Tuesday, September 22, 2015

အရင်းစားမရတော့တဲ့ နင်းပြားဘ၀များ

Leave a Comment



ကိုလေး(ပြည်)

     ရွာအ၀င်ကတည်းက အလဲလဲအပြိုပြိုဖြစ်နေသည့် စပါးပင်များ ပြောင်းပင်များ၊နှမ်းပင်များ ကမြင်မကောင်း အောင်များပျားလွန်းလှသည်။ဒီလိုလဲပြိုနေသည့် စားပင်သောက်ပင်များအလွန်တွင်တော့ ကိုမောင်ဦးတို့ရွာ ကလေးက တိတ်ဆိတ်ငြိမ်သက်လွန်းနေသည်။ရွာလည်လမ်းမပေါ်တွင်လည်း ကျီးနှင့်ဖုတ်ဖုတ်။တစ်ချက် တစ်ချက် ထွက်ပေါ်လာသည့် ကလေးငယ်တစ်ဦးစ၊နှစ်ဦးစ၏ စာရွတ်သံလေးသာ တိတ်ဆိတ်မှုကို ဖြိုခွင်း လျှက်ရှိသည်။ရွာထဲရှိအိမ်လေးပေါ်များမှာတော့ ရွာသူရွာသားအချို့ ဖွင့်လျှက်ထားသည့် ပြူတင်းပေါက် များမှ တိတ်ဆိတ်ငြိမ်သက်စွာ ရွာလမ်းမကို ငေးမောကြည့်နေကြသည်။ သူတို့တွေ၏ မျက်နှာများက အသက်မဲ့လွန်း လှသည်။

     ရွာထဲကို စ၀င်ပြီ ဆိုကတည်းက ပြင်းရှလွန်းသည့် မြက်ပုပ်နံ့၊ဗွက်ပုပ်နံ့တွေက နှာဝသို့ ရိုင်းရိုင်းဆိုင်းဆိုင်း ၀င်ရောက် နှုတ်ဆက် လိုက်သည်။ရေဘေး ကူညီလှူဒါန်းပေးသူ စာရေးဆရာ သရ၀ဏ်တို့ မိသားစုနှင့် ကူညီရန်လိုက်ပါလာသော အဖွဲ့မှာ ပါသူတွေက ဖိနပ်တွေကိုလက်ကကိုင်၊အထုပ်အပိုးတွေကို လက်ကဆွဲနဲ့ ရွာလည်လမ်းမ ရွှံ့ဗွက်တွေထဲ တဆတ်ဆတ် နင်းပြီးလျှောက်နေကြသည်။ကူညီရန်လိုက်လာကြသော လူငယ်လေးများက လမ်းတွင်လာယင်း စက်လှေပေါ်ကနေလှမ်းမြင်ရသည့် ပုပ်ပွပြီးပေါလောပေါ်နေသော ပိုင်ရှင်မဲ့အလောင်းတစ်လောင်းကို မိန်းမလား ယောက်ျားလား ဝေဖန်ပြောဆိုနေကြသည်။
     “ဆရာတို့ကတော့ ဘယ်လိုနေမလည်းမသိဘူး။ကျွန်တော်တို့တွေ အနေကြာလာတဲ့လူတွေတောင် ဒီအနံ့က နှာခေါင်းမယဉ်သေးဘူး။”ဆိုပြီး ကိုမောင်ဦးနှင့်အတူ လာရောက်ကြိုဆိုသူ ဒေသခံတစ်ဦးကပြောသည်။
     အလှူရှင် စာရေးဆရာသရ၀ဏ်(ပြည်)နှင့် မိသားစုတို့ လာရောက်လှူဒါန်းသည့် ကျေးရွာလေးက ရွှေတောင်မြို့နယ်၊ ကျောက်ထရံအုပ်စုထဲက ရေလယ်ကျွန်းရွာလေးဖြစ်တဲ့ မိုးပုလဲဆိုတဲ့ ရွာလေးနှင့် ပိတောက်မြိုင်ဆိုသည့် ရေလယ်ကျွန်းတစ်ကျွန်းထဲတွင်ရှိသည့် ကျေးရွာလေးနှစ်ရွာပါ။  မြန်မာတစ်နိုင်ငံ လုံးမှာရှိတဲ့ တိုင်းနဲ့ပြည်နယ်(၁၄)ခုမှာ (၁၁)ခုရေကြီးခြင်းခံရတဲ့အထဲတွင် အဆိုပါကျေးရွာလေးများလည်း အပါအ၀င်ဖြစ်သည်။မိုးပုလဲ ကျေးရွာမှာ အိမ်ခြေက(၃၇)အိမ်ထောင်စုရှိပြီး၊ပိတောက်မြိုင်ကျေးရွာ ကတော့ အိမ်ထောင်စု(၃၄)စုရှိလေသည်။အဆိုပါ ကျေးရွာလေးနှစ်ရွာကြားတွင် မူလတန်းကျောင်းလေး တစ်ကျောင်းလည်း ရှိသည်။ရေလယ်ကျွန်းဖြစ်သည့်အပြင် မြို့ကြီးပြကြီးများနဲ့ အလှမ်းအကမ်းကဝေးသည့် အတွက် အခြားသော ကျေးရွာများလောက် ရေဘေးအကူအညီ သိပ်မရဘူးလို့သိရသည်။

     ရေက ပြန်လည်ကျသွားပေမယ့် တစ်ရွာလုံးမှာ ရွှံ့ညွန်တွေနဲ့ပြည်သိပ်နေပြီး အနံ့အသက်ကလည်း မကောင်း၊လုပ်စရာရှိတဲ့အလုပ်တွေကလည်း မဖြစ်မနေ မြေကြီးစိုစိုထဲမှာပဲလုပ်နေရတော့ အအေးမိသည့် ရောဂါနှင့် ဖျားနာမှုများဖြစ်ပေါ်နေသည်။ကျန်းမာရေးဆရာမတွေကလာတယ်ဆိုပေမယ့် ရက်ခြား လာကြည့်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေသည့်အတွက် အကယ်၍များဖျားနာမှုများရှိခဲ့လျှင် အနီးဆုံးက ရွှေတောင်မြို့နယ်တိုက်နယ်လေးဖြစ်သည့် ညောင်စာရေးကျေးရွာသို့သာ သွားရောက်ကုသမှုခံယူနေရသည်။
     ကိုမောင်ဦးတို့ရွာလေးမှာရှိကြတဲ့ လူတွေရဲ့အဓိကစားဝတ်နေရေးအတွက် ပင်မအလုပ် ကတော့ ယင်းကျွန်းကလေးပေါ်မှာရှိသည့် မြေကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းပဲဖြစ်သည်။ယခုနှစ်တွင်တော့ သီးနှံများပေါ်ကာနီးအချိန်ရောက်ကာမှ ရေကကြီးလာတော့ စိုက်ပျိုးထားတဲ့သီးနှံတွေလည်းဆုံး၊မျိုးလည်းရှုံး ရသည့်အပြင် လုပ်အားခ၊သီးနှံသုံးဆေးဝါးမျိုးစုံ စရိတ်ကပါဆုံးရှုံးရလေတော့ တောင်သူတွေအဖို့ ဖွတ်ကျော ပြာစုဆိုသလိုဖြစ်နေရတော့သည်။

     “ဘာတစ်ခုဆို တစ်ခုမှမရလိုက်ပါဘူး မောင်လေးရယ်။စပါးတွေက ရိတ်သိမ်းချိန်မရောက်တတ်သေးတဲ့ အရည်တည်စအချိန်ဆိုတော့ ဘယ်လိုရိတ်လို့ရမလည်း။နှမ်းတွေက ရိတ်ကာနီးနေပြီ။ရေတွေက နေချင်းညချင်း တက်လာတော့ ဘယ်လိုမှရိတ်ချိန်မမီလိုက်ဘူးလေ။နည်းနည်းပါးပါးရလိုက်တာဆိုလို့ ပြောင်းလေးပဲရှိတယ်။ အဲဒါတောင် မရင့်တရင့်နဲ့ခူးလိုက်ရတော့ ရောင်းတန်းမ၀င်ဘူးပေါ့။အခုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ တော့ပါဘူး။အခုအချိန်မှာ အမျှော်လင့်ဆုံးက အစိုးရအနေနဲ့ မျိုးဖိုးလေးတွေ ထုတ်ချေးပေးစေချင်ပါတယ်။ အလကားတော့မဟုတ်ပါဘူး။ချေးတဲ့သဘောဆိုတော်ပါပြီ။အဲဒါမှ အချိန်မှီပြန်စိုက်နိုင်မှာလေ။”ဟု မိုးပုလဲကျေးရွာမှ တောင်သူမကြီးက ညည်းညည်းညူညူနှင့်ပြောသည်။
     ယခုလိုအလှူရှင်များ ကြိုကြားကြိုကြား လာနေသည့်အချိန်တွင်တော့ သူတို့တွေအတွက် စားဝတ်နေရေးက ပြည်စုံဖူလုံသည်ဟုမဆိုသာတောင် ခြိုးခြံချွေတာစားသောက်နေနိုင်သေးသည်။အလှူရှင်များ ပါးလာသည့်အချိန် စိုက်ခင်းပျိုးခင်းများကလည်း သီးနှံမပေါ်တတ်သေးသည့်အချိန်တွင် မည်ကဲ့သို့ရှိမည်ကို တောင်သူများ ကြိုတင် ပူပန်လျှက်ရှိကြသည်။သို့ပေမယ့် သူတို့အပူကို လူသိအောင်သူတို့ဘယ်လိုလုပ်ရမည်မသိ။သူတို့တွေရဲ့ ဒုက္ခတွေကို ကူညီဖြေရှင်းပေးမယ့်သူကို သူတို့မမျှော်လင့်ရဲကြပဲ အပူရုပ်ကို ဟန်လုပ်နေရသည်။ဒီကြားထဲ စိုက်ပျိုးစရိတ်ချေးငွေများကလည်း ထုတ်ချေးပြီးသားများဖြစ်နေကြသည်။ဒီချေးငွေက အချိန်တန်ရင် ပြန်ဆပ် ရမည့် ကြွေးမြည်များဖြစ်သည်။အကယ်၍များ အစိုးရအနေနဲ့ ဒီချေးငွေများကို တနည်းနည်းနဲ့ သက်သက်ညှာညှာ စဉ်းစားမပေးဘူးဆိုရင်တော့ လက်ရှိနေတဲ့အိမ်လေးတွေ၊စိုက်ခင်းလေးတွေကတော့ မျက်ခုံးခပ်လှုပ်လှုပ်ပင်။

     “ကျွန်တော်တို့ရွာမှာ လယ်နဲ့ကိုင်းမရှိတဲ့လူတွေကတော့ ငါးဖားရှာတဲ့အလုပ်လုပ်ကြပါတယ်။အဲဒီလိုမှ သားငါးလည်းမရှာတတ်ဘူးဆိုရင်တော့ သူများလယ်တွေ၊ုကိုင်းတွေမှာ အလုပ်လုပ်ကြပေါ့။တစ်နေ့ကို ကိုင်းထဲမှာ အလုပ်လုပ်ရင် ညမနက်မှ တစ်ထောင့်ငါးရာပဲရတယ်။မနက်တခင်းအလုပ်လုပ်ရင် ခုနှစ်ရာ့ငါးဆယ်ပဲ ရတယ်။ဒီလိုပဲလုပ်ရတာပဲ ဆရာရယ်။ဒီလိုမှမလုပ်လို့ ဒီနေရာမှာ ကျန်တဲ့အလုပ် ဘာအလုပ်ရှိမှာမို့လို့တုန်း။ မလောက်လည်းလုပ် လောက်လည်းလုပ်ပေါ့။” ဟု ချွေးပြန်နေသော မျက်နှာကို ပုဆိုးအောက်စနှင့် ကုန်းသုတ်ယင်း ဒေသခံ ဦးမြင့်သောင်းကပြောသည်။

     လှူဒါန်းမှုများပြီးလို့ အလှူရှင်နှင့်အဖွဲ့များ ပြန်ကြသည့်အချိန်တွင်တော့ ရွာထဲမှ သက်ကြီးရွယ်အိုများက အလှူရှင်များကို ဆုတွေတသီကြီးပေးနေသည်။ကိုမောင်ဦးနှင့် ရွာသားအချို့က စက်လှေဆိပ်အထိလိုက်ပို့ ယင်း လက်ကိုင်ဖုန်းလေးများနှင့် မှတ်တမ်းဓါတ်ပုံများ ရိုက်ပြီး လက်ပြနှုတ်ဆက်လို့။ကျွန်တော့် အပြန်လမ်းခရီး တစ်လျှောက်မှာတော့ စက်လှေပေါ်မှာထိုင်ယင်း အတွေးများက ပြည့်နှက်နေသည်။

     ကျွန်တော့်အတွေးထဲမှာတော့ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လက်ရှိရင်ဆိုင်နေရသည့် ဒုက္ခများကို အမြန်ဆုံး ပြေလည်နိုင်စေရန် ဘယ်လိုများ စီစဉ်ဆောင်ရွက်ပေးနိုင်မှာလည်းပေါ့။အခုလို ပြည်သူများ ဒုက္ခသုက္ခနှင့် ကြုံတွေ့နေရစဉ်မှာ မိမိအာဏာတည်မြဲရေး၊မိမိပါတီအနိုင်ရရှိရေး စသည့်ကိစ္စရပ်များ အပေါ်တွင် သာ စိတ်ဝင်စားနေသည့် လူများကိုလည်း နားမလည်နိုင်ပါ။အခုလို ပြည်သူအများဒုက္ခ ပင်လယ်ဝေနေချိန်တွင် လူမှုရေးအဖွဲ့အစည်းများ အလှူရှင်ပြည်သူများထက် နောက်ကျမှ ရောက်လာပြီး လူလုံးပြတတ်သည့် တိုင်းပြည်၏ မိဘသဖွယ်ဖြစ်နေသည့် အစိုးရ လူကြီးမင်းများကိုလည်း နေနိုင်လွန်းလှသည့်အတွက် အထူးပင် အံ့သြမိပေသည်။ကျွန်တော်လို သာမာန်ပြည်သူ လက်လုပ်လက်စားတစ်ယောက်အနေနှင့်ကတော့ ထိုရွာလေးကို အမြန်ဆုံးကူညီသူများ ပေါ်ပေါက်ပြီး အဆင်ပြေမှုများနဲ့ပြည့်စုံပါစေလို့ ဆုတောင်းပေး ရုံသာပဲရှိပါတော့သည်။  ။
                                                                                                   ကိုလေး(ပြည်)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


0 comments:

Post a Comment

Facebook Like Page