Saturday, September 26, 2015

ဆင်များဖြင့် လှည့်လည်ပူဇော်ခံသည့် ပေါင်းတည်မြို့ မြတ်စွယ်တော် ၁၁၅ ကြိမ်မြောက်လှည့်လည်ပူဇော်ခံပွဲတော် ကျင်းပ

Leave a Comment



မြန်မာနိုင်ငံတွင် တစ်ခုတည်းသာရှိသော ဆင်များဖြင့်လှည့်လည်ပူဇော်ခံသည့် ပဲခူးတိုင်းအနောက်ပိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ မြတ်စွယ်တော် ၁၁၅ ကြိမ်မြောက်လှည့်လည်ပူဇော်ခံပွဲတော်ကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပြီး ယခင်နှစ်များထက် ပိုမိုစည်ကားကြောင်းသိရသည်။

ယင်းပွဲတော်ကို တော်သလင်းလဆန်းရှစ်ရက်နေ့(စက်တင်ဘာ ၂၁) မှတော်သလင်းလပြည့်နေ့ထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မြတ်စွယ်တော်အား မြို့တွင်းသို့လှည့်လည်ပူဇော်ခံသည့်ရက်မှာ တော်သလင်းလဆန်း ၁၃ ရက်တစ်ရက်အတွင်းသာ လှည့်လည်အပူဇော်ခံခြင်းဖြစ်ကြောင်း ကျန်ရက်များတွင်း သကျမုနိမိုးကောင်းဘုရားကြီးအတွင်း အပူဇော်ခံထားရှိကြောင်း ဘုရားဂေါပကအဖွဲ့များထံမှ သိရသည်။

“မြန်မာနိုင်ငံတစ်နှံလျားမှာဖြင့် ဆင်ရတနာများဖြင့် မြတ်စွယ်တော်ကိုလှည့်လည်ပေါ်ဇော်ခံတာ ပေါင်းတည်စွယ်တော်တစ်ခုပဲရှိပါတယ်။ ဒီနှစ်မှာဆိုရင် စွယ်တော်ပင့်ဆောင်တဲ့ဆင်ရတနာတစ်စီးအပြင် အခြားအရံဆင်ရတနာ နှစ်စီး ဒေ၀ါဝင်းရာဇာဝင်းအခင်းအကျင်းစုံနဲ့လှည့်တာဖြစ်ပါတယ်။ အလှပြယိမ်း ကိုးယိမ်း ဗုဒ္ဓ၀င်အလှပြယှဉ် ခြောက်စီး၊ နိပါတ်လှည့် ဆယ့်ခြောက်စီးနဲ့ နေ့လည်တစ်နာရီမှာ ပေါင်းတည်မြို့တွင်းလှည့်လည်အပူဇော်ခံမှာဖြစ်ပါတယ်” သကျမုနိဘုရားကြီး ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးတင်အောင်က ပြောသည်။

စွယ်တော်လှည့်လည်ရာတွင် သုံးနှစ်တစ်ကြိမ်ဆိုသလို ဆင်ရတနာသုံးကောင်အသုံးပြုကာ ကျန်နှစ်များတွင်တော့ ဆင်ရတနာတစ်ကောင်သာ အသုံးပြုကြောင်း ယိမ်းအလှပြကားများကို မြို့ပေါ်ရပ်ကွက်များက တာဝန်ယူပါဝင်ကပြဖျော်ဖြေကြကာ ယိမ်းများတွင်နိုင်ငံကျော် အဆိုတော်များလာရောက် သီဆိုကြကြောင်း၊ ဗုဒ္ဓ၀င်ဇာတ်နိပါတ်တော်များကို သရုပ်ဖော်ရာတွင် အလှပြနွားယှဉ်များဖြင့် ပြုလုပ်ရှိကြောင်း မြို့ခံများကပြောသည်။

“ကျွန်မတို့ဒီနှစ်မှာတော့ အရင်နှစ်တွေကထက်ပိုရောင်းကောင်းတယ်။ မိုးလေ၀သရာသီဥတုကလည်း ကောင်းတယ်လေ ဆိုင်ကကျဉ်းလွန်းအားကြီးလို့ နေရာတောင်မပေးနိုင်ဘူး အရင်ထက်ကို လူအားကသုံးလေးဆလောက်ပိုများလာတယ် ” ဟု စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။

အဆိုပါပွဲတော်မှာ မြန်မာနိုင်ငံအခြားပွဲများနှင့်မတူဘဲ မိုးနှောင်းကာလတွင်ပြုလုပ်တာဖြစ်သလို လွန်ခဲ့သည့်နှစ်တစ်ရာကျော်ကတိုင် ရိုးရာမပျက်ပြုလုပ်ခဲ့သည့် ဆင်များဖြင့်လှည့်လည်အပူဇော်ခံသည့် အလေ့အထကို ယနေ့အချိန်ထိထိန်းသိမ်းထားသည့် တစ်ခုတည်းသောပွဲတော်လည်းဖြစ်သည်။

Writer:
ဝေလင်း(ပြည်)

============

Eleven Media Group


0 comments:

Post a Comment

Facebook Like Page