Friday, March 6, 2015

မတ်လ ၆ ရက် ၂၀၁၅ ထုတ် The Daily Eleven သတင်းစာတွင် ပါရှိမည့် အယ်ဒီတာ့ အာဘော်

Leave a Comment
မတ်လ ၆ ရက် ၂၀၁၅ ထုတ် The Daily Eleven သတင်းစာတွင် ပါရှိမည့် အယ်ဒီတာ့ အာဘော်

‪#‎emg_editorials‬

လူမိုက်လူရမ်းကားများနှင့် တရားဥပဒေ စိုးမိုးရေး

မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်၌ ဒီပဲယင်းဖြစ်စဉ်နှင့်အတူ Thugs (လူမိုက်လူရမ်းကားများ) ဟူသည့် ဝေါဟာရတစ်ရပ် ထင်ရှားလာခဲ့သည်။ ယင်းကို နိုင်ငံတကာ မီဒီယာများက Military Thugs ဟု ခေါ်ဆိုသုံးစွဲခဲ့ကြသည်။ Thugs ကိုအချို့က အာဏာရှင်တို့၏ လက်ကိုင်တုတ်များဟုလည်း ခေါ်ဆိုကြသည်။ မြန်မာနိုင်ငံ၌ Thugs ၏အစဟု ပြောရမည်မှာ ဒီပဲယင်းဖြစ်စဉ်ဖြစ်သည်။

၂၀၀၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်းဖြစ်စဉ်ဖြစ်ပွားပြီး စွမ်းအားရှင်ဟူသည့် အမည်ဖြင့် လူရမ်းကားအုပ်စု ထင်ရှားလာသည်။ ၂၀၀၃ ခုနှစ် မေ ၂၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့၏ယာဉ်တန်း မြင်းမူမြို့မှထွက်စဉ် ပြည့်သူ့စွမ်းအားရှင်ဟု စာတန်းထိုးထားသည့် ကားငါးစီးသည် လက်နက်အပြည့်အစုံ တင်ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းနောက်မှ လိုက်ပါခဲ့သည်။ မေ ၃၀ ရက် ည ၇ နာရီအချိန်တွင် ကျီရွာမှထွက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား ရိုက်နှက်သတ်ဖြတ်ရန် တုတ်ဓားအပြည့်အစုံဖြင့် လူအုပ်စုတစ်စု ရောက်လာသောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ကားကိုမောင်းသူက လူအုပ်ကြားမှ အတင်းမောင်းပြေးခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည် ကားပေါ်တွင် လိုက်ပါခဲ့သော ကိုတိုးလွင် ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်၌ အတူပါလာသူများလည်း အမည်မသိလူအုပ်ကြီး၏ တုတ်များလေးခွများဖြင့် တိုက်ခိုက်ခြင်းခံရသည်။ ထွက်ပြေးသူများကို ကားမီးဖြင့်လှမ်းထိုးထားပြီး ကားများဖြင့် လိုက်တိုက်ကြသေးသည်။ နောင်လေးနှစ်အကြာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး၌လည်း စွမ်းအားရှင်ဟုခေါ်သော အမည်မသိ လူရမ်းကားများကို သံဃာတော်များအား ရိုက်နှက်စေလျက် ဆန္ဒပြပွဲများ ဖြိုခွင်းရာ၌ အသုံးပြုခဲ့ပြန်သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ခဲ့ပါသည်ဆိုသော အရပ်သားအစိုးရ အမည်ခံထားသည့် ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့ တက်လာပြီးသည့် နောက်တွင်လည်း စစ်အစိုးရ လက်ထက်ကကဲ့သို့ပင် အမည်မသိ လူရမ်းကားအုပ်စုများကို တွေ့ရပြန်သည်။ Thugs များသည် ယခုအထိရှိနေဆဲ၊ Thugs များကို ယခုအထိ အသုံးပြုနေဆဲဖြစ်သည်။ အနီးကပ်ဆုံးဖြစ်ရပ်နှစ်ခုမှာ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် မြို့တော်စည်ပင်မှ တာဝန်ရှိသူများနှင့် စည်ပင်ရဲတပ်ဖွဲ့တို့က မိကျောင်းကန်သပိတ်စခန်းကို ဖြိုခွင်းခဲ့မှုဖြစ်သည်။ ရက်ပေါင်း ၃၄၀ ကြာ သပိတ်စခန်းဖွင့်ကာ မဟာဗန္ဓုလပန်းခြံနံဘေး၌ ဆန္ဒပြနေသူများကို ဖြိုခွင်းရာ၌ ရဲအင်အား စုစုပေါင်း ၂၅ ဦးခန့်သာပါဝင်ပြီး အရပ်ဝတ်များ ၇၅ ဦးပါဝင်ခဲ့သည်။ ယခု နောက်ဆုံးဖြစ်ရပ်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြလျက်ရှိသော ရွှေပြည်သာမြို့နယ်ရှိ Ford Glory Garment စက်ရုံနှင့် Costec အထည်ချုပ်စက်ရုံနှစ်ရုံမှ အလုပ်သမားများ ရွှေပြည်သာမြို့နယ်မှ ရန်ကုန်မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြမှုကို တညင်းကုန်းလမ်းဆုံအနီး အမှတ် (၄) လမ်းမကြီးပေါ်၌ မတ် ၄ ရက် နံနက် ၁၀ နာရီခန့်တွင် ရဲတပ်ဖွဲ့မှစတင်ပိတ်ဆို့ တားဆီးခဲ့ပြီးနောက် ညနေ ၄ နာရီခွဲခန့်တွင် အလုပ်သမားများအား အင်အားသုံး ဖြိုခွင်းခဲ့မှုဖြစ်သည်။ ယင်းကဲ့သို့ အင်အားသုံးဖြိုခွင်းရာတွင် ရဲတပ်ဖွဲ့ဝင်များကို သာမက တာဝန်လက်ပတ်အနီ ပတ်ထားသည့် အရပ်ဝတ်များလည်း ပါဝင်ခဲ့သည်။

ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းရာတွင် တာဝန်လက်ပတ်အနီ ပတ်ထားသူများသည် မည်သည့်တာဝန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သနည်း။ မည်သည့်အဖွဲ့အစည်းကနည်း။ ရဲတပ်ဖွဲ့ကဆိုလျှင် အဘယ့်ကြောင့် ရဲတပ်ဖွဲ့ဝတ်စုံ မ၀တ်ရသနည်း။ ရဲတပ်ဖွဲ့ကမဟုတ်ခဲ့လျှင် တာဝန်လက်ပတ်ပတ်ပြီး ရမ်းကားသူကို တရားစွဲဆိုနိုင်သည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံ၏ သက်ဆိုင်ရာ တရားဥပဒေများရှိသည်။ ယင်းတရားဥပဒေများကို ထိန်းသိမ်းရန်အတွက် သက်ဆိုင်ရာတရားဥပဒေ ထိန်းသိမ်းရေး အဖွဲ့များရှိသည်။ ရဲတပ်ဖွဲ့ အပါအ၀င်ဖြစ်သော အဆိုပါတရားဥပဒေ ထိန်းသိမ်းရေး အဖွဲ့များသည် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း အတိအကျ လုပ်ဆောင်ရသည်။ တရားဥပဒေကို ထိန်းသိမ်းမည့် အဖွဲ့များဖြစ်သောကြောင့် ၎င်းအဖွဲ့အစည်းများအနေဖြင့် ကိုယ်တိုင်က တရားဥပဒေကို အခြားသူများထက်ပို၍ လေးစားလိုက်နာရပြီး တရားဥပဒေနှင့်အညီ တိကျစွာဆောင်ရွက်ရသည်။ ယင်းကဲ့သို့ တရားဥပဒေကို ထိန်းသိမ်းသည့်သူများသည် ဥပဒေမဲ့ တရားမ၀င် လုပ်ဆောင်သော လူရမ်းကားများနှင့် လားလားမျှမအပ်စပ်ဘဲ ဆန့်ကျင်ဘက် အစွန်းတစ်ဖက်စီ၌ ရှိနေသည်။ တရားဥပဒေ စိုးမိုးရေးအတွက် တရားဥပဒေကို ထိန်းသိမ်းရသည့် သူများကိုယ်တိုင်က တရားဥပဒေကို ချိုးဖောက်နေခြင်းလားဟု မေးခွန်းထုတ်စရာ ရှိသည်။

ယခု မတ် ၅ ရက်တွင်ဖြစ်ပွားသော ဖြစ်ရပ်၌လည်း ဒီမိုကရေစီပညာရေးအတွက် ဆန္ဒပြနေသော ပင်မသပိတ်စစ်ကြောင်း တားဆီးခံထားရမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် တတိယမြောက်နေ့အဖြစ် ဆန္ဒထုတ်ဖော်နေသည့် ကျောင်းသားအချို့ကို ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်လက်ပတ်, ပတ်ထားသည့် အရပ်ဝတ်များက အကြမ်းဖက်ဖြိုခွင်း၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ရပ်ကွက်လူမိုက်သာသာ အဆင့်သာရှိပြီး တရားဝင်မည်သည့် တာဝန်မျှမရှိသူများက တာဝန်လက်ပတ်, ပတ်ကာ အမျိုးသမီးများ၊ ကျောင်းသူများကို ကာယိအိနြေ္ဒပျက်ပြားအောင် လုပ်ဆောင်မှု (Sexual Harassment) ပြုလုပ်လျက် ရိုက်နှက်ချုပ်နှောင်ကာ ဖမ်းဆီးခေါ်ဆောင်သွားမှုကို တွေ့ရှိရသည်။

ထို့ကြောင့် ယခုကဲ့သို့ လုပ်ဆောင်မှုများအား တရားဥပဒေစိုးမိုးရေးကို ဆန့်ကျင်သည့် တရားစွဲဆိုနိုင်သော ဥပဒေမဲ့ဖမ်းဆီးခဲ့သည့် လုပ်ရပ်ဟု ယူဆပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Eleven Media Group

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page