Saturday, October 10, 2015

တပ်နယ်မြေအနီးရှိ ကျေးရွာများသို့ NLD ပါတီ၏ စည်းရုံးရေးခရီးစဉ်များတွင် တပ်နယ်မြေအတွင်း ဖြတ်သန်းသွားလာမှုခွင့်မပြု

Leave a Comment


ပြည် အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် မှုတ်ရှည်အုပ်စုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ယင်းတို့ပါတီအောာင်နိုင်ရေးအတွက် ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့ နေ့လည် ၂ နာရီမှစတင်ကာ ဒေသခံများနှင့်တွေ့ဆုံမဲဆွယ်ခြင်းများပြုလုပ်ခဲ့ပြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းက စစ်တပ်နှင့်နီးရာကျေးရွာများသို့ မဲဆွယ်ရေးခရီးစဉ်နှင့်ပတ်သက်ပြီး တပ်အတွင်းသို့ ဖြတ်သန်းသွားလာခွင့်မပြုခဲ့ကြောင်းသိရသည်။

စည်းရုံးဟောပြောခြင်းများနှင့်ပတ်သက်ပြီး ပြည်မြို့နယ်အမှတ် ၂ မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျက “မြို့ပေါ်မှာမဲဆွယ်ရတာအခက်အခဲမရှိပါဘူး။ ရွေးကောက်ပွဲဆိုင်ရာညွှန်ကြားချက်နဲ့အညီဆောင်ရွက်တဲ့အတွက်အခက်ခဲမရှိပါဘူး။ ပြည်မြို့နယ်အတွင်းမှာရှိတဲ့ စစ်တပ်တွေထဲက တပ်မတော်သားမိသားစုတွေကို မဲဆွယ်ဖို့ မဲဆွယ်ခွင့် မတင်ပြရသေးပါဘူး။ တင်ပြီးတဲ့အခါ ဘာအခက်ခဲရှိမယ်ဆိုတာတော့ မသိနိုင်သေးပါဘူး။ မနက်ကတော့ ပြည်ခရိုင်အတွင်းမှာရှိတဲ့ ပန်းတောင်းမြို့နယ်ထဲက စစ်တပ်တခုရဲ့နောက်မှာတည်ရှိတဲ့ ကျေးရွာတွေကို မဲဆွယ်တာတောင်မဟုတ်ဘူး။ ဖြတ်သန်းသွားလာခွင့်တောင် ခွင့်ပြုမိန့်မရဘူးဆိုတဲ့ အကြောင်းပြန်ကြားစာရောက်လာတယ်။ အဲဒိကိစ္စကိုလည်း ကျွန်တော်တို့ပါတီအဆင့်ဆင့်ကနေ သက်ဆိုင်ရာကော်မရှင်တွေအထိ တင်ပြသွားဖို့ရှိပါတယ်။ တစ်ဖတ်ပါတီကတော့ ဖြတ်သန်းသွားလာခွင့်ရတယ်။ NLD ကျမှ ကန့်သတ်ခြင်းခံရတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ကတိပြုထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဒါဟာမျှတမှုမရှိဘူးဆိုတဲ့အကြောင်းကို တင်ပြသွားမှာပါ။” ဟု ၄င်းက ဆိုသည်။

ပြည်မြို့နယ်အတွင်း NLD ပါတီ စည်းရုံးရေးခရီးစဉ်တွင် ပြည်သူတွေတောင်းဆိုမှု ဘာမှမရှိကြောင်း စနစ်ဆိုးမှပြောင်းလည်းဖို့ ကိုယ်စွမ်း ဥာဏ်စွမ်း ပြည်သူနဲ့ လက်တွဲဆောင်ရွက်သွားမည်ဆိုသည့်ကတိကိုပေးနိုင်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။ ဒေသဆိုင်ရာဖွံ့ဖြိုးရေးကိစ္စများကို ရပ်မိရပ်ဖများနှင့်သေချာစနစ်တကျ ပြည်သူ့ဘတ်ဂျတ်က ပြည်သူ့အတွက်ပဲဖြစ်စေရမည်ဖြစ်ပြီး တစ်နှစ်ခံလမ်းပန်းဆက်သွယ်ရေးကအစ ကျေးရွာတိုင်းလိုလိုမီးကိစ္စများကြုံတွေ့ရလျှက်ရှိကြောင်း ၄င်းက ဖြည့်စွပ်ပြောကြားခဲ့ကြောင်း သိရသည်။

“ ဒီရွာမှာတော့ ၈၀%နူံးလောက် ဒေသခံပြည်သူရော ၀န်ထမ်းတစ်ချို့ပါ NLD ပါတီကို မဲထည့်ကြမယ်လို့ ယုံကြည်ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေ ပိတ်ပင်တားစီးတာတော့မတွေ့ပါဘူး။ အခုဒီပွဲကိုလာတဲ့သူတွေထဲမှာ ပါတီဝင်မဟုတ်တဲ့ ပြည်သူတွေလည်းပါတယ်။ ဒါကလည်း NLD ကျင်းပတဲ့ပွဲတိုင်းလိုလိုမှာ ဒါမျိုးရှိပါတယ်။ NLD ကိုယုံကြည်ပါတယ်။ ကျွန်တော်တို့ရွာဖွံ့ဖြိုးတိုးတက်ဖို့အတွက် တောင်းဆိုမှုနဲ့ မဲထည့်မှာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအတွက်ပါ။ ”ဟု မှုတ်ရှည်ကျေးရွာအုပ်စု ဒေသခံ ကိုဝင်းနိုင်ထွန်းကပြောသည်။

ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ NLD ပါတီသည် အောက်တိုဘာ ၂ရက်နေ့ရက်စွဲပါစာဖြင့် ပန်းတောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အား မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် တပ်တွင်းသို့ ဖြတ်သန်းသွာခွင့်တင်ပြထားမှုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ စည်းရုံးရေးခရီးစဉ်များတွင် တပ်အတွင်းသို့ဖြတ်သန်းသွားလာခွင့်မပြုနိုင်ကြောင်းအကြောင်းကြားစာအား အောက်တိုဘာ ၉ ရက်နေ့ ရက်စွဲပါ စာတစ်ဆောင်ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြတ်သန်းသွားလာခွင့်ကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြသွားအုံးမည်ဖြစ်ကြောင်းသိရသည်။

K3(pyay)
ပြည်သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page