အသိုက်အမြုံလေးများရဲ့မနက်ဖန်
=======================
ဝေလင်း(ပြည်)
ကောင်းကင်ထဲပျံသန်းရင်း တစ်ပင်မှတစ်ပင်ကူးလူးပျံသန်းကာ သွားလာနေကြသည့်ငှက်ကလေးများကို ကျွန်တော်တို့မြင်ဖူးကြပါလိမ့်မည်။ တစ်ခါတစ်ရံတွင်ထိုငှက်ကလေးများ၏နှုတ်သီးဖျား ခြေချောင်းလေးများကြား ကိုက်ချီ၊ ကုပ်ယူလာခဲ့သည့် မြတ်ခြောက်၊ ကောက်ရိုး၊ သစ်ကိုင်းခြောက်လေးများ၊ ပီနံကြိုးစလေးများကိုလည်း မြင်တွေ့ရတတ်သည်။ သေချာထပ်ပြောရမည်ဆိုက ထိုငှက်ကလေးများကအသိုက်မြုံလေးများကို တည်ဆောက်နေကြခြင်း ဖြစ်ပါသည်။
လွန်ခဲ့သည့် ခြောက်နှစ်ခန့်ကနွယ်နီမဂ္ဂဇင်းတွင် ငှက်မိသားစုလေးနှင့်သူတို့အသိုက်မြုံလေးအကြောင်း ထိုအသိုက်လေးကို စာနာနားလည်စိတ်ဖြင့်ကူညီကာအမိုးမိုးပေးခဲ့သည့် လူကြီးတစ်ယောက်အကြောင်း အက်ဆေးတစ်ပုဒ်ကိုရေးခဲ့ဖူးသည်။ ငှက်မကြီး၏ရင်သွေးလေးများအပေါ်စောင့်ရှောက်ပုံ၊ ဟာလာဟင်းလင်း ဖြစ်နေသည့် အသိုက်လေးထဲကငှက်ပေါက်လေးများကို နေပူမှာစိုးရိမ်သည့်အတွက် ပီနံအိတ်ကြီးကိုနေရာ ပြောင်းကာနေသွားရာလမ်းကြောင်းအတိုင်း လိုက်မိုးပေးတတ်သည့်လူကြီးတစ်ယောက် နှင့် ငှက်မိခင်ကြီးရင်းနှီး သွားပုံ ထိုနောက်ငှက်မိသားစုလေးပြောင်းသွားသောအခါ ပီနံအိတ်ကြီးလေထဲလွင့်နေကာ ကူညီခဲ့သည့်လူကြီး တစ်ယောက် နေပူထဲကအသိုက်ဟောင်းလေးကိုငေးနေရင်း ဆုတောင်းနေသည့်အကြောင်းလေးရေးခဲ့ဖူးသည်။
အသိုက်မြုံ၊ အိမ်၊ ဂူ၊ ပိုင်နက်၊ မြေတွင်း၊ ဘယ်လိုပဲသတ်မှတ်ပြောဆိုကြပါစေ၊
လူ၊ တိရိစ္ဆာန်၊ သတ္တ၀ါတိုင်းတွင် နေထိုင်နားခိုရာ၊
လုံခြုံစိတ်ချမှုရှိသည့်နေရာလေး တစ်ခု၊ ရုပ်ဝတ္တုပစ္စည်းအရပဲပြောပါစေ၊
စိတ်ပိုင်းဆိုင်ရာခံစားမှု အရကျေနပ်နှိမ့်သိမ့်နိုင်သည့်
နေရာလေးတစ်ခုကိုအစွဲပြုနေထိုင်လာကြသည်မှာ ကျောက်ခေတ်လူသား၊
သမိုင်းမတင်မီခေတ်ကတည်းကဟုပြောနိုင်ပါသည်။
ကျွန်တော်တို့အတွက်နေစရာနေရာအရေးကြီးသည်၊ တိရစ္ဆာန်တွေအတွက် အသိုက်မြုံ၊ ခြံ၊ ဂူ၊ ပိုင်နက်သည် အရေးကြီးသည်။ အသက်နှင့်မျှရင်းကာထိုအရာများကိုတည်ဆောက်ခဲ့ကြရသည်။ ထိုအရာများပျက်စီးသွား သောအခါ ပြန်လည်တည်ဆောက်ရသောအခါ၊ ရုပ်ဝတ္တုများကိုပြန်လည်ရှာဖွေရနိုင်ကောင်းရနိုင်မည်၊ သို့သော် စိတ်ပိုင်းဆိုင်ရာ ဆုံးရုံးနစ်နာမှု ပြန်လည်အစားထိုးကုစားမရနိုင်မှုများကို သိရှိခဲ့မည်ဆိုပါကဆုံးရုံးနစ်နာမှု ဆိုသည်မှာ လယ်တစ်ကွက်လား၊ အိမ်တစ်လုံးလား၊ ဆိုင်တစ်ဆိုင်လား၊ နေ့စဉ်လုပ်အားခလား၊ အခြားအရာများလားမဟုတ်ပါ ကျွန်တော်တို့အသိုက်မြုံ၊ စုစည်းမှု၊ နားလည်မှု၊ ကြင်နာမှု၊ အသားကျမှု၊ ယုံကြည်ကိုးစားမှု၊ ပျော်ရွှင်မှု၊ အနာဂတ်မျော်လင့်ချက်များ ထိုအရာများကိုပြန်လည်တည်ဆောက်ယူရမည် ဆိုပါက မနက်ဖန်တိုင်းမနက်ဖန်တိုင်းသည် အဘယ်သို့ပြောနိုင်မည်လည်း ငွေကြေးထောက်ပံ့ယုံဖြင့် လုံလောက်ခဲ့ပြီလား စိတ်ပိုင်းဆိုင်ရာအစားထိုးကုစားပေးမှု ဘယ်လိုပဲပြောပါစေ ရေဘေးသင့်သူများကတော့ ပြန်လည်ထူထောင်ရေး အားကြိုးမာန်တက်လုပ်ဆောင်နေကြချေပြီ။
မြက်ခြောက်လေးများကိုကိုက်ချီလာသည့် ငှက်ကလေးများကလူးလားခေါက်ပြန် ပျံသန်းနေကြသည်။ အသိုက်မြုံလေးများရေ ဘေးဘယာဝေးကွာကြပါစေ။
မကြာမီရက်များကပင် မြစ်ရေများစိုးရိမ်ရေမှတ်ကိုကျော်လွန်ရာမှ ပြန်လည်ကျဆင်းသွားပြီး ရေလွမ်းနေသည့် လယ်ကွင်းပြင်များ၊ ရေနစ်မြှပ်နေသည့်ကျေးရွာ၊ ရပ်ကွက်များပြန်လည်ပေါ်ထွက်လာကြသည့်။ အရာရာသည် ရွှံနစ်ရောင်လွှမ်းမိုးကာ မြို့ပျက်ကြီးများနှင့်သာတူနေတော့သည်။ အရာရာသည်အခွံဗလာချည်းလျက် အရာရာသည်အသက်မဲ့လျက်၊ အရာရာသည်ပျက်စီးယိုယွင်းလျက်၊ အသိုက်မြုံလေးများတစစီ။ အရာရာသည်…………… အဆုံးမရှိပါလေ။
ထိုအရာရာသည် စာသင်ကျောင်းကလေးများဖြစ်သည်။ လမ်းမပေါ်ပြေးလွှားနေသည့် ကိုယ်တစ်ပိုင်းဗလာဖြင့် ကလေးများဖြစ်သည်။ ခနောနီခနောနဲ့တဲအိမ်ကလေးများဖြစ်သည်။ ပြည့်သူဆေးရုံများဖြစ်သည်။ အစိုးရဌာန များဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်လေးများဖြစ်သည်။ မြေနီလမ်းကလေး၊ ရွာအ၀င်လမ်းကလေးဖြစ်သည်။ ရွာနောက်ဖေးသောက်ရေကန်ကြီးဖြစ်သည်။ ဈေးကလေးဖြစ်သည်။ ရထားလမ်းတစ်ခုဖြစ်သည်။ အဝေးပြေးလမ်းမကြီးတစ်ခုဖြစ်သည်။ ပဲခင်းလေးဖြစ်သည်။
စပါးပင်လေးများဖြစ်သည်။ ဆောင်းဦးပေါက်ရာသီ တစ်ခုဖြစ်သည်။ ပွဲလမ်းသဘင်တစ်ခုဖြစ်သည်။ ကစားကွင်းတစ်ခုဖြစ်သည်။ ဘာသာရေးဆိုင်ရာအဆောက်အဦ ဖြစ်သည်။ မျော်လင့်ခြင်းများဖြစ်သည်။ မိသားစုထမင်းဝိုင်းလေးများဖြစ်သည်။ တစစီလွင့်ထွက်သွားသော အသိုက်လေးထံမှ မြောက်ခြောက်ပင်လေးများဖြစ်သည်။ ငှက်ကလေးများမြက်ခြောက်လေးများကို ကိုက်ချီကာ ပျံသန်းနေကြသည်။
ရေကျသွားပြီးသည့်နောက် နံနက်ခင်းများတွင် ကယ်ဆယ်ရေးစခန်းများဆီသို့သွားရောက်ခဲ့သည်။ ရေဘေးသင့်မိသားစုများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ပြန်လည်ရွှေ့ပြောင်းနေသည်ကိုတွေ့ရသည်။ အချို့လက်တွန်းလှည်း များဖြင့်၊ အချို့နွားလှည်းများဖြင့် အချို့ကတော့ခေါင်းရွက်အထမ်းများဖြင့် အိပ်ရာ၊ စားအိုးခွက်များ၊ အ၀တ်ထည်များကိုထုပ်ပိုးကာဖြင့်ရွှေ့နေကြသည်။ သူတို့ကိုကြည့်ရသည်မှာမောပန်းနေကြသော်လည်းတက်ကြွရွင်လန်းနေပုံရသည်။ မျှော်လင့်ထားပုံရသည်။
အရေးပေါ်ရွှေ့ပြောင်းခဲ့စဉ်ကတော့ ဇောကပ်နေသည်ကတစ်ကြောင်း ကယ်ညီရွေ့ပြောင်းပေးမည့်ကယ်ဆယ်ရေး များရှိသည်ကတစ်ကြောင်းဖြင့် အပန်းမကြီးလှသော်လည်း ယနေ့အချိန်တွင်တော့ ကယ်ဆယ်ရေးများလည်း ပြန်သွားကြပြီဖြစ်သည်။ ပို့ဆောင်ရေးယဉ်များလည်းမရှိတော့ပေ။ ရေကျသွားချိန်ဖြစ်၍လှေများလည်းအသုံးပြု၍ မရတော့ပေ။ သို့သော်မိသားစုအလိုက်ကလေးလေးများပါမကျန်ကိုယ်နိုင်သလောက်အထုပ်ပိုးလေးများကိုသယ် ပိုးရင်း အိမ်ကလေးများဆီ၊ ယာတဲလေးဆီ၊ ရပ်ကွက်လေးထဲ၊ ရွာအ၀င်လမ်းလေးအတိုင်းတိုးဝင်နေကြသည်။
လမ်းတိုင်းတွင်ရွံနွံများဖြင့်အတိဖုံးလွှမ်းနေသည်။ ယခင်ချောမောစွာသွားလာခဲ့ဖူးသည့် ခြေထောက်များက လမ်းမထက်ချနင်းရန်ပင် မ၀ံ့မရဲဖြစ်နေလေသည်။ ပျော့အိနေသည့်မြေသားများထဲတွင် ခြေထောက်တို့က ခြေကျင်းဝတ်ခန့်၊ ဒူးဆစ်ခန့် နစ်ဝင်သွားကာ ပြန်လည်နှုတ်ယူလိုက်တိုင်း ပုပ်အက်အက်အနံ့တို့က နံခေါင်းထက် ဆိုးဝါးစွာတိုးဝင်လာချေသည်။ ခန္ဓာကိုယ်ကိုလဲကျမသွားစေရန် ကြိုးစား၍ကိုယ်ဟန်ထိန်းနေရသည်။ လမ်းတို့ကချော်ထွက်နေသည်။ မမြင်နိုင်သည့်ထိခိုက်ရှလွယ်သည့်အချွန်ထက်ပစ္စည်းများကိုနင်းမိမှာကိုလည်း စိုးရိမ်နေရသည်။ အချို့လမ်းများကယခင်လိုသွားမရတော့ အခြားဖြတ်လမ်းများကိုအသုံးပြုနေရသည်။ ချောင်းကူတံတားများပြိုပျက်သွားသည်။ အချို့သစ်ပင်များကလမ်းမထက်တုံးလုံး။ ကမ်းပါးအချို့ တိုက်စားသွားသည်။ ယင်းအထဲတွင်လမ်းများပါသွားသည်။ သေချာသည်ကတော့ယခင်လိုခရီးလမ်းသွားနိုင်ရန် အကြာကြီးစောင့်ရအုံးမည်ဖြစ်ကာ ပြင်ဆင်ခင်းကျင်းစရာများကများစွာပင်။
တစ်ရွေ့ရွေ့လျှောက်ကာ အသိုက်ပြောင်းနေကြသည့်ရေဘေးသင့်သူများနောက်ကို တောက်လျှောက်ဆိုသလို လိုက်ကြည့်နေမိသည်။ ရွံ့နွံလမ်းများကိုဖြတ်သန်းပြီး သူတို့အိမ်ကလေးများထံရောက်ရှိသွားချိန်မှာတော့ နေအိမ်များက တရွဲတစောင်းအကျိုးပဲ့များအမှိုက်များကဆီးကြိုနေကြသည်။ တံခါးများကိုဆွဲဖွင့်လိုက်တိုင်း ရေဆိုးနံများကိုရှုရိုက်မိသည်။ အိမ်နံရံများတွင်ရေတက်စဉ်က ရေမျက်နှာပြင်ဖြစ်ခဲ့ဖူးသည့် အ၀ါရောင်ရေပြင်ညီ အရာများကိုတွေ့မြင်နေရသည်။ ပစ္စည်းများကိုမချမီအိမ်အနှံရိုက်ပုတ်ခြောက်လှန့်ကာ အော်ဟစ်၍ အသံပေးကြသည်။ ခိုအောင်းနေနိုင်သည့် အဆိပ်ရှိသတ္တ၀ါများရှိနေပါက ထွက်ခွါသွားနိုင်ရန်ဖြစ်သည်။ အိမ်ကြမ်းပြင်မှာတော့ နွံများအတိပြီးနေသည်။ အရာရာသည်ညစ်ပတ်လျှက်။ သန့်စင်ဆေးကြောရန် ပင်အချိန်အတော်ယူရမည်ဖြစ်သည်။
ခြံဝိုင်းအတွင်းရှိရေတွင်းလေးထဲကိုငုံကြည့်နေချိန်တွင်တော့ အရင်လိုမိမိအရိပ်ကိုမမြင်ရတော့ အမှိုက်များနှင့် ၀ါညစ်ညစ်ရေများကတွင်းအပြည့်ပင်။ ရေတုံကင်များတွင်လည်းနှိပ်ယူရန် မောင်းတံကိုမလိုက်ချိန်မှာပင် သံချေးတို့ဖြင့် ယခင်လိုချောမွေမနေ ကြိုးစားကာနှစ်ကြိမ်သုံးကြိမ်မတင်လိုက်စဉ်ပိုက်တလျောက်ထွက်ကျ လာသည်ကတော့ နံစော်နေသည့်ရွံပုတ်ရေများသာ။ ရေတွင်းရေကန်နှင့်တုံကင်များအားလုံးရေပြင်အောက် ရောက်ခဲ့သည်ပဲ ရေအသက်တစ်မနက်ဟုဆိုထားရာ ရေရရှိရန်အရင်ဆုံးကြိုးစားရမည် သန့်စင်ရမည်ပေါ့။ ထောက်ပံ့ရေးတွင်အနည်းငယ်ပါလာခဲ့သည့် ရေသန့်ဗူးလေးများကိုချွေတာသောက်ကြရန် အိမ်ထောင်ဦးစီး ဖြစ်သူကမိသားစုများကိုညွှန်ကြားမှုပြုလိုက်သည်။
နောက်ဖေးအိမ်သာလေးများကတော့ လုံးဝအသုံးပြုမရနိုင်တော့ပါ။ ရေအတိဖုံးလွှမ်းသွားသည့်အတွက် မိလ္လာကျင်းများထဲသဲနွံများဖြင့် ကျင်းပြည့်ဖြစ်ကာ အချို့ကျင်းများကတော့လုံးဝပျောက်ကွယ်သွားပေပြီ မစင်များနှင့်အညစ်များရေကျသွားချိန်တွင် ခြံဝန်းအနှံမမြင်နိုင်သည့်ပုံသဏ္ဍာန်မျိုးစုံဖြင့် တင်ကျန်ခဲ့နိုင်သည်။ ရောဂါပိုးမွှားများကိုဖြစ်စေမည်။ ထိုအရာများကိုရေဘေးသင့်ဒေသခံများအသိဥာဏ်ဖြင့် လိုက်မီရန်ခဲယဉ်းသလို သန့်စင်နိုင်ရန်လည်း ခေတ်မီဆေးဝါးနှင့် ငွေကြေးမရှိသေးပါ။
အိမ်ရှင်မတို့သည် ချက်ပြုတ်ရန် ရေသန့်ဗူးထဲကရေကိုပဲထည့်ရမည်လား အ၀ါရောင်ရေများကိုပဲ သုံးရမည်လား မဝေခွဲတတ်စွာဖြင့် ချီတုံချီချဖြစ်နေသည်။ ယခင်လိုထမင်းထုပ်လေးများရောက်ရှိလာတော့မည် မဟုတ်ပေ။ အိမ်ထောင်ဦးစီးနှင့်သားများကတော့ အိမ်အနှံပြုပြင်ဖာထားဆေးကြောကာ အိမ်ကလေးများကိုထူမတ်နိုင်ရန် ကြိုးစားနေကြသည်။ ကလေးများကတော့အပျက်စီးပုံကြား ထဲမှာပင်အပူပင်မဲ့စွာဆော့နေတော့သည်။ ပတ်ဝန်းကျင်အနီးနားတွင်လည်းခုတ်ထစ်ရိုက်နှက်သံများဖြင့်သာ ပြည့်နှက်နေတော့သည်။ ပြန်လည်ထူထောင်ရေးကာလများက ကူညီမည့်သူအလွန်ရှားပါးသွားခဲ့ချေပြီ။
ငှက်ကလေးများ ပျံသန်းနေကြသည်။ တစ်ပင်မှတစ်ပင်ကူးလူးလှုပ်ရှားကာ။
ရေစိုဒဏ်မခံနိုင်ရှာသည့် ကျောင်းစာအုပ်လေးများကတော့လုံးဝသုံးမရတော့အောင် ပျော့်ဖက်ဖြစ်သွားခဲ့ပြီ။ စာသင်ကျောင်းလေးများပြန်ဖွင့်မည့်ရက်ကို စောင့်ရအုံးမည်ဖြစ်သည်။ ကျောင်းကလေးကိုလည်းထူမတ်သန့်စင် ကြရအုံးမည်။ ထိုအရာများကိုတော့သက်ဆိုင်ရာများကအဓိကလုပ်ကြရမည်ထင်ထားသည်။ လိုအပ်လာပါက လည်း မိမိကျောင်းလေးအမြန်ဖွင့်နိုင်ရန် ၀ိုင်းဝန်းကူညီပေးရအုံးမည်ပေါ့။
စပါးခင်းများအတွက်ကတော့ အထူးမစဉ်းစားတော့ တွေးတိုင်းရင်မောနေရမည်။ ပြီးခဲ့သည့်ရက်များကပင်လယ်ကွင်းများအထက် ရေပြင်ပေါ်မှ လှေစီးခဲ့ကြသည်ပဲ လှိုင်းလေပုတ်သည့်ဒဏ်ဖြင့် ပျိုးပင်ပေါက်လေးများအကုန်ကျွတ်ထွက်ကုန်မည်ကို သိနေသည်။
အရာရာသည် အပျက်စိးများဖြင့်သာ။ တွေးလိုက်တိုင်းရင်မောစရာ ရေဘေးသင့်ပြီးနောက်ပိုင်းကာလများက ထူထောင်တည်ဆောက်ရန်အချိန်တိုင်းနေရာတိုင်းတွင် ဆုံးရုံးခဲ့ကြရသူအချင်းချင်းသာဝိုင်းဝန်းကူညီလုပ်ကိုင် ပေးရမည်။ ပေးနိုင်ကြမည်။
အသိုက်မြုံလေးများပြန်လည်တည်ဆောက်ရန် မနက်ဖန်များစွာရှိသည်။ သူတို့ထံတွင်ထောက်ပံ့ရေးပစ္စည်းအနည်းငယ်မျှကိုသာ သယ်ယူသွားနိုင်ခဲ့သည်။ ထိုအရာများကတစ်ရက်လား၊ တစ်ပတ်လား၊ မသေချာပါ၊ မရေရာပါ။
နေကုန်နေခမ်း ရေဘေးသင့်များထူထောင်ရေးနေရာများအနှံလိုက်ကြည့်ခဲ့ရာ သူတို့ကိုယ်စား မောပမ်းသွားသည်။ ရင်လေးနေသည်။ သူတို့ကိုယ်စားအားမွေးခဲ့သည်။ သူတို့ကိုယ်စားမျော်လင့်နေမိသည်။ ကျန်းမာရေးလိုအပ်ချက်များစွာ၊ ပညာရေးပြန်လည်စတင်ရန်များစွာ၊ စိုက်ပျိုးရေးများစတင်ရန် လိုအပ်ချက်များ၊ လုပ်ငန်းခွင်ဝင်ရောက်ရန် အဆင်ပြေပြေအစားချမှုများ၊ လမ်းကလေးများကိုကောင်းစေချင်သည်။ စနစ်တကျပြန်လည်ဖြစ်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်ညှိုနှိုင်းကာ လုပ်ဆောင်သင့်ပေပြီ။ စတင်အကောင်ထည်ဖော်သင့်ပေပြီ။
ထူထောင်ရေးများကအမြန်ဆုံးဆိုသလိုလုပ်ဆောင်သင့်ပေပြီ။ ရေဘေးသင့်များအနေဖြင့် သူတို့တတ်စွမ်းသလောက်ဖြင့်ကိုယ်ထူကိုယ်ထဖြင့်လုပ်ကိုင်နေပြီဖြစ်သောလည်း အစိုးရအနေဖြင့် ပြည်သူလူထုကိုလက်ပိုက်ကြည့်မနေသင့်တော့ပေ။
ကျွန်တော်ရေးခဲ့ဖူးသည့်အက်ဆေးလေးကိုပြန်သတိရသည်။ အသိုက်မြုံလေးထဲကငှက်ကလေးများကို သွေးမတော်သားမစပ် မွေးမြူထားသည့်တရိစ္ဆာန်လည်းမဟုတ်၊ လူသားတစ်ဦးအနေဖြင့် စာနာသနားကာ အမိုးလေးလုပ်ပေးနိုင်ခဲ့သေးရင်၊ ငှက်ကလေးများတောင်လူတစ်ဦး၏ မေတ္တာတရားကိုနားလည်ယဉ်ပါးခဲ့ရင် ပြည်သူနှင့်အစိုးရ အလုံးစုံသက်ဆိုင်ပေသည်။ မိမိပြည်သူကောင်းကျိုးမှန်သမျှလုပ်ဆောင်ပေးရမည်။ မိမိပြည်သူဒုက္ခကိုကူညီဖြေရှင်းရမည်။ သို့မှသာအပြန်လည်နားလည်မှုရှိစွာ၊ ယုံကြည်မှုရှိရှိ အားကိုးဆက်ဆံနိုင်လာမည်ဖြစ်သည်။
ပစ္စုပ္ပန်ကာလမှာတော့ အသိုက်မြုံလေးများကိုမိမိတို့ဘာသာတည်ဆောက်နေကြယုံမှလွဲ၍ အခြားမရှိပါ။ မနက်ဖန်များစွာအတွက်လည်း…………….။ မြက်ခြောက်ကလေးများကိုကိုက်ချီကာ ငှက်လေးများလူးလား ခေါက်ပြန်ပျံသန်းနေကြသည်။ လေပြင်းမုန်တိုင်းရေမလာပါနဲ့တော့ ဖျက်ဆီးမည့်သူများမလာပါ နဲ့တော့…………………….

0 comments:
Post a Comment