Sunday, February 1, 2015

ရွှေတောင်တွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံတိုးချဲ့တည်ဆောက်ရန် လယ်ဧက (၅၀) ကျော် သိမ်းဆည်း

Leave a Comment
Written by  ရေခဲ (ပြည်)

ရွှေတောင် (မဇ္ဈိမ)။ ။ ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့ရှိ လျှပ်စစ်ဓါတ်အားပေးစက်ရုံ တိုးချဲ့တည်ဆောက်ရန် စက်ရုံအနီးရှိ  လယ်ဧက  ၅၀ ကျော်ကို ဇန်နဝါရီ ၃၁ ရက်က ဆိုင်းဘုတ်ထောင် အလံစိုက် သိမ်းဆည်းခဲ့သည်ဟု လယ်ပိုင်ရှင်များက ပြောသည်။
Shwe-Taung
“အလံတိုင်တွေ ဆိုင်းဘုတ်တွေ ဒီနေ့မနက်လာစိုက်သွားတယ်။ အလံစိုက်ပြီး ကုမ္ပဏီကို ရောင်းစားတယ်လို့ ပြောတယ်။ လနှစ်ဆယ် အတွင်း မြေနေရာ စမ်းသပ်မယ်။ အဆောက်အအုံ လာဆောက်မယ်လို့လည်း ပြောတယ်” ဟု လယ်ပိုင်ရှင် ကိုအောင်သိန်းဦးကပြောသည်။
ဇန်နဝါရီ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု ကွင်းအမှတ် ၄၁၁ ရှိ လယ်မြေဧက (၅၀)ကျော်ကို မြို့နယ်မြေစာရင်း၊ မြို့နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာန၊ ရွှေတောင် ဂါတ်တာဘိုင် ဝန်ထမ်းများက “125MW ရွှေတောင်ဓါတ်အာပေး စက်ရုံ တိုးချဲ့တည်ဆောက်ရေး စီမံကိန်း”ဟူသော ဆိုင်းဘုတ်နှစ်ခုနှင့် အလံတိုင် (၁၀) ခုခန့် စိုက်ထူခဲ့ကြသည်။
၎င်းလယ်မြေများသည် နွားမယံအုပ်စု ဘယ်လက်ကျေးရွာမှ လယ်သမား (၁၅) ဦးပိုင် ပြေစာရ လယ်မြေများဖြစ်သည်။ ယင်းလယ်မြေများကို ၁၉၉၄ ခုနှစ်တွင် ကွန်ပျူတာတက္ကသိုလ် တည်ဆောက်ရန် နိုင်ငံတော်က တစ်ကြိမ် သိမ်းဆည်းခဲ့သော်လည်း စီမံကိန်းမလုပ်ဖြစ်သဖြင့် မူလလယ်သမားများ ဆက်လက်လုပ်ကိုင် ခွင့်ရခဲ့သည်ဟု လယ်သမားများက ပြောသည်။
“ဘာတစ်ခုမှ အကြောင်းမကြားဘဲ သိမ်းလိုက်တာ။ လယ်ထဲထွက်ခါမှပဲ မြင်ရတယ်။ လယ်တွေက ပျိုးထောင်ထားတာ ဆယ့်လေးငါးရက်လောက်ရှိပြီ။ စိုက်ခင်းတွေလဲ ခွဲကုန်ပြီ” ဟု လယ်ပိုင်ရှင် ဦးပိုက်တင်က ပြောသည်။
ထိုသို့ သိမ်းဆည်းသွားသည့်အတွက် လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဘယ်လက်ကျေးရွာ ရာအိမ်မှူး ဦးတင့်က “သားသမီးတွေ ပညာရေးလည်းရှိတော့ ကိုယ့်လယ် ကိုယ်ပြန်လုပ်ချင်တယ်။ တကယ်လို့ သိမ်းတယ်ဆိုလည်း တန်ရာတန်ကြေးပဲလိုချင်တယ်” ဟု ပြောသည်။
အကြောင်းအရာကိစ္စနှင့် ပတ်သက်၍ ရွှေတောင် ဂါတ်တာဘိုင်စက်ရုံ၏ လက်ထောက်စက်ရုံမှူး ဦးစိန်ဝင်းအား ဆက်သွယ်မေးမြန်းရာ “အဲဒီကိစ္စ ကျွန်တော်ဖြေလို့မရပါဘူး။ စက်ရုံမှူးလာမှသာ မေးပါ။ စက်ရုံမှူးက အခုခရီးသွားနေလို့ ကျွန်တော်တင်ပြပေးပါ့မယ်” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
http://www.mizzimaburmese.com/

0 comments:

Post a Comment

Facebook Like Page