အများသူငါ ပိတ်ရက်ကလေးမှာ ရွှေစက်တော်သို့ ဘုရားဖူးထွက်လိုသူများအတွက် Grand Starex (၁၂) ယောက်စီး မှန်လုံ၊ အဲယားကွန်းကား၊ တစ်ဦးခြင်းထိုင်ခုံဖြင့် စိတ်အေးချမ်းသာစွာဘုရားဖူးနိုင်ရန် ပို့ဆောင်ပေးပါမည်။
အဆိုပါ ဘုရားဖူးခရီးစဉ်ကို ၆.၂.၂၀၁၅ သောကြာနေ့ ညတွင် ပြည်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ၈.၂.၂၀၁၅ တနင်္ဂနွေနေ့ ညတွင် ပြည်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။
ပြည်မြို့အတွင်းဖြစ်ပါက အိမ်အရောက် ကြို/ပို့ ဆောင်ရွက်ပေးပါမည်ဖြစ်ပြီး တစ်ဦးလျှင် ၂၀၀၀၀ိ/ ဖြင့် (၁၀) ဦးသာ တင်ဆောင်ပါမည်။
အသေးစိပ် သိရှိလိုပါက - ၀၉ ၂၅၄၉၇ ၉၀၉၅ / ၀၉ ၄၃၀ ၄၇၈၆၂ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
မင်းဘူးရွှေစက်တော် ဖူးလှည့်ကြနော်
================================
- မကွေးလှမြင့်
မကွးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ ရှေး ဟောင်းသမိုင်းဝင် ရွှေစက်တော်ဘုရားဗုဒ္ဓပူဇနိယ ပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ် တပို့တွဲလဆန်း ၅ ရက် (၂ဝ၁၅ခုနှစ် ဇန်နဝါရီ ၂၄ရက်)တွင် စတင်ကျင်းပ တော့မည်ဖြစ်ကြောင်း သိရသည်။
ရွှေစက်တော်ဘုရား၏ သာသနာမြေ ပုရိဝုဏ်နယ် နိမိတ်မှာ ၄၄၄ဒသမ ၂၄ဧကရှိပြီး ဘုရားပွဲတော်ကျင်းပ ရာဧကမှာ ၆ဝဝန်းကျင်ရှိသည်။ ဝါး၊ သက္ကယ်မိုး၊ တည်းခို ရိပ်သာပေါင်း ၉ဝဝခန့် ဆိုင်ခန်းပေါင်း ၁ဝဝဝခန့်လည်း တည်ဆောက်ပြီးစီးလျက်ရှိပါသည်။
အထက်စက်တော်ရာ နှင့် အောက်စက်တော်ရာကြား စီးဆင်းနေသော မန်းချောင်း ကိုဖြတ်လျက် ဆောက်ထားသောအထူးတံတားသည် ရွှေ စက်တော်တွင် အကြီးဆုံးဖြစ်သည်။ ကားများဖြတ်ကူးနိုင် အောင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ အထက်စက်တော် ရာသို့တက်သော တောင်တက်လမ်းမှာ နှစ်လမ်းရှိသည်။
ပထမတစ်လမ်းသည် အထူးတံတားမှဖြတ်သွားရပြီး နောက် တစ်လမ်းမှာ စက်တော်ရာ တောင်ခြေ၏တောလမ်းက လေးအတိုင်း သွားရသည်။
ရွှေစက်တော်ပါဒစေ တီသည် မကွေးတိုင်းဒေသ ကြီးမင်းဘူးခရိုင်အတွင်း စကု မြို့နယ်နှင့် ငဖဲမြို့နယ်အစပ် ၌တည်ရှိသည်။ ငဖဲမှ အရှေ့ ဘက်ရှစ်မိုင်အကွာ စကုမှ အ နောက်ဘက် ၁၆မိုင်အကွာ မင်းဘူးမှဆိုလျှင် စကုနှင့် ဆည် တော် စခန်းများကိုဖြတ်၍ ၂၆မိုင်ရှိပြီး ဧရာဝတီ မြစ်ကမ်းဘေးရှိ မကွေး-မင်းဘူး၊ ရေနံချောင်းနှင့် ဆင်ဖြူကျွန်းမြို့များမှတစ် ဆင့် သွားရောက်ဖူးမြော်နိုင်ပါသည်။
ယခုအခါမကွေးမြို့ မှဧရာဝတီတံတား(မကွေး)ကိုဖြတ် လျက် မင်းဘူးမှတစ်ဆင့် သွားရောက်နိုင်သည်။ ရှေးခေတ်ကဆိုလျှင် နွားလှည်းများ ဖြင့်လည်းကောင်း ခြေကျင်ခရီးဖြင့်လည်းကောင်း ဘုရားဖူး သွားကြရာ အလွန်ပျော်စရာ ကောင်းလှသည်။
မင်းဘူးမြို့မှ လေးပင်ရွာကိုဖြတ်၍ ရွှေစက်တော်သို့ သွားရောက်ဖူးမြော်နိုင်သော လမ်းနှစ်လမ်းရှိသည်။ ယင်း လမ်းနှစ်လမ်းစလုံးသည် ပုသိမ်-မုံရွာလမ်းမကြီးကို ဖြတ်သန်း သွားရပါသည်။
(၁) မင်းဘူး-လေးပင်-ပန်းတောင်ရွာလမ်း မှာ မင်းဘူးမှရွှေစက်တော်သို့ ၃၄မိုင်ကွာဝေးသည်။ ပုသိမ်- မုံရွာလမ်းမကြီးမှ ရှစ်မိုင်ဆက်သွားရသဖြင့် ရှစ်မိုင်လမ်းဟု ခေါ်ကြသည်။
(၂) မင်းဘူး-လေးပင်-ပန်းတောင်ရွာမှ တခြားတစ်လမ်းမှာ ဥယျာဉ်ရွာကို ဖြတ်သန်းသွားသောလမ်း ဖြစ်သည်။ ခရီး ၃၂မိုင်ကွာဝေးသည်။
ပုသိမ်-မုံရွာလမ်းမ ကြီးမှ တောင်တက်လမ်းသုံးမိုင်သာသွားရသဖြင့် သုံးမိုင် လမ်းဟုခေါ်သည်။
နောက်တစ်လမ်းမှာ စကုမြို့မှ ၂၁မိုင် ကွာဝေးပြီး အိုင်းမဆည်၏ မြောင်းပေါင်လမ်းအတိုင်းသွားရ သော တောလမ်းခရီးဖြစ်သည်။
လမ်းတွင် အိုင်းမရွာ၊ အိုး ပြစ်မဲရွာတို့အား ဖြတ်သန်းရသည့်အပြင် မန်းချောင်းကို လည်းဖြတ်သွားရသည်။ အိုင်းမဆည်သည် မန်းချောင်းရေ ကိုလွှဲယူထားသော ရေလွှဲဆည်ဖြစ်ပြီး ဗြိတိသျှအစိုးရလက် ထက် ၁၈၉၁-၁၈၉၂ခုနှစ်က စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်မြို့မှ နဝဒေးတံတားကိုဖြတ်ပြီး ပုသိမ်- မုံရွာလမ်းအတိုင်း မင်းဘူး-လေးပင်လမ်းနှစ်လမ်းမှ ရွှေစက် တော်ဘုရားအထိ သွားရောက်နိုင်ပါသည်။ ပြည်မြို့မှ ဘုရား စုံဖူးမြော်ပြီးနောက် ရွှေစက်တော်ဘုရားသို့ သွားရောက်ဖူး မြော်နိုင်သောလမ်းဖြစ်ပါသည်။
ချောက်မြို့မှ ဧရာဝတီ တံတား(အနော်ရထာ)တံတားကိုဖြတ်၍ ဆပ်ဖြူ-စလင်း-ပွင့်ဖြူလမ်းအတိုင်း ရွှေစက်တော်ဘုရားသို့ သွားရောက်ဖူး မြော်နိုင်သည်။
ထိုခရီးလမ်းမှာ မင်းဘူးမြို့အထိ သွားရောက် ၍ဖြစ်စေ၊ အိုင်းမ ဆည်မြောင်းပေါင်လမ်းမှ တစ်ဆင့် ပုသိမ်- မုံရွာလမ်းမကြီးအတိုင်း သွားနိုင်သော လမ်းဖြစ်ပါသည်။ ရခိုင်ပြည်နယ်မှ ဘုရားဖူးခရီးသည်များအတွက် စစ်တွေ-အမ်း-မင်းဘူးလမ်းအတိုင်း ပဒန်းရွာမှတစ်ဆင့် လာရောက် နိုင်ပါသည်။
ထိုခရီးသည်မင်းဘူး-အမ်း တောင်ကြားလမ်း ကို အသုံးပြုကြသည်။ ထို့ကြောင့် ရွှေစက်တော်ဘုရားဖူး ဧည့်သည်များအဖို့ မြန်မာနိုင်ငံအရပ်ရပ်မှ ခရီးလမ်းမျိုးစုံ ဖြင့် သွားရောက်ဖူးမြော်နိုင်ကြပါသည်။
စက်တော်ရာအစစ် သုံးဆူ
****************************
ဗုဒ္ဓမြတ်စွာဘုရား၏ ခြေတော်ရာအစစ်သည် သုံးဆူ သာရှိကြောင်း လေ့လာသိရပါသည်။ တစ်ဆူမှာ လင်္ကာဒီပ (ခေါ်) သီဟိုဠ်ကျွန်း (ယခုသီရိလင်္ကာနိုင်ငံ)၌ ရှိပြီး ကျန်နှစ်ဆူ မှာ သုနာပရန္တတိုင်း မင်းဘူးခရိုင်အတွင်း၌ ရှိသည်ဟုဆို သည်။
ဗုဒ္ဓမြတ်စွာဘုရားသည်သက်တော်ထင်ရှားရှိစဉ် အတွင်း မဟာသက္ကရာဇ်-၁၂၄ခုနှစ်တွင် သုနာပရန္တာတိုင်း သို့ကြွရောက်လာခဲ့သည်။
ဗုဒ္ဓဘုရားသည် မဟာပုဏ္ဏရ ဟန္တာ၏ ပင့်လျှောက်ချက်အရ စန္ဒကူးကျောင်းတော်ရာ၊ ရေ စက်ချလှူဒါန်းမှုအားခံယူပြီးနောက် သာဝတ္ထိပြည်သို့ ပြန် လည်ကြွရောက်ရာတွင် မန်းစက်တော်ရာဟု အမည်တွင်မည့် ခြေတော်ရာနှစ်ဆူကို ချထားခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာသည် သုနာပရန္တတိုင်း ဝါဏိစ္စ၈ါမအရပ် (ယခုပွင့်ဖြူ၊ လယ်ကိုင်း သစ်တောရပ်)သို့ ကြွရောက်လာပြီး စန္ဒကူးကျောင်းတော်ကို ရေစက်ချ အလှူခံယူတော်မူခဲ့သည်။ ထို့နောက် ကျောင်းတော်ရာမှ သာဝတ္ထိသို့ ပြန်လည်ကြွ ရောက်ရာတွင် မန်းချောင်းကမ်းပါး၌ နမ္မဒါနဂါးမင်းက ဗုဒ္ဓမြတ်စွာအား နောင်သာသနာငါးထောင်ပူဇော်ကြရန် ခြေတော်ရာတစ်ဆူ ခတ်နှိပ်တော်မူပါရန် ပန်ကြားခဲ့၏။ ထို့ ပြင်ဗုဒ္ဓမြတ်စွာ၏ လက်ဝဲဘက် ခြေတော်ရာတစ်ဆူကို မန်း ချောင်းကမ်းပါး ကျောက်ဖျာထက်၌ ခတ်နှိပ်ပေးခဲ့ရာ ယနေ့ တိုင် အောက်စက်တော်ရာဟု အမည်တွင်လျက်ရှိပါသည်။
ထို့နောက် ဗုဒ္ဓမြတ်စွာသည် မန်းချောင်းကမ်းပါးကျောက် ဖျာထက်၌ ခြေတော်ရာတစ်ဆူ ခပ်နှိပ်ထားရစ်ပြီးနောက် ဆက်လက်ကြွတော်မူရာ သစ္စဗန္ဓတောင်ထိပ်၌ သီတင်းသုံး နေသော သစ္စဗန္ဓရသေ့ကြီး၏ တောင်းပန်လျှောက်ထားချက် ကြောင့် မြတ်စွာဘုရားသည် သစ္စဗန္ဓတောင်ထိပ်၌ လက်ဝဲခြေ တော်ရာတစ်ဆူခတ်နှိပ်ပေးခဲ့တော်မူသည်။ ယင်းစက်တော် ရာကို ယနေ့တိုင်အထက် စက်တော်ရာဟုခေါ်ကြသည်။
အဆိုပါ စက်တော်ရာနှစ်ဆူသည် ဗုဒ္ဓမြတ်စွာ၏ ဒုတိယနှင့် တတိယမြောက်ခတ်နှိပ်ခဲ့သော စက်တော်ရာများဖြစ်ပေ သည်။
ပထမစက်တော်ရာသည် ဗုဒ္ဓမြတ်စွာပွင့်တော်မူပြီး နောက် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ) သုမနတောင်ထိပ်၌ သုမနနတ်မင်းက လျှောက်ထားတောင်းပန်သဖြင့် ခတ်နှိပ် ခဲ့ကြောင်းသိရှိရသည်။
ကုန်းဘောင်ခေတ် ရွှေစက်တော်
**********************************
ကုန်းဘောင်ခေတ်တွင် အလောင်းမင်းတရားလက် ထက်မှစပြီး သီပေါမင်းလက်ထက်အထိ မန်းစက်တော်ရာ တွင် ကုသိုလ်ဒါနပြုခဲ့ကြသည်။
၁၇၅၉ခုနှစ် အလောင်းမင်း တရားသည် ပဲတိမ်းမြို့သူကြီး နန္ဒရာဇာနှင့် စကုမြို့သူကြီး သိင်္ခဘဒ္ဒဥဒိန်ဒေဝတို့အား ရွှေစက်တော်၌ တန်ဆောင်း ဆောက်လုပ်လှူဒါန်းစေသည်။ ထိုတန်ဆောင်းသည် သုံး ထပ်လည်ပေါ် အဆောက်အအုံဖြစ်ပြီး အလျား ပေ ၃ဝ၊ အနံ ၂၇ပေရှိကာ အထက်စက်တော်ရာ၌ တည်ဆောက်လှူ ဒါန်းခြင်းဖြစ်သည်။ ဒီပဲယင်းမင်း (နော်တောင်ကြီး)၊ နောင် တော်ကြီးလက်ထက်တွင် ရွှေစက်တော်သို့ ဘုရင် မင်းမြတ်ကိုယ်တိုင် လာရောက်ဖူးမြော်ကာ အထက် စက်တော်ရာတွင် စောင်းတန်းဆောက်လုပ်လှူ ဒါန်းခဲ့ သည်။ ၁၇၆၄ခုနှစ် ညီတော်မြေဒူးမင်း (ဆင်ဖြူရှင်)လက်ထက်တွင် ရွှေစက်တော်သို့ ကြွရောက်ဖူးမြော်ကာရွှေတံခွန်၊ ငွေတံခွန်တော် များ လှူဒါန်းခဲ့သည်။
၁၇၇၆ခုနှစ် စဥ့်ကူးမင်းလက်ထက်၌ ရွှေစက်တော် တွင် တန်ဆောင်းပြာသာဒ်နှစ်ဆောင် ဆောက်လုပ်လှူဒါန်း သည်။ ထို့ပြင် ပဒုံမင်း (ဘိုးတော်ဘုရား)၊ စစ်ကိုင်းမင်း (ဘ ကြီးတော်)၊ သာယာဝတီမင်းနှင့် ပုဂံမင်းတို့ လက်ထက်များ တွင်လည်း မန်းစက်တော်ရာတွင် ရွှေ၊ ငွေ၊ ရတနာတို့ဖြင့် လှူဒါန်းပူဇော်ခဲ့ကြသည်။
မင်းတုန်းမင်းလက်ထက်တွင် စဥ့်ကူးမင်းလက်ထက်က ဆောက်လုပ်ခဲ့သည့် တန်ဆောင်း ပြာသာဒ်နှစ်ဆောင်သည် ဟောင်းနွမ်းပျက်စီးနေကြောင်း ၁၈၅၆ခုနှစ်တွင် မင်းတုန်းမင်းက မူလတန်ဆောင်းပြာသာဒ် နေရာ၌ ဘုံခုနစ်ဆင့် တန်ဆောင်းပြာသာဒ်နှစ်ဆောင်အသစ် ဆောက်လုပ်လှူဒါန်းခဲ့သည်။
ယင်းပြာသာဒ်နှစ်ဆောင်အ တွင်း မင်းတုန်းမင်းက ရွှေချိန် ၁ဝဝဝကျပ်သားကို မျက်ပါး ခတ်၍ ရွှေချမွမ်းမံခဲ့သည်။ ပြာသာဒ်အောက်ခြေတွင် အုတ်၊ ကျောက်၊ သမံတလင်းခင်းခဲ့သည့်အပြင် အုတ်ကြွပ်မိုးဇရပ် နှင့် သိမ်၊ တန်ဆောင်းတို့ကိုပါ ဆောက်လုပ်လှူဒါန်းခဲ့ပါ သည်။ ညီတော် အိမ်ရှေ့စံ ကနောင်မင်းသားကြီး ကလည်း စက်တော်ရာဘုရားရှိ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်၌ အုတ်ဇရပ်ကြီး တစ်ဆောင်ဆောက်လုပ်လှူဒါန်းခဲ့သည်။
၁၈၈၃ခုနှစ် သီပေါမင်းလက်ထက်တွင် မင်းတုန်းမင်း လက်ထက်က ဆောက်လုပ်ခဲ့သော အောက်စက်တော်ရာက တန်ဆောင်းပြာသာဒ်ကြီး ရေတိုက်စား၍ ပျက်စီးသွားခဲ့သည်။
ထို့ကြောင့် သီပေါမင်းသည် ငွေတော်အမြောက်အမြားအ ကုန်အကျခံကာ တန်ဆောင်းပြာသာဒ်အသစ်ကြီးကို ဆောက် လုပ်လှူဒါန်းခဲ့သည်ကိုတွေ့ရှိရပါသည်။ ကုန်းဘောင်မင်း များအနေဖြင့် စက်တော်ရာစေတီ၌စဉ်ဆက်မပြတ် ကုသိုလ် ကောင်းမှုများပြုခဲ့ကြောင်း လေ့လာသိရှိရသည်။
ကိုလိုနီခေတ် ရွှေစက်တော်
****************************
၁၈၈၇ခုနှစ် ဇန်နဝါရီ ၁ရက်တွင် အိန္ဒိယစစ်သည် ၂ဝ ခန့်ပါသော ဗြိတိသျှ တပ်တစ်တပ်သည် စက်တော်ရာအထက် ရှိ သုဓမ္မစာရီနှင့် နှစ်မမယ်ဝတို့ တည်ထားခဲ့သော ပထမ စေတီတော်နှင့် ဒုတိယခြေတော်ရာစေတီတော်တို့၏ ဌာပနာ တိုက်များကို ဖြိုဖျက်ထောက်ထွင်းခဲ့ကြသည်။
မင်းဘူး (စကု)နှစ်မြို့ ဂိုဏ်းအုပ်ဆရာတော်ဦးဇာဂရအမှူးပြုပြီး သာသနာပိုင် ဆရာတော်ကတစ်ဆင့် အင်္ဂလိပ်အစိုးရထံ ပြုပြင်ခွင့်တောင်းခံခဲ့သည်။
မဟာဝန်ရှင်တော်မင်းကြီးက ငွေဒင်္ဂါးတစ်ထောင်မတည်၍ အများပြည်သူများ၏ အလှူ တော်ဖြင့်ပြုပြင်ခဲ့ကြသည်။ ၁၉၈၉ခုနှစ်တွင် စက်တော်ရာ နှစ်ဆူအား စကုမြို့သက်တော်ရှည်ဆရာတော်ကြီးက ကြီး ကြပ်ပြီး ဂေါပကအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။
၁၉၁၂ခုနှစ် ဒီဇင်ဘာ ၃ဝရက်တွင် စကုဆရာတော် ပျံလွန် တော်မူသဖြင့် ဆရာတော်ဦးပညာ သဓဇကဆက်လက်ကြီး ကြပ်စောင့်ထိန်းခဲ့သည်။
၁၉၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ရက်တွင် အထက်စက်တော်ရာ တန်ဆောင်းပြာသာဒ်များ မီးလောင် ကျွမ်းခဲ့သည်။
ထိုအခါ သက်တော်ရှည်ဆရာတော် ဦးပါရမီ က ဂေါပကအဖွဲ့နှင့်အတူ ကြပ်မတ်နှိုးဆော်ကာ တန်ဆောင်း ပြာသာဒ်အသစ်ဆောက်လုပ်ခဲ့သည်။
၁၉၁၉ခုနှစ်တွင် ဆရာ တော် ဦးပါရမီပျံလွန်တော်မူသဖြင့် ဆရာတော်ဦးဝိစိတ္တက ဆက်လက်စီမံ ဆောင်ရွက်ခဲ့သည်။ ၁၉၂၃ခုနှစ်တွင် ရသေ့ကြီးဦးခန္တီက သံထည်တန်ဆောင်း များကို ပိုကြီးကြပ်ဆောက်လုပ်ခဲ့သည်။
စက်တော်ရာ၏ အရွယ်ပမာဏ
******************************
ဗုဒ္ဓစက်တော်ရာ၏ အရွယ်ပမာဏနှင့် ပတ်သက်၍ စာပေကျမ်းဂန်များတွင် ရှေးပညာရှိများက ပြဆိုကြသည် မှာ
(၁) ခြေဖဝါး၏အလျားသည် မြတ်စွာဘုရား၏ အထွာ တော်နှင့် တစ်ထွာသုံးသစ်၊
(၂) မဇ္ဈိမပုရိသအနေဖြင့် တစ် ထောင့်ထွာသုံးသစ်
(၃) သာမန်ပကတိပုရိသအနေဖြင့် နှစ် တောင့်ထွာ ခုနစ်လက်သစ်၊ နှစ်မုယောဟူ၍ ဆိုကြသည်။
ခြေဖဝါးတော်၏အနံကိုမူ အလျားနှင့်လိုက်ဖက် သော အတိုင်းအတာ အဖြစ်မှတ်ယူကြသည်။
မြတ်စွာဘုရား ၏ ခြေဖဝါးတော်၌ စက်တော်ရာတည်နေရာသည် ခြေဖဝါး တော်၏အလျားကို လေးပိုင်းပိုင်းလျှင် ခြေဖနောင့်တော်ပိုင်း မှစတင်၍ ဒုတိယပိုင်းဖြစ်သော ဖမျက်တော်အပိုင်းတွင် တည်ရှိသည်ဟုဆိုသည်။
အချုပ်ဆိုရသော် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာဒေသသည် မြတ်စွာဘုရားရှင် သီတင်းသုံးရာ ဗုဒ္ဓဌာနများဖြစ်သကဲ့သို့ မြန်မာနိုင်ငံမင်းဘူးဒေသရှိ အထက်စက်တော်ရာနှင့် အောက် စက်တော်ရာပါဒနှစ်ဆူသည် မြန်မာတို့၏ ဗုဒ္ဓဂယာအဖြစ် ကြည်ညိုပူဇော်နိုင်သော ဗုဒ္ဓဒေသများဟု ဆိုနိုင်ပါသည်။
''မြတ်နိုးလှစွာ ခြေတော်ရာသို့ တစ်ခေါက်ရောက်လျှင် သွားချင်နေကြ လွန်တောင့်တ၍ ဟတ္တသွယ်ပျောင်း၊ လက် ဆယ်ချောင်းကို ဦးခေါင်းထိပ်တင် ကြည်လင်မြတ်နိုး ရှိခိုး ပါ၏''
0 comments:
Post a Comment