Saturday, March 29, 2014

ဆိုင်ကယ်ဆီးဦးထုပ်ဖမ်းသည့် ယဉ်ထိန်းရဲများအား အရေးယူပေးရန်ဆန္ဒပြ ပြည့်သဲမောင်(ပြည်)

Leave a Comment


ဆိုင်ကယ်ဆီးဦးထုပ်ဖမ်းသည့် ယဉ်ထိန်းရဲများအား အရေးယူပေးရန်ဆန္ဒပြ ပြည့်သဲမောင်(ပြည်) ဥပဒေမဲ့လုပ်ရပ်များပြုလုပ်နေသည်ဟုဆိုကာ ဆိုင်ကယ်စီးဦးထုပ်များဖမ်းသည့် ယာဉ်ထိန်းရဲများကိုအရေးယူပေးရန် ပဲခူးတိုင်းပြည်ခရိုင်ပြည်မြို့တွင် မတ်လ(၂၅)ရက်နေ့ မနက်(၉)နာရီအချိန်ကဦးဝင်းနိုင်ဦးဆောင်သော နိုင်ငံရေးတက်ကြွလှုတ်ရှားသူများက ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့ပါသည်။
ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများကိုဖမ်းဆီးကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ စီမံဒဏ်ကြေးငါး
ထောင်ပေးသွင်းခိုင်းသူ ယာဉ်ထိန်းရဲများကိုအရေးယူပေးရန်ဆန္ဒထုတ်ဖော်မှုပြုလုပ်ခြင်းဖြစ်သည်။
“ယာဉ်ထိန်းရဲတွေကဖမ်းမယ် ပိုက်ဆံတောင်းမယ်။ ဒါယာဉ်ထိန်းရဲအလုပ်ဖြစ်နေတယ်။ တကယ်လို့ စီမံဒဏ်ကြေးငါးထောင်လိုချင်တယ်ဆိုရင် တရားရုံးမှာတစ်ခါထဲခြောက်ထောင့်ငါးရာ ဒဏ်တပ်လိုက်ပါ။ အဲဒါမှနိုင်ငံတော်ဘက်ဂျက်ထဲဝင်မယ်။ ထုတ်ချင်တိုင်းထုတ် သုံးချင်တိုင်းသုံးနေမယ်ဆိုတာ ဥပဒေအရနည်းလမ်းမကျဘူးဗျ” ဟုဦးဝင်းနိုင်ကဆိုသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးဦးထုပ်ဆောင်းမစီးသူများကို ဖမ်းဆီးမိပါကတိုင်းဒေသကြီးစီမံခန့်ခွဲမှုဒဏ်ကြေးအဖြစ် CBဘဏ်သို့ငါးထောင်ကျပ်၊ မြို့နယ်တရားရုံးသို့(၁၅၀၀)ကျပ်ဒဏ်ကြေးများပေး
ဆောင်ရခြင်းအတွက် ပြည်သူများဒုက္ခရောက်နေကြောင်းလည်း သူကပြောသည်။
“ဖမ်းမိရင် တစ်သောင်းနီးပါးလောက်ထွက်သွားတယ်။ တောကဆေးကုလာတဲ့လူတွေ ဈေးဝယ်လာတဲ့လူတွေ ဒုက္ခရောက်တယ်။ တစ်ချို့ဆိုဆေးမထိုးရဘဲပြန်သွားတာရှိတယ်။ ဈေးမ၀ယ်ရဘဲပြန်သွားတာရှိတယ်။ အဲဒါမျိုးတွေမဖြစ်စေချင်ဘူး”ဟု ၄င်းကပြောသည်။
အဆိုပါစီမံခန့်ခွဲရေးရံပုံငွေအား တိုင်းဒေသကြီးမှမီးပွိုင့်များဆောက်လုပ်ရန်နှင့် အခြားယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများတွင် အသုံးပြုသည်ဟုဆိုထားသော်လည်း သူက “နိုင်ငံတော်ကဘက်ဂျက်မချပေးဘူးလား။ စည်ပင်သာယာကဘက်ဂျက်တွေကကောဒီနေရာမှာမသုံးဘူးလား။ နိုင်ငံတော်ကလည်း ချပေးသင့်တယ်။ စည်ပင်ကလည်းလုပ်သင့်တယ်”ဟု ပြောသည်။
“ယာဉ်စည်းကမ်းကိုအကြောင်းပြု၍ တရားဥပဒေမဲ့CBဘဏ်သို့ငွေငါးထောင်ကျပ်သွင်းခိုင်းသော ယာဉ်ထိန်းရဲများကို တရားဥပဒေအရအရေးယူပေးပါရန်ဆန္ဒထုတ်ဖော်လှုတ်ရှားမှု” ဟုစာတန်းပါဗီနိုင်းပိုစတာကိုဦးဝင်းနိုင်ကလည်းပင်းတွင်ချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်မှုကိုဦးဆောင်ခဲ့သည်။
ဆန္ဒထုတ်ဖော်သူများသည် ဥပဒေမဲ့လုပ်နေသောယာဉ်ထိန်းရဲများအား
အရေးယူပေးရေးဒို့အရေး၊ CBဘဏ်ကိုငွေမသွင်းရရေးဒို့အရေး ၊ပြစ်မှုတစ်ခုပြစ်ဒဏ်နှစ်ခုမပေးရေး ဒို့အရေး စသည့်ကြွေးကြော်သံများကိုကြွေးကြော်ကာ ပြည်မြို့မြင်းစီးကျောက်ရုပ်မှ ကိုးသောင်းမီးပွိုင့် အထိ၊ ကိုးသောင်းမီးပွိုင့်မှဗိုလ်ချုပ်ကျောက်ရုပ်အထိ ဗိုလ်ချုပ်လမ်းအတိုင်း အသွားအပြန် လမ်းလျောက်ချီတက်ဆန္ဒပြခဲ့သည်။


 


သတင်း နှင့် ဓါတ်ပုံ..ပြည့်သဲမောင်(ပြည်)
ဓါတ်ပုံ......ပြည်သတင်း......

0 comments:

Post a Comment

Facebook Like Page