မဲစာရင်းများမှားယွင်းမှုများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တာဝန်ယူ၊ တာဝန်ခံပေးရေး ပြည်မြို့၌ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူအား မိနစ်ပိုင်းအတွင်းမှာပင် ရဲတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။
အဆိုပါဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာလ ၂၁ ရက်နေ့နံနက်ကိုးနာရီခွဲခန့်က ပြည်မြို့၏၊ ဗိုလ်ချုပ် အောင်ဆန်းမြင်းစီးကျောက်ရုပ်အနီးမှ စတင်ရန် ရွေးကောက်ပွဲကော်မရှင်အားတောင်းဆိုရေးသား ထားသည့်ဗီနိုင်းပိုစတာများအားထမ်း၍ လမ်းလျှောက်လာစဉ်မိနစ်ပိုင်းအတွင်းမှာပင် နယ်မြေခံ မြို့မအမှတ်(၂) စခန်းမှူးနှင့်ရဲတပ်ဖွဲ့ ရှစ်ဦးခန့်တို့က ဆန္ဒထုတ်ဖော်သူအား ပိတ်ဆို့ဖမ်းဆီးကာ ဗီနိုင်းများကို ဖြုတ်သိမ်းခြင်းတို့ကို ပြုလုပ်ပြီး ကားပေါ်သို့ဆွဲတင်ကာ အဆိုပါရဲစခန်းသို့ချက်ချင်းခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
“ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက်လောလောဆယ်တော့သူ့ကို အမှုမဖွင့်ဘူး သူ့သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးကိုလှမ်းခေါ်မယ် သူကို့ခံဝန်ထိုးခိုင်းပြီးပြန်ထည့်လိုက်မှာပါ အမှုမဖွင့်ပါဘူးလမ်းပိတ်ဆို့မှုလည်း မဖြစ်တဲ့အတွက် ဒီအချိန်မှာရွေးကောက်ပွဲအတွက်အဖျက်အမှောက်တွေကို တင်းတင်းကျပ်ကျပ် တားဆီးလုပ်ဆောင်ရမဲ့အချိန်မို့လုပ်ရတာပါ မလိုလားအပ်တဲ့ပြသာနာတွေ မဖြစ်ရေးကြိုတင်လုပ်ရတာ ဖြစ်ပါတယ်” ဟု မြို့မ အမှတ်(၂) ရဲစခန်းမှဦးမျိုးမြင့်ကပြောသည်။
ဆန္ဒပြတောင်းဆိုထားသည့် ဗီနိုင်းပိုစတာနှစ်ခုတွင် နိုင်ငံတကာအထောက်ပံ့များနဲ့ ပြည်သူ့ဘဏ္ဍာတွေအပြည့် သုံးထားတဲ့ရွေး/ကော် ၃၀% (လုံးဝ) လက်မခံ၊ အပြည့်အ၀တာဝန်ယူပေး၊ ပြည်သူတစ်ဦးမဲပေးခွင့်ဆုံးရုံုးခြင်း၊ မဲအလွဲသုံးစားလုပ်ပါကပြည်သူလူထုရဲ့ဒဏ်ခတ်မှု ကြိမ်းသေခံရမည် ရွေးကော်ဥက္ကဌနဲ့အဖွဲ့ဘက်လိုက်မှု ချက်ခြင်းရပ်၊ ရွေးကောက်ပွဲဥပဒေနဲ့အညီအရေးယူပေး၊ မိကောင်းဖကောင်း သားသမီးမှန်လျှင်မရိုးမသားလုံးဝ မလုပ်ဘူးဟုရေးသားထားသည်။
“ဆန္ဒစပြနေတုန်းလေးပဲရှိသေးတယ်။ ရဲတွေ လာဖမ်းပြီးကားနဲ့ စခန်းကိုခေါ်သွားတယ်။ ကျွန်တော်တို့ သတင်းထောက်တွေ လိုက်သွားတော့ရဲစခန်းထဲကို ၀င်ခွင့်မပေးဘူး။ အခြားလူတွေကိုတော့ ၀င်ခွင့်ပေးတယ်။ စခန်းမှူးက စခန်းထဲကနေပြီးတော့ အမှုမဖွင့်ပါဘူး။ အုပ်ချုပ်ရေးမှူးကို ပြန်ထည့်ပေးလိုက်မှာလို့ဖြေပေးတယ်။ တော်တော်ကြာကြာထပ်စောင့် နေကြတော့ သတင်းထာက်အားလုံးကိုယ်စား ဆိုပြီးတစ်ယောက်ပဲ အချက်လက်လာယူပါလို့ပြောတယ်။ ဖမ်းဆီးခံရသူနဲ့လည်းတွေ့ခွင့်မရခဲ့ပါဘူး” ဟု မြို့ခံသတင်းထောက် ကိုသီဟလွင်ကပြောသည်။
ဆန္ဒထုတ်ဖော်ခဲ့သူမှာ ပြည်မြို့နယ်၊ တဲကုန်းကျေးရွာအုပ်စု၊ ဆင်ပိုက်ကျေးရွာမှ အသက်လေးဆယ့်ရှစ်နှစ် အရွယ်ရှိ ဦးတင်ဌေးဝင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ- ဝေလင်း(ပြည်)
ELEVEL မှ ကူးယူဖော်ပြပါသည်။
0 comments:
Post a Comment