Tuesday, June 23, 2015
ပိုက်ဆွေးနှင့်ဇရာပြို တံငါအိုနေတဲ့ တက်သစ်ကျွန်း……ပြည်သတင်းလူငယ်(ပြည်သတင်း)ရေးတဲ့ ဆောင်းပါးလေးပါ ဒီမိုကရေစီတူဒေး ၂၃-ဇွန်လ ၂၀၁၅ ရက်နေ့ထုတ်မှာပါလာပါတယ်...
ပိုက်ဆွေးနှင့်ဇရာပြို တံငါအိုနေတဲ့ တက်သစ်ကျွန်း……
ပြည်သတင်းလူငယ်(ပြည်သတင်း)ရေးတဲ့ ဆောင်းပါးလေးပါ ဒီမိုကရေစီတူဒေး ၂၃-ဇွန်လ ၂၀၁၅ ရက်နေ့ထုတ်မှာပါလာပါတယ်...
ပိုက်ဆွေးနှင့်ဇရာပြို တံငါအိုနေတဲ့ တက်သစ်ကျွန်း……
ပိုက်ဆွေးနှင့်ဇရာပြို တံငါအိုနေတဲ့ တက်သစ်ကျွန်း……
K3(pyay)
မြန်မာနိုင်ငံတွင်ထင်ရှားသောမြစ်ကြီးလေးဆင်းရှိသည်။သံလွင်မြစ်၊စစ်တောင်းမြစ်၊ချင်းတွင်းမြစ်၊ဧရာဝတီမြစ်ဆိုသည့်မြစ်ကြီးလေးဆင်းရှိရာ ဧရာဝတီမြစ်သည် ၁၂၃၀-မိုင်ရှည်လျားပြီး မြစ်ကြီးလေးဆင်းတွင်အရှည်ဆုံးမြစ်ကြီးတစ်ခုအဖြစ်ထင်ရှားသည်။ဧရာဝတီမြစ်တွင် မြစ်ကျဉ်းလေးခုနှင့်မြစ်လက်တက်(၇)ခုရှိ၏။ထိုထဲတွင် ဧရာဝတီမြစ်၏ စတုတ္ထမြစ်ကျဉ်းသည်ပြည်မြို့အထက်ပိုင်းတွင်ရှိသည်။ထို့ကြောင့်လည်း ဧရာဝတီရေကိုသောက်သုံး၊ထွန်ယက်စိုက်ပျိုး၊မြစ်ရေအတွင်းရှိ လှုပ်ရှားကူးခတ်သွားလာနေကြသော ရေနေတရိစ္ဆာန်လေးများကို လှေကြီးလှေငယ်၊ကွန်ကြီးကွန်ငယ်များဖြင့်သော်၎င်း ခေတ်ပေါ်ငါးဖမ်းကိရိယာများစွာဖြင့် စီးပွားဖြစ်သော်၎င်း တစ်ပိုင်တစ်နိုင်မိသားစုဝမ်းရေးအတွက် ရှာဖွေသူများစွာရှိသည့်အနက် ဧရာဝတီမြစ်ကြီးကိုအမှီပြုနေထိုင်သူများတွင် ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ်တွင်ရှိသော “တက်သစ်ကျွန်း”ဆိုသည့် ကျွန်းပေါ်ရွာကလေးတွင် နေထိုင်ကြသူများလည်းအပါအ၀င်ဖြစ်ပေသည်။
ထိုကျွန်းလေးသည် မြန်မာရာဇ၀င်သမိုင်းများအရ သိုက်နန်းရှင်မမြစိမ်း နှင့် သူ၏ခင်ပွန်းဖြစ်သူ ကိုဘုန်းကြွယ် တို့၏ရာဇ၀င်ထဲမှ ကိုဘုန်းကြွယ်သည် မြစ်ပြင်သို့လှေဖြင့်ဖြတ်ကျော်ရာ လှေလှော်ရင်းတက်ကျိုးခဲ့သဖြင့် နီးစပ်ရာကျွန်းမှာ တက်အသစ်ပြုလုပ်ရန် သစ်ခုတ်ပြီး တက်အသစ်ပြုလုပ်ယူဆောင်သွားခြင်းကြောင့် “တက်သစ်ကျွန်း”ဟုခေါ်တွင်ခဲ့ကြောင်း ကျွန်းပေါ်နေထိုင်သူများ၏ ပြောဆိုစကားသံများကြောင့်သိခဲ့ရသည်။
မြစ်ရေပြင်လှုပ်ခပ်ကာလှိုင်းကြပ်ခွပ်လေးများရှပ်ပြေးလျှက်ရှိသည်။မြောက်ဘက်မှတောင်ဘက်သို့စီးဆင်းလျှက်ရှိသော မြစ်ရေပြင်ကို ကျွန်းလှေကလေးဖြင့် တရွေ့ရွေ့ဖြတ်ကျော်ရင်း ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာလေးကိုအမှတ်ရနေမိသည်။ “ကိုယ့်မြစ်ချောင်း၊ ကိုယ်ခင်တွယ်၊ဘိုးဘွားအမွေ အမှတ်မျိုး၊ မြတ်နိုးနိုင်မယ်။ ကိုယ့်မြစ်ချောင်း၊ ကိုယ်ကာကွယ်၊ မြန်မာရယ်လို့ ကဗျည်းထိုး၊ ရွှေမမက်ပါဘူး၊ ရေတစ်စက်ကို ၊ အသွေးအသားလို၊အလေးထားကာ၊ ချစ်သလောက်၊ မြစ်ပျောက်မှာစိုး။ ဆိုသည့် ဆရာ့ကဗျာလေး ကြားရောင်နေမိသည်။ လှိုင်းလေးတစ်ချက် လှုပ်ခက်သွားသည်။ပန်းတောင်းမြို့နယ် သရက်လိန်အုပ်စုအတွင်းရှိ တက်သစ်ကျွန်းရွာ သဲသောင်ပြင်ကမ်းနဖူးသို့ လှေငယ်ကလေးကဆိုက်ကပ်သွားခဲ့သည်။ တချိန်တုန်းက ယခုလိုမြစ်ပြင်ကို လှေငယ်လေး ဖြင့်ဖြတ်ကျော်ပါက လှေလှော်သည့် တက်မနှစ်ချောင်းကိုင်ကာ လှေဦးတွင်တစ်ယောက် လှေ၏ပဲ့ပိုင်းတွင်တစ်ယောက် အားသွန်ခွန်စိုက်ဖြတ်ကျော်မှသာ လိုရာခရီးသို့အချိန်ကြာမြင့်စွာလှော်ခတ်မှသာရောက်နိုင်သည်။ယနေ့ခေတ် တွင် တရုတ်၊ဂျပန်မှတင်သွင်းနေသော အင်ဂျင်ငယ်လေးများအား မြန်မာနည်းပညာနှင့်ရောထွေးကာ နှစ်သွားပါရှိသည့်ပန်ကာဒလက်ငယ်ကလေးများတပ်ဆင်ကာ မြစ်ရေပြင်ကို ဓါတ်ဆီအနည်းငယ်ဖြင့်သာယာစွာ ဖြတ်ကျော်လာခဲ့သည်။မြစ်ပြင်ကျဉ်းမြောင်းလာသည်ကတစ်ကြောင်း စက်တပ်လှေယဉ်လေးများဖြစ်လာသောကြောင့်၎င်း ခွန်အားစိုက်ဖို့မလိုအပ်ဘဲ လိုရာခရီးသို့ လျှင်မြန်စောစွာရောက်ရှိနေခြင်းကြောင့် ထိုကျွန်းငယ်လေးအတွင်းနေထိုင်ကြသူအများစုဟာ ယခုလိုအင်ဂျင်စက်လှေများကိုသာ အားကိုးကြီးစွာသုံးစွဲနေကြသည်ကို မြင်တွေ့ခဲ့ရသည်။
တက်သစ်ကျွန်းရွာလေးသည် လွန်ခဲ့သောနှစ်ပေါင်းရာကျော်များစွာကတည်းမှတည်ရှိနေခဲ့သည့်ကျွန်းကလေးတစ်ခုဖြစ်ပါသည်။ယခင်က ထိုကျွန်းကလေးသည် အလျား-၄မိုင်-အနံ-၂မိုင်ခွဲခန့်တည်ရှိလာရာ မြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုများကြောင့် ယခုဆိုလျှင် အလျား မှာ ၂မိုင်ခွဲ-လောက်သာရှိတော့သည်။ကျွန်းကလေးပေါ်တွင် အိမ်ခြေပေါင်း(၄၀၀)ကျော်နေထိုင်ကြသည်။မြေနုကျွန်းမြေဖြစ်သောကြောင့် ရေမတင်လို့ စပါးသီးနှံစိုက်ပျိုးမရခဲ့ပေ။ရေလုပ်ငန်းနှင့်စိုက်ပျိုးရေးလုပ်ငန်းများကိုသာ အဓိကထားအသက်မွေးဝမ်းကြောင်းပြုလျှက်ရှိနေခဲ့သည်။ရေလုပ်သားတစ်ရာကျော် တို့သည် မြစ်အတွင်း ငါးများရှားပါးလာမှုနှင့်တွေ့ကြုံနေကြရသည်။ငါးကျဉ်တောက်၊ငါးဆူးခုတ်၊ကွန်းမံ၊ငါးဒန် မြစ်ငါးများသည်အင်မတန်ရှားပါးလာခဲ့ပြီး ငါးသလောက်ငါးများဆိုလျှင်မြစ်ပြင်ထဲမတွေ့ရသောအခြေအနေသို့ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သော လေးနှစ်ကတည်းမှမြစ်ငါးများရှားပါလာသည်ကို ဇရာပြို တံငါအိုကြီးတစ်ဦးကပြောခဲ့သည်။
“အဘတို့ ၁၃နှစ်သားကတည်းကဒီမြစ်ပြင်မှာငါးရှာလာတာ အခုဆိုမြစ်ငါးတွေအများကြီးပျောက်ကွယ်သွားပြီ။ ခေတ်ကာလရဲ့ ကျောက်တူးဖော်တဲ့မော်တော်တွေကြောင့် မြစ်ရေကြမ်းပြင်ပျက်စီးကုန်တယ် ။ရေလမ်းကြောင်းတွေလွဲကုန်တယ်။ဒီစက်တွေဆူညံမှုကြောင့်လည်းငါးတွေမနေနိုင်ကြဘူး။မျိုးဥချချိန်တွေဆိုရင် ဒီလိုနေ စက်သံတွေ ပျက်စီးနေတဲ့မြစ်ကြမ်းပြင်တွေ ရေကြောင်းလွဲကုန်တာတွေကြောင့် ငါးမျိုးစေ့တွေ ပျက်စီးကုန်ကြရတာ ငယ်ငယ်ကဆို အချိန်တစ်ရာလောက်ရတယ်ဆိုပါတော့ ခုအချိန်နှစ်ဆယ်တောင်မနည်းရှာတာမရတော့ဘူး။လူတစ်ကိုယ်စာရှိတဲ့ ငါးမြင်းတွေ၊ငါးသလောက်တွေဆို ရှိကိုမရှိတော့တာ တစ်ရွာလုံးဖမ်းမိတယ်ဆိုတဲ့အသံတောင်အဘတို့မကြားရတော့ပါဘူး” တက်သစ်ကျွန်းပေါ်နေထိုင်သူ ဦးခင်ရှိန်ကပြောခဲ့သည်။
တက်သစ်ကျွန်းရွာကလေးအနီးနားပတ်ဝန်းကျင်တွင် မြစိမ်းကျွန်း၊စစ်ကိုင်းကျွန်း၊မင်းတဲကျွန်းများရှိခဲ့ဖူးသည်။ထိုကျွန်းအားလုံးသည် တက်သစ်ကျွန်းအကျယ်အ၀န်းဖြင့်သိပ်မကွာလှပါ။သို့သော်လည်း ၁၉၉၄-ခုနှစ်မှာ မြစ်ရေတိုက်စားမှု ကမ်းပါးပြိုကျပျက်စီးမှုများကြောင့် စစ်ကိုင်းကျွန်းသည် မြစ်ရေပြင်အောက်ပျောက်ကွယ်ခဲ့ရလေသည်။သိပ်မကြာပါ ၁၉၉၇-ခုနှစ်တွင်လည်း မင်းတဲကျွန်းသည် ထိုနည်းတူစွာ မြစ်ရေပြင်အောက်တိမ်မြုပ်ပျောက်ကွယ်ခဲ့ရပြန်သည်။ယနေ့ကျန်ရှိနေသည့် တက်သစ်ကျွန်းနှင့် မြစိမ်းကျွန်းရွာငယ်လေးသာရှိတော့သည်။ထို့အပြင် ၂၀၀၂-ခုနှစ်တွင် တက်သစ်ကျွန်းတွင် မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုများကြောင့် နေအိမ်-၂၇.လုံးနှင့်ဘုန်းတော်ကြီးကျောင်းတစ်ကြောင်း ဘေးလွတ်ရာသို့အလျှင်အမြန်ပြောင်းရွေ့လိုက်ရသည်။သို့သော်လည်း စိုက်ပျိုးပြေ ဧက ၁၀၀-ကျော်မှာ မြစ်ရေပြင်အောက်ကျရောက်သွားခဲ့သည်။ကျန်းမာရေးစောင့်လျှောက်မှုမခံရသည့်ကျွန်းကလေးဖြစ်သည်။တစ်လမှတစ်ခါသာ ကျန်းမာရေးဆရာမတစ်ယောက်လာတတ်သောကြောင့် ၀မ်းပျက်ဝမ်းလျော၊သွေးလွန်တုပ်ကွေး၊ကလေးမီးမဖွားနိုင်လို့ နီးစပ်ရာမြို့များသို့ စက်လှေငယ်ဖြင့်သွားရောက်ခဲ့ကြသော်လည်း လမ်းခရီး လှေပေါ်တွင်အသက်ပျောက်ကွယ်ခဲ့သူများစွာလည်းရှိခဲ့သည်ဟုဒေသခံရွာသားများက ပြောခဲ့သည်။
လွန်ခဲ့သော နှစ်လေးဆယ်ကျော်က တည်ဆောက်ထားသည့် ပျက်စီးယိုယွင်းနေသော စာသင်နှစ်ထပ်ကျောင်းဆောင်မှာလည်း အပေါ်ထပ်တွင် ပြုတ်ကျတော့မည့် ထုတ်တန်းသစ်သားချောင်းကြီးများ၊ဆွေးမြေ့ခြကိုက်နေသည့် ကျောင်းဆောင်၏ကြမ်းခင်းပြင်များကြောင့် ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း၏ တမံတလင်းပြင်ပေါ်တွင် စာသင်သားကလေးငယ်တို့၏ ချောင်းဆိုးသံ တညံညံဖြင့်ပညာရှာဖွေနေကြရသော ရင်သွေးငယ်တို့၏အဖြစ်မှာလည်း ပင်ပန်းခက်ခဲစွာပညာရှာဖွေနေကြရသည်ကိုမြင်တွေ့ခဲ့ရသည်။အဆိုပါအလယ်တန်းအဆင့်စာသင်ကျောင်းတွင် ကျောင်းသား/သူပေါင်း ၁၉၈ ဦးနှင့်မှုလတန်းပြဆရာ/မ ၃.ဦး၊ကျောင်းအုပ်ဆရာမကြီးအပါအ၀င် အလယ်တန်းပြဆရာ/မ ၅.ဦး၊လုပ်သားစာသင်ဆရာ/မများ စုစုပေါင်း ဆရာ/မ ၁၀-ဦးဖြင့်ပညာသင်ကြားပေးလျှက်ရှိသည်။ ပန်းတောင်းမြို့လမ်းဘေးအနီးရှိ စာသင်ကျောင်းများစွာ တိုးချဲ့ပြုပြင်ရန် ဘက်ဂျက်ငွေကျရောက်ခဲ့သည်ဟုဆိုသော်လည်း၊ ရေမြေခြား နားနေသော တက်သစ်ကျွန်းရွာကလေးမှ ခနော်နီ ခနော်နဲ့ စာသင်ကျောင်းကလေးမှာသက်ဆိုင်ရာဌာနလူကြီးမင်းများထံတင်ပြခဲ့သော်လည်းယနေ့အချိန်အထိ ပြန်လည်ပြုပြင် အသစ်တည်ဆောက်ပေးခြင်းမရှိခဲ့ပါဘဲ ဆရာ/မများနှင့်ဒေသခံတွေ အင်မတန်မျှော်လင့် တမ်းတနေဆဲပါ။
ကိုယ်ထူကိုယ်ထ မီးစက်ကြီးမှတဆင့် အိမ်တစ်အိမ်လျှင်မီးတစ်ပွင့်သုံးစွဲပါက တစ်ရက်လျှင် ၂၀၀-ကျပ်ဖြင့် မီးရရှိအောင်ဆောင်ရွက်ထားကြရသည်ဟုဆိုကြသည်။ထိုကျွန်းကလေးပေါ်တွင် ပြသနာပေါင်းမြောက်များစွာရှိနေခဲ့သည်။ ၀မ်းရေးအတွက်ရေလုပ်သားဘ၀ဖြင့် ရပ်တည်မှုနည်းလာပြီး ကျွန်းပေါ်တွင် ပြောင်း၊ပဲ၊ဖရဲ၊ခရမ်း၊သခွား ရာသီပေါ် သီးနှံမျိုးစုံကိုအဓိကထား စိုက်ပျိုးနေကြရပြီး၊အခြားသောခြံထွက်သီးနှံများကိုပါစိုက်ပျိုးနေကြရပြီး မိသားစုဝမ်းရေးအတွက် အဓိကထားဖြေရှင်းနေကြရသည်။လယ်ယာ၊ကိုင်းကျွန်းမှ ထွက်ရှိလာသည့် သီးနှံလေးများကို နီးစပ်ရာ ပြည်မြို့ မှတဆင့် ရွှေတောင်၊ဆင်တဲ၊ပန်းတောင်းမြို့များသို့ စက်လှေငယ်လေးများနှင့်ရောင်းချလျှက်ရှိသည်။ တက်သစ်ကျွန်းမှ ပြောင်းစိုက်ခင်းများ၊ပဲစိုက်ခင်းများကိုဖြတ်ကျော်လာပြီး ကမ်းနဖူးလှေငယ်လေးသည် တက်သစ်ကျွန်းအားကျောခိုင်းကာတရွေ့ရွေ့ဖြတ်ကျော်ရင်း…ကျွန်တော့အတွေးထဲမှာဖြင့်….
ဧရာဝတီရယ်၊ခြ မစားစေနဲ့ တက်သစ်ကျွန်းဆိုတဲ့…သမိုင်းထဲကကျွန်းတစ်ခု…..သူတို့မို့..မျက်ကွယ်ပြုရက်တယ်။..
မြစ်ထဲကသဲကျောက်တွေ စည်းကမ်းမဲ့ထုတ်။….မင်းတဲကျွန်း နဲ့ စစ်ကိုင်းကျွန်းလည်း..
စုန်းစုန်းမြုပ်ခဲ့။….အခုလည်း…တက်သစ်ကျွန်းကိုရန်ရှာ..မကြာခင်အန္တရာယ်တွေကြုံလာတော့မှာ။…
ဒီကြားထဲ..ယိုင်နဲ့ပြီး..သင်မရတဲ့စာသင်ကျောင်း။..စောင့်လျှောက်မှုကင်းမဲ့တဲ့..ကျန်းမာရေး။….
ရေလုပ်သားတွေ..မှိုင်ငေးခဲ့တာလည်း..မျက်ကွယ်ပြုနေဆဲ။….ဇရာပြိုနေတဲ့ တံငါအို….ပိုက်လည်းဆွေးလို့နေပါပြီ..မြစ်ရေပြင်ထဲမှာ…ကံပေးခဲ့ချိန်လေး….ငါးတစ်ကောင်တော့မိပါစေ..…
K3(pyay)
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
0 comments:
Post a Comment