Wednesday, June 4, 2014

ဈေးရောင်းပြီးပြန်လာသည့် ဆေးကုမ္မဏီဝန်ထမ်းအမျိုးသမီးကို ဆိုင်ကယ်စီးအမျိုးသားသုံးဦးလုယက်

Leave a Comment


ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ တွင် ဇွန်လ၂ရက် က ဈေးရောင်းပြီးပြန်လာသည့် ဆေးကုမ္မဏီ ၀န်ထမ်းအမျိုးသမီးကို အမည်မသိ ဆိုင်ကယ်စီးသမားသုံးဦးက လုယက်ခဲ့ကြောင်း ပြည်မြို့ မြို့မ ရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုနေ့ည၈နာရီခွဲအချိန်က United ဆေးကုမ္မဏီမှ ၀န်ထမ်း မသင်းသင်းအေးသည် ပြည်မြို့မူယာပင်ခန်းမအတွင်း ပြုလုပ်လျှက်ရှိသော ဈေးရောင်းပွဲတော်မှ ဈေးရောင်းပြီး တရုတ်စုရပ်ကွက်ရှိ ဆေးကုမ္မဏီသို့ ဆိုင်ကယ်ဖြင့် ပြန်ခဲ့သည်။ ပြည်မြို့ ရွာဘဲရပ်ကွက် ဦးဝင်းမြဆန်စက်လမ်း ၀ါးဆိုင်အနီးအရောက်တွင် အမျိုးသားသုံးဦး မောင်းနှင်စီးနင်းလာသည့် နံပါတ်မပါ အမျိုးအစားမသိ အနီရောင် ဖင်ထောင်ဆိုင်ကယ် သည် မသင်းသင်းအေး ဆိုင်ကယ်နောက်မှ ကပ်လိုက်လာခဲ့သည်။

ဖင်ထောင်ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား(၃)ဦးက မသင်းသင်းအေး ဆိုင်ကယ်၏ ဘယ်ဘက်လက်ကိုင်တွင် ချိတ်ထားသော ကဒ်ထူလက်ကိုင် စက္ကူအိပ်အား ဆွဲယူ၍ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားခဲ့သည်။ မသင်းသင်းအေးသည် ထွက်ပြေးသွားသူများအား ဆိုင်ကယ်ဖြင့်လိုက်ရာ ဆိုင်ကယ်လဲသွားသဖြင့် ယာမျက်ခုံး ၊ ယာဘက်လက်မောင်း နှင့် လက်ခုံ ၀ဲဘက်လက်ဖျံ တို့တွင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်။

ကဒ်ထူလက်ကိုင်အိပ်အတွင်း ထည့်ထားသော ငွေသား (၁၆၅၀၀၀) ၊ Sim Card ပါ Sumsung အမျိုးအစားအနက်ရောင်ဟန်းဖုန်းတစ်လုံး ၊ နိုင်ငံသားကဒ်တစ်ခု ၊ ယာဉ်မောင်းလိုင်စင်တစ်ခု ၊ လူမှုဖူလုံရေးကဒ်တစ်ခု ၊ CB ဘဏ် MOB ဘဏ် ငွေထုတ်ကဒ်နှစ်ခု တို့မှာ လုယက်သူများနောက်သို့ ပါသွားခဲ့သည်။

ဖြစ်စဉ် နှင့် ပတ်သတ်ပြီး မသင်းသင်းအေးက အမှုဖွင့်တိုင်တန်းသဖြင့် ပြည်မြို့ မြို့မရဲစခန်းတွင် (ပ)၃၈၅/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂အရ အမှုဖွင့်အရေး ဆောင်ရွက်လျှက်ရှိသည်။

0 comments:

Post a Comment

Facebook Like Page