း ထိုပုလင်းထဲသို့  ဂစ်တာကြိုး ထိုးထည့်ကာ ဂစ်တာကြိုးတစ်လျှောက် အရက်ကိုတဖြည်းဖြည်းစီးဆင်းစေပြီး ပုလင်းထဲသို့ အရက်အတုရအောင်ဖြည့်ကြောင်းသိရတော့အံ့သြမိသည် ။ အန္တရာယ်မကင်းသောအရက်တုများကိုအစစ်ထင်၍သောက်သောအခါ ငွေလည်းကုန် ၊ကျန်းမာရေးလည်းထိခိုက်ကြတော့သည် ။နိုဝင်ဘာ ၂၉ ရက်နေ့တွင်ပင် တိုက်တိုက်ဆိုင်ဆိုင် နောက်သတင်းတစ်ပုဒ်ကိုဖတ်ရသည် ။ ရွှေပြည်သာတွင် ကွမ်းစားဆေးအတုများသိမ်းဆည်းရမိ ဟူသောသတင်းဖြစ်သည် ။ ကွမ်းစားဆေးအတုများအား ဘူးခွံများအတွင်းသို့ ထည့်သွင်းပြီး အဖုံးပိတ်စက်ဖြင့်အဖုံးပိတ်စဉ် ရျွေပြည်သာမြို့နယ် (၁)ရပ်ကွက် ၊ကနောင်(၅)လမ်း ဂိုထောင်တွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရခြင်းဖြစ်သည် ။ ထိုကွမ်းစားဆေးအတုလုပ်သောနေရာမှ HALCHAL တံဆိပ်ပါ တံဆိပ်ပါ အဖုံးခွံတစ်အိပ်လျှင် ၂၅၀ ပါ ၅၅ အိတ် ၊ PARIJAT (Queen)တံဆိပ်ဘူးခွံတစ်အိတ်လျှင် ၂၅၀ ဘူးပါ နှစ်အိတ် ၊ HALCHAL တံဆိပ်ပါကတ်ထူးစက္ကူ မီးလောင်ရေစိုလျက် ငါးအိတ် ၊ မီးလောင်ထားသောဘူးခွံများ ၊ နိုင်ငံခြားကွမ်းစားဆေးဟုယူဆရသောစက္ကူဖာ ခြောက်ဖာ တို့ ကိုတွေ့ ရှိသိမ်းဆည်းရမိခဲ့သည်ဆို၏ ။ မြန်မာတစ်နိုင်ငံလုံးတွင် ကွမ်းစားသည့်လူ သန်းနှင့်ချီပြီးရှိရာ မှန်မှန်ကန်ကန်မဟုတ်သော ကွမ်းယာပစ္စည်းများကို နေ့စဉ်စားသုံးမိသူတို့အတွက် ကျန်းမာရေးရှုထောင့်မှ အလွန်အန္တရာယ်ကြီးပေသည် ။
အတုတကာအတုထဲတွင် ဆေးဝါးအတုပြုလုပ်ခြင်းသည် အဆိုးရွားဆုံးလုပ်ရပ်ြဖြစ်သည်။ ပြည်မြို့တွင် ဆေးဝါးအတုပြုလုပ်သော မိသားစုတစ်စုကို တွေ့ ခဲ့ဖူးသည် ။ သူတို့သည် ဆေးဝါးအတုများကိုပြုလုပ်ဖြန့်ချိရောင်းချခြင်းဖြင့် အချိန်တိုအတွင်းချမ်းသာကြွယ်ဝလာသည် ။ ဘယ်သူသေသေငတေမာပြီးရောစိတ်ဓာတ်ဖြင့် ဆေးအတုလုပ်ကြခြင်းမှာ အလွန်အကုသိုလ်များသောအလုပ်ဖြစ်သည် ။ ဆေးဆိုသည်မှာ လူနာများက မျှော်လင့်ချက်ကြီးမားစွာနှင့် ရောဂါပျောက်ပါစေရေးအတွက် ပင်ပန်းတကြီးရှာဖွေထားသောအသပြာငွေကြေးဖြင့် ၀ယ်ယူသုံးစွဲကြရခြင်းဖြစ်သည် ။ သို့ သော် သူတို့ဝယ်ယူသုံးစွဲလိုက်သော ပစ္စည်းများမှာ ဘာမှအာနိသင်မရှိသော ဆေးဝါးအတုများဖြစ်နေမှန်းမသိကြပါ ။ထိုသို့ သိကြလျှင်လုပ်ရက်လေခြင်းဟုရင်ကွဲပက်လက်ဖြစ်ကြမှာသေချာသည် ။သို့ သော်မကြာမီ ၀ဋ်လည်သည့်အချိန်သို့ ရောက်လာ၏ ။ဆေးအတုလုပ်ကြသောလင်မယားတွင် ယောက်ျားသည် ကင်ဆာရောလိုသေဘေးနှင့်နီးစပ်သောရောဂါကြီးတစ်ခုဖြစ်ပွားလာ၏ ။ မကြာခနဆေးရုံတက်ရသည် ။ သောက်ဆေး ထိုးဆေးများ ထိုးရသောက်ရသည် ။ သို့ သော် မသက်သာ တဖြည်းဖြည်းနှင့် သူ၏နောက်ဆုံးအချိန်သို့ ရောက်လာသည် ။ ကိုယ်ကိုယ်တိုင်လူမမာဘ၀သို့ရောက်နေပြီး ဆေးဝါးများနှင့် အသက်ကိုလုရသည့်အခိုက်အတန့်တွင်မှ သူတို့လုပ်ခဲ့သော အမှားများကို သိမြင်လာပုံရသည် ။ မကြာမီ ဆေးအတုလုပ်သူ ကွယ်လွန်သည် ။သူကွယ်လွန်သောနေ့ မှစကာ ဇနီးဖြစ်သူက ဆေးဝါးအတုလုပ်သည့်လုပ်ငန်းကို ရပ်တန့်ပစ်လိုက်သည် ။ သံဝေဂရဖွယ်ဖြစ်ပါ၏ ။
အရက် ၊ ကွမ်းယာပစ္စည်း ၊ ဆေးဝါး မှသည် အရာရာတွင် အတုများ ခေတ်စားနေသည် ။ တလောကဂျာနယ်တစောင်တွင်ပါလာသည်မှာ ဆီလီကွန်ဖြင့် ပြုလုပ်ထားသော ဂျပန်ပြည်ဖြစ် မိန်းမအရုပ် (လူအတု )များ ခေတ်စားနေသည့်သတင်းဖြစ်သည် ။ လူအစစ် မိန်းကလေးနှင့်မခြား လှပချောမွေ့ သော လူအရွယ်အရုပ်ကလေးများ မှာ မယားလိုချင်သော်လည်း အကြောင်းကြောင်းကြောင့် အစစ်နှင့်အတူမနနိုင်သူ ပူရိသတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး ဈေးနှုန်းမှာ ကြောက်ခမန်းလိလိဖြစ်သည် ။ အရုပ်တစ်ရုပ်၏တန်ဖိုးမှာ မြန်မာငွေ ကျပ်သိန်းသုံးဆယ်ကျော်ခန့် ရှိပါသတဲ့ ။ အပေါ်ယံ အလှအပများသာမက မိန်းမအတွင်းအင်္ဂါများပါမကျန် အစစ်နှင့် အနီးစပ်ဆုံးတူညီအောင် အရုပ်တွင် ထည့်သွင်းပေးထားသည် ။ အချို့ကဝေဖန်သည်မှာ ဆင်းရဲသော မိန်းကလေးအချို့သည် ငွေသောင်းဂဏန်း ၊သိန်းဂဏန်းလောက်နှင့်ဘ၀ပျက်ရသည့်အဖြစ်များလည်းရှိရာ အရုပ်မှာ လူအစစ်ထက်တန်ဖိုးများစွာ မြင့်နေသည် ။ အချို့မိန်းကလေးများကို ဤအရုပ်တန်ဖိုး လောက်ဆိုလျှင် နှစ်ခါပြန်တင်တောင်းပြီးလက်ထပ်၍ရသည်ဟုပင် ရေးကြပြောကြဝေဖန်ကြပါသည် ။ ပြောလိုရင်းကား အတုများတွင်ကျယ်နေမှုပင်တည်း ။
နိုင်ငံရေးမှာရော အတုရှိသလားဟု လေ့လာဆန်းစစ်မိသည် ။ အချို့ လွှတ်တော်ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲမတိုင်ခင်က မိမိမဲဆန္ဒနယ်သို့ ချောင်းပေါက်မတတ်လာ ။ ကတိတွေအမျိုးမျိုးပေး ။ ပြည်သူ့ ကိုယ်စားလှယ်အစစ်ဖြစ်စေရပါမည်ဟူသောကြွေးကြော်သံဖြင့် ရွေကောက်ပွဲဝင်ကြသည် ။ ထိုအထဲတွင် ရွေးကောက်ပွဲနိုင်ပြီးသောအခါ အချိုးပြောင်းသူတွေလည်း ရှိသည် ။ ကတိဖျက်သူတွေ ၊ မိမိမဲဆန္ဒနယ်ကိုအရေးမလုပ်တော့သူတွေလည်းတွေ့ ရသည် ။ ထိုသူများသည် နိုင်ငံရေးသမားအတုဖြစ်သည်ဟုဆိုရမည် ။ နိုင်ငံရေးသမားအစစ်မှာ ပြည်သူလူထုဆန္ဒကို ဘယ်တော့မှ ဥပက္ခောမပြုပေ ။ အတုအမျိုးမျိုး၌ ဒီမိုကရေစီအတုလည်းရှိနေနိုင်သည် ။ ကျွန်တော်တို့ ရနေသော ဒီမိုကရေစီမှာ အတုလား ၊အစစ်လားဆိုတာ ကျွန်တော် ဒီနေ့ အထိ မခွဲခြားနိုင် ။မခွဲခြားတတ်ပေ ။ လူထုဆန္ဒမဲဖြင့်တက်လာသောအစိုးရတစ်ရပ်ပေါ်ထွန်းလာသဖြင့် ဒီမိုကရေစီစစ်ပြီဟုထင်မိသည့်အခါလည်းရှိသည် ။ လွှတ်တော်ထဲတွင် ရွေးကောက်ခံမဟုတ်သောပုဂ္ဂိုလ် ၂၅ ရာခိုင်နှုန်းပါနေသဖြင့် ဒီမိုကရေစီအတုဟုထင်မိသည်လည်းရှိသည် ။ ၀န်ကြီးအဖွဲ့ တွင် ပြည်ထဲရေး ၊ ကာကွယ်ရေး ၊ နယ်စပ်ရေးရာ ၀န်ကြီးသုံးပါး အပေါ်မှ ကျလာတာမြင်ရသဖြင့် ဒီမိုကရေစီဟုတ်ရဲ့လားဟုထင်မိသည် ။ လွတ်လပ်စွာပြောဆိုခွင့်တွေ အရင်ကထက်ပိုရလာသဖြင့် ဒီမိုကရေစီခေတ်ရောက်ပြီဟုထင်မိသည်လည်းရှိသည် ။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတို့ အခွင့်အရေးအခန်း၍ နိုင်ငံသားတိုင်းသည် ဥပဒေကိုမဆန့်ကျင်လျှင်ကိုယ်ယုံကြည်တာကို လွတ်လပ်စွာ ရေးသား ၊ ထုတ်ဝေ ၊ဖြန့် ချိ ၊ပြောဆိုခွင့် ရှိသည်ဟု လွတ်လပ်ခွင့်ကိုပေးထားသဖြင့် ဒီမိုကရေစီဟု ထင်မိသည်လည်းရှိ၏ ။ တချိန်တည်းမှာပင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် လက်ထိပ်ခတ်အဖမ်းခံထောင်ကျခဲ့သူ၊လောလောဆယ်အဖမ်းခံနေရသူ ၊ နောင်အဖမ်းခံရလတ္တံ့ သော ပုဂ္ဂိုလ်များကိုမြင်သောအခါ ငါတို့ဟာ ဒီမိုကရေစီဟုတ်မှဟုတ်ရဲ့လားဟုလည်းထင်မိပါသည် ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်သည် ပန်းအတု ၊အရက်အတု ၊ကွမ်းစားဆေးအတု ၊နာရီအတု ၊ ဆလင်းဘက်အတု ၊မိတ်ကပ်အတု ၊ ဆေးဝါးအတုတို့ဖြင့် အသားကျနေသောနိုင်ငံဖြစ်ရာ ဒီမိုကရေစီအတုဖြစ်တော့လည်း သိပ်အံ့သြစရာတော့ရှိမည်မထင်ပါကြောင်း။
သရ၀ဏ်(ပြည်)
သူရိယအလင်းဂျာနယ်
၅.၁၂.၂၀၁၆

0 comments:

Post a Comment

Facebook Like Page