Sunday, September 11, 2016
မြန်မာတွေ တွေးတတ်ပြီလား
Leave a Comment
မြန်မာတွေ တွေးတတ်ပြီလား
သရ၀ဏ်(ပြည်)
၂၀ ရာစု၏ထူးချွန်သောတွေးခေါ်ပညာရှင် ဖရန်စစ်ဖူကူယားမားဆိုသူက နာမည်ကျော်စာအုပ်တစ်အုပ်ရေးခဲ့ရာ သူ စာအုပ်ကို Can Asians Think ? ( အာရှသားတွေ တွေးတတ်ပြီလား ) ဟု အမည်ပေးခဲ့သည် ။ထို့ ကြောင့်ကျွန်တော်ကလည်းသူ့ ကိုအားကျကာ ကျွန်တော့်ဆောင်းပါး၏အမည်ကို မြန်မာတွေတွေးတတ်ပြီလားဟုအမည်ပေးလိုက်ရခြင်းဖြစ်ပေသည် ။ ဤကမ္ဘာလောကကြီး၌ မဆီလျော်သောမေးခွန်းဟူ၍မရှိ ၊ မဆီလျော်သောအဖြေသာရှိသည် ( There are no stupid questions but there are only stupid answers )ဟူသောဆိုရိုးတစ်ခုလည်းရှိ၏ ။ထိုစကားပုံအရ မမေးအပ်သောမေးခွန်း ၊ အူကြောင်ကြောင်နိုင်သောမေးခွန်းဆိုတာ မရှိ ။ သိချင်သမျှမေးကြရမည်ဖြစ်ပြီး မရေရာသောအဖြေ ၊ အူကြောင်ကြောင်နိုင်သောအဖြေ ( Stupid answers )ဆိုသည်သာရှိသည် ဟု ဆိုထားပေသည် ။ ထိုစကား၏လိုရင်းမှာ ဟုတ်ပါ့ဟုတ်ပါ့မလားဟု မပြောရဲမမေးရဲမရှိအောင် လူတို့ ၏ (အထူးသဖြင့်လူငယ်များ၏)  သိလိုစိတ်ကို အားပေးတိုက်တွန်းသော စကားဖြစ်ပါသည် ။ လူငယ်တွေသိချင်တာရှိပါက မေးရဲမြန်းရဲ ၊စကားပြောရဲအောင် လမ်းဖွင့်ပေးသောစကားဖြစ်ပါသည် ။ ပညာသင်ခြင်း၏ရည်ရွယ်ချက်မှာ မသိသေးသည်ကိုသိလာပြီး အကျိုးအကြောင်း အဆိုးအကောင်းကို မိမိစဉ်းစားဆင်ခြင်ဥာဏ်ဖြင့်ဆုံးဖြတ်နိုင်စေသောအရည်အသွေးရှိလာစေရန်ဖြစ်သည် ။ ထိုအချက်မှာပညာသင်ကြားရေး၏အဓိကအချက်ဖြစ်သင့်ပါသည် ။
                မြန်မာကျောင်းသား ကျောင်းသူများနိုင်ငံတကာ တွင်သွားရောက်ပညာသင်ကြားကြသောအခါ နိုင်ငံတကာမှ ဆရာများက မှတ်ချက်ပြုကြသည်မှာ မြန်မာများသည် ဥာဏ်ရည်ဥာဏ်သွေးမနိမ့်ကျသော်လည်း မေးခွန်းမေးခိုင်းသောအခါ မည်သူကမျှမေးမြန်းတတ်ခြင်းမရှိပဲ တုံဏိဘာဝေ နုတ်ပိတ်နေကြသောထူးဆန်းသည့်အလေ့ရှိကြောင်း ဖြစ်သည် ။ စာတော်သော်လည်း မေးခွန်းမမေးဝံ့  ၊ မမေးတတ်ကြခြင်းသည် မြန်မာတို့၏အဓိကအားနည်းချက်ကြီးတွေလိုဖြစ်နေပါသည် ။ထိုသို့ ဖြစ်ရသည်မှာ ကျွန်တော်တို့ ၏ စဉ်းစားတွေးခေါ်ဥာဏ်ကိုအားမပေးသော ပညာရေးစနစ်ကြောင့်ဖြစ်သည် ။ စာသင်ခန်းထဲဝယ် မည်သည့်လတွင် မည်သည့်သင်ခန်းစာကို ပြီးအောင်သင်ရမည်ဟူသော ပညာရေးဌာနမှ ညွှန်ကြားချက်အရ ဆရာ ဆရာမများသည် စာသင်ခန်းထဲတွင် ကျောင်းသားများစဉ်းစားဥာဏ်ရင့်သန်စေသော အပြန်အလှန်မေးခွန်းမေးမြန်းဖြေကြားခြင်းစနစ်ထက် ဒါရေးဒါကျက် ၊ ဒါကျက်ဒါဖြေ အာဂုံဆောင်မှအာဂလူစနစ်ကို အဓိထားသင်ကြားခဲ့ကြရာ ကျောင်းသားများမှာကလေးဘ၀ကပင် အမြဲတမ်းနားထောင်သမားများဖြစ်ခဲ့ကြပြီး မိမိကဦးဆောင်စကားပြောခြင်း (မေးခွန်းမေးမြန်းခြင်း)အလေ့အကျင့်ကိုမရှိခဲ့ကြတော့ပေ ။ထိုအခါ တစ်ခါတရံကျမှ အရေးအရာပေါ်လာပြီး စကားပြောကြရသောအခါ အိုးတို့ အန်းတန်းနှင့်ကမမောက်ကမဖြစ်ကြရတော့သည် ။ ဘာမဟုတ်သော ကိစ္စလေးတစ်ခုကိုပင် မမေးရဲသဖြင့် ရင်ထဲတွင်နှစ်နှင့်ချီ၍ ရှိနေသောရယ်ရွှင်ဖွယ်မေးခွန်းများကိုပင် ကျွန်တော်ကြုံရဖူးပါသည် ။
              ၁၉၈၈ အရေးအခင်းကြီးဖြစ်ပွားနေစဉ်က ဖြစ်သည် ။ နေ့စဉ်ရက်ဆက် ဒီမိုကရေစီတောင်းဆိုဆန္ဒပြပွဲများလမ်းပေါ်တွင်ဖြစ်ပွားနေ၏ ။ ကျွန်တော်တို့ လမ်းထဲမှ ကုလားလေးအာမက်ကလည်း ဆန္ဒပြသူလူစုထဲတွင်တက်ကြွစွာနေ့ စဉ်ပါဝင်ဆန္ဒပြသည် ။ တနေ့ တွင်အာမက်သည်ကျွန်တော့်ကိုတစုံတစ်ခုမေးချင်သဖြင့်ကွက်ကြည့်ကွက်ကြည့်လုပ်နေသည် ။ ထို့ နောက်ကျွန်တော်ထင်သည့်အတိုင်း အာမက်က ကျွန်တော့်ကို
“ အစ်ကို့ ကို ကျွန်တော် နိုင်ငံရေးနဲ့ ပါတ်သက်လို့  တစ်ခုမရှင်းတာမေးချင်တယ်အစ်ကို “ဟုပြောလာသည် ။ ထိုစဉ်က ကျွန်တော်သည်ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ် နိုင်ငံတကာဆက်ဆံရေးပညာအဓိကကျောင်းသားအဖြစ် သုံးလခန့် တက်ရောက်ဖူးထားတာကလွဲ၍ ဘာနိုင်ငံရေးသဘောတရားကိုမှ ရေရေရာရာကျကျနနလေ့လာထားသူမဟုတ်သဖြင့် အာမက်ကနိုင်ငံရေးအနည်းငယ်မရှင်းတာမေးချင်သည်ဆိုသဖြင့်ခေါင်းနပန်းကြီးသွားလေသည် ။ အာမက်သည် ဒန်အိုးဒန်ခွက်တွေ ဗလာစာအုပ်အဟောင်းတွေ စက္ကူတွေအရောင်းအ၀ယ်လုပ်သောကုလားလေးဖြစ်သည် ။ ဘာတွေမေးမှာပါလိမ့် ၊သူမေးသောနိုင်ငံရေးသဘောတရားများကိုမဖြေနိုင်လျှင်တော့ငါသောက်ရှက်ကွဲပြီဟုကိုယ့်ဘာသာဇောချွေးပြန်လာလေသည် ။သို့ သော်လာမည့်ဘေးပြေးတွေ့ ဆိုသလို ဟန်ကိုယ့်ဖို့  ဆိုသလို အရဲစွန့် ကာ
“ဟုတ်ကဲ့ မေးလေဗျာ  ကျွန်တော်သိသလောက်တော့ အတတ်နိုင်ဆုံးကြိုးစားဖြေပါ့မယ် “ အာမခံလိုက်မိသည် ။ သူမေးသောမေးခွန်းကိုကြားရပြီးနောက်ကျွန်တော်သည် စိတ်လက်ပေါ့ပါးသွားရုံမက ရယ်ချင်သောကြောင့် မျက်နှာသည်စပ်ဖြဲဖြဲပင်ဖြစ်သွားလေ၏ ။ သူ့ မေးခွန်းကိုကြည့်ပါဦး
“  ဒီလိုပါအစ်ကို အခုမကြာခနကြားကြားနေရတဲ့ ကျောင်းသားသမဂ္ဂဆိုတဲ့စကားနဲ့  ကုလသမဂ္ဂ ဆိုတဲ့စကားက အတူတူပဲလား ခင်ဗျ ။ အဲဒိနှစ်ခုကဘာကွာသလဲ “
ထိုနေ့ ကကျွန်တော်သည် ကျောင်းသားသမဂ္ဂ နှင့် ကုလသမဂ္ဂ၏ခြားနားပုံ ကိုတတ်သလောက်မှတ်သလောက် အာမက်အားနာရီဝက်ခန့် လက်ချာရိုက်လိုက်၏ ။ အာမက်သဘောပေါက်သလား မပေါက်သလားတော့မသိပေ ။
“ ဒီလိုဗျ   သိချင်နေတာတော့ နှစ်ပေါင်းအတော်ကြာနေပါပြီ အခုမှပဲမေးဖြစ်တာ ။ ကျွန်တော်သိချင်တာက လူတွေပြောပြောနေကြတဲ့ အထဲမှာ ကော်ဖီဆိုတာလဲပါတယ် ။ တချို့ ကလည်း ကဖေး ဆိုပြီးပြောနေတာလဲ ရှိတယ် ။အဲဒိတော့ ကော်ဖီနဲ့ ကဖေး ကဘာကွာသလဲဗျ “
ညတ်ချွာဖျား ဟုသာ၊ ကာတွန်း သိန်းလွင်၏ ရုပ်ပြစာအုပ်ထဲကငထက်ဖျားဇာတ်ကောင်လိုသာအော်လိုက်ချင်တော့သည် ။ ထို့ နောက်ကျွန်တော်သည် ကိုဘမောင်အလွယ်ဆုံးနားလည်သွားစေရန်
“  ပါးစပ်ထဲကိုထည့်တာက ကော်ဖီ ဗျာ ၊ အဲဒိကော်ဖီသောက်ဖို့  ထိုင်နေရတဲ့နေရာက ကဖေး ဗျာ “
ဟုရှင်းပြလိုက်တော့သည် ။ ကိုဘမောင်က ၀မ်းသာအားရပေါင်ကိုလက်ဖြင့်ပုတ်ကာ
“ရှင်းပြီဗျာ ရှင်းလိုက်တာ ရှင်းလိုက်တာ ၊ နေဦးနောက်တစ်မျိုးမေးဦးမယ် ။ ဆရာညီတို့  ဂိုဒ်တွေကျွန်တော့်ကားပေါ်မှာ အင်္ဂလိပ်လိုပြောကြတဲ့အထဲမှာ ဟိုစာလုံးဟာ ခနခနပါတယ် ။ ဂိုဒ်တိုင်းလိုလို ပြောလေ့ရှိတယ် ။ အဲဒိစာလုံးအဓိပါယ်လေးမေးချင်လို့ပါဗျ “
“ဘာစာလုံးလဲဗျ “
“ ဟိုဟာဗျာ   အလောတော် ဆိုတဲ့ စာလုံး “
“ ဘာ “
“ အလောတော်  အလောတော်နဲ့  ကိုညီတို့  E ဂိုဒ်တွေ ခနခနပြောသံကြားဖူးပါတယ် အဲဒါဘာလဲဗျ “
ကျွန်တော်လဲ ဦးနှောက်ချောက်သွား၏ ။ အင်္ဂလိပ်ဘာသာစကားတွင် အလောတော် ဆိုသောစကားမှာ ဘယ်ကဘယ်လိုကပ်သီးကပ်သပ်ပါနေသနည်း ။ ဟုတ်ကောဟုတ်ရဲ့ လားဟုကျွန်တော်ဘက်ပေါင်းစုံကစဉ်းစားသည် ။ အလောတော် ၊အလောတော် …..ဘာကိုပြောတာပါလိမ့် ။ နောက်မှရုတ်တရက်ဥာဏ်ပွင့်သွားကာ ကျွန်တော်အားရပါးရရယ်ချလိုက်သည် ။
“ ဟားဟားဟား    အလောတော်မဟုတ်ပါဘူးဗျာ   A lot of  ဖြစ်ပါလိမ်.မယ် ။ ဟီးဟီး အလော့ရော့ဖ် ဆိုတာ အများကြီးကိုပြောတာဗျ ။ ဥပမာ A lot of rain တို့  A lot of money တို့  A lot of time တို့  ပြောတာပေါ့ဗျာ ။ အဓိပါယ်ကတော့ မိုးရေတွေအများကြီး ၊ ပိုက်ဆံတွေအများကြီး ၊ အချိန်တွေအများကြီးစသည်ဖြင့် ပေါ့ ။ ထိုအခါမှ ကိုဘမောင်အတော်ကြေနပ်သွားသည် ။ ဆယ်နှစ်ခန့် မရှင်းလင်းသောစာလုံးနှစ်လုံးကို ကျွန်တော်နှင့်တွေ့ မှ တနံနက်ခင်းနှင့်သိရလေခြင်းဟုလည်းပြောသေး၏။
        ထိုနေ့ မှစကာကျွန်တော်သည် သိခြင်း နှင့်မသိခြင်းဆိုသည်ကိုသေသေချာချာစဉ်းစားမိ၏ ။ သိသူအတွက်ရယ်စရာ အဖြစ်အပျက်တစ်ခုဖြစ်သော်လည်း မသိသူအတွက်တော့အတော်ကိုကြီးမားသော ပုစ္ဆာကြီးတစ်ခုဖြစ်နေစမြဲဖြစ်သည် ။ အဓိကကျသည်က သိခြင်းမသိခြင်းမဟုတ် ။ မိမိမသိသည်ကိုသိခြင်း ။ သိနိုင်လောက်သည့်သူကိုမေးခြင်း ။ မေးရကောင်းမှန်းသိသည့်အတွေးအခေါ်ရှိခြင်းတို့ ဖြစ်သည် ။ သိခြင်းသည်ပညာဖြစ်ပြီး ပညာဟူသည့်သိခြင်းရှိမှသာ တွေးတတ်ခေါ်တတ်စဉ်းစားတတ်လာမည်ဖြစ်သည် ။အပြန်အလှန်အားဖြင့် စဉ်းစားတွေးခေါ်ခြင်းရမှသာပညာဟူသည့်အသိကိုရလာမည်ဖြစ်သည် ။ပညာနှင့်အတွေးအခေါ်သည် ဆက်စပ်နေသောအရာဖြစ်သည် ။ပညာမရှိလျှင်တွေးခေါ်မှုမရှိ ။တွေးခေါ်မှုမရှိလျှင်ပညာရှိမည်မဟုတ်။ ကျွန်တော်တို့ လူမျိုးသည် စဉ်းစားတွေးခေါ်တတ်သောအလေ့အထအလွန်နည်းသောလူမျိုးဖြစ်ပြီး မိရိုးဖလာအများသူငါပြောသည်ကိုသာယုံကြည်လက်ခံတတ်သောအလေ့အထရှိပါသည် ။ ထို့ ကြောင့် စလောင်းဖုံးနှစ်ချပ်တီးလျှင်ကျားကိုက်တတ်သည်ဆိုလျှင်လည်း ယုံလိုက်ကြသည် ( အမှန်က မြေစလောင်းဖုံးနှစ်ချပ်တီးလျှင် ကွဲမှာစိုးသောကြောင့်ရှေးလူကြီးတွေကကျားကိုက်တတ်သည်ဟုပြောသွားသည်ဆိုတာကိုမစဉ်းစားကြ) ။ ညဘက်လေချွန်လျှင်လာဘ်တိတ်တတ်သည်ဆိုလဲလက်ခံလိုက်ကြသည် ( တောအရပ်များတွင်ညဘက်လေချွန်ပါက မြွေဆိုးများ အိမ်ဝင်းထဲဝင်လာမှာစိုးသောကြောင့်ဖြစ်ပုံရသည် ) ။ ကိုရင်ဝတ်(သင်္ကန်းဆီး) ပြီးပါက အရပ်မြင့်ကာထွားလာတတ်သည်ဟုယုံကြသေးသည် (အမှန်မှာ ကိုရင်ဝတ်သောအရွယ်မှာ ထွားကျိုင်းတတ်သောအရွယ်ဖြစ်သဖြင့် တိုက်ဆိုင်ခြင်းဖြစ်သည် ) ။ ထိုသို့ မိရိုးဖလာယုံကြည်မှုများဖြင့်အစွဲအလမ်းကြီးကြသည် ။ ထို့ ကြောင့် ပယောဂဆိုလျှင်လဲ ယုံကြည်လိုက်ကြသည် ။ ဘိုးတော်ဆိုလျှင်လဲ အလွယ်တကူလက်ခံကြသည် ။ နဂါးဆိုလျှင်လည်း ပူးလိုက်ကြသည် ။ဓမ္မစေတီခေါင်းလောင်းကြီးချင်းတွင်းမြစ်ထဲပေါ်လာမည်ဆိုလဲ ယုံသူတွေရှိသည် ။ ပုဏ္ကကတိုက်သည်ဆိုလျှင်လဲယုံလိုက်ကြသည် ။ အနော်ရထာမင်းကြီးဝင်စားသည်ဆိုလဲ လက်ခံကြသည် ။ ကျန်စစ်သား ၀င်စားသည့် သူဆိုလျှင်လဲ ယုံကြည်ကြသည် ။ မနူဟာဘုရင်ကြီးဝင်စားသည်ဆိုလျှင်လဲ ကိုးကွယ်ကြသည် ။ အခြားတစ်ဘက်တွင် လကမ္ဘာ သို့ လူရောက်ခဲ့သည်ဆိုခြင်းကိုယခုထက်တိုင်မယုံကြည်သောသူများရှိနေသေးသည် ။ ကမ္ဘာလုံးသည်ဆိုခြင်းကို လက်မခံပဲ ပြားသည်ဟုငြင်းနေသူများရှိသေးသည် ။
 အစိုးရသည် တိုင်းသူပြည်သားများအပေါ်ဘာလုပ်လုပ် တရားသည် ၊လုပ်ခွင့်ရှိသည် ။ အစိုးရမင်းသည် ရေမြေ့သနင်းဖြစ်သဖြင့် အရာရာကိုပိုင်သည်ဟုယူဆလက်ခံကြသူတွေပင်ရှိ၏ ။ စစ်အစိုးရလက်ထက်က နိုင်ငံတော်အကြီးအကဲဆိုသူကို ဘုရင်ဟုထင်နေသူများပင်ရှိသည် ။ သူ၏သားသမီးများကို သားတော်သမီးတော်ဟုထင်နေကြသူများလည်းရှိသည် ။ ကိုယ့် ကိုယ်ကိုယ်ထိုသို့ ထင်နေကြသူများလည်းရှိကောင်းရှိမည် ။ အရာရာသည် အတွေးအခေါ်ချို့ တဲ့ရာမှဖြစ်ပေါ်လာကြခြင်းဖြစ်သည် ။ အတွေးအခေါ်ချို့ တဲ့ခြင်းကား ပညာနည်းသောကြောင့်ဖြစ်ပေ၏ ။ ပညာဆိုသည်မှာ ကျောင်းတွေ ဘွဲ့ တွေ ၊ ဆာတီဖီကိတ်တွေကိုခေါ်ခြင်းမဟုတ် ။ အကြောင်းဟုတ်သည်မဟုတ်သည်ကို စုံစမ်းသိရှိလိုသောဥာဏ်နှင့်ထိုးထွင်းသိမှုကိုသာပညာဟုသတ်မှတ်ရမည်ဖြစ်သည် ။ပညာကိုမေးမြန်းစုံစမ်းခြင်း အပြင် အကြားအမြင်များခြင်း ၊လေ့လာသင်ယူခြင်းနှင့်စာဖတ်ခြင်းများဆီကရနိုင်ပေသည် ။ များများသိချင်က များများ စဉ်းစားတွေးခေါ်ကြရန်ဖြစ်သည် ။ ပညာမရှိသောအခါ မစဉ်းစားတတ်တော့ ။မစဉ်းစားတတ်သောအခါ အသိဥာဏ်အမှောင်ကြီးကျပြီဖြစ်သည် ။
သရ၀ဏ်(ပြည်)  
Eternal Light မဂ္ဂဇင်း
၂၀၁၆ စက်တင်ဘာ
0 comments:
Post a Comment
Facebook Like Page