Tuesday, August 19, 2014

တောင်န၀င်းဆည်ရေပြင်ပေါ် ရှပ်တိုက်ပြေးလွှားလာသည့် သက်ပြင်းမောများ................................ဝေလင်း(ပြည်)

Leave a Comment
တောင်န၀င်းဆည်ရေပြင်ပေါ် ရှပ်တိုက်ပြေးလွှားလာသည့် သက်ပြင်းမောများ
===================================================
ဝေလင်း(ပြည်)

စမ်းစုလှေဆိပ်(ခေါ်)အုတ်ပုံလှေဆိပ်လေးရှိ ဈေးဆိုင်တန်းလေးတွင်
လူအချို့အလုပ်ရှုပ်နေကြသည်။ အနက်ရောင်မိုးသားများမှာ
တောင်န၀င်းဆည်၏ကောင်းကင်ယံတွင် အဆုပ်လိုက်ပွင့်လျှက်ရှိပြီး
ဆည်ရေပြင်မှာလှိုင်းကြပ်ခွပ်လေးများ အနည်းငယ်လှုပ်ခတ်နေသည်။
မိုးသက်လေကြောင့်လည်းဖြစ်သလို ကမ်းကပ်လာသည့်
စက်လှေကလေးတစ်စီး၏အရှိန်ကြောင့်လည်း ဖြစ်နိုင်သည်။ စက်လှေလေးပေါ်၌
ဆည်အတွင်းရှိကုန်းမြေလေးများတွင် နေထိုင်ကြသူများလိုက်ပါလာသည်။
သူတို့လာခဲ့ကြခြင်း၏ အဓိကရည်ရွယ်ချက်သည်က
မိသားစုများစားဝတ်နေရေးဖြေရှင်းနိုင်ရန်ပင်ဖြစ်သည်။ ဤသည်ပင် လှေဆိပ်လေး၏
ဥတုမရွေးနေ့စဉ်ဘ၀ဖြစ်သလို
မရိုးနိုင်သည့်နေ့စဉ်မြင်ကွင်းများပင်ဖြစ်ပါလိမ့်မည်။

တောင်န၀င်းဆည်မှာ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၊ တွင်ရှိပြီး ပြည်မြို့မှ
၂၄ မိုင်ကွာဝေးကာ ကတ္တရာလမ်းဖြစ်ပြီး မြန်မာနိုင်ငံတွင်
လမ်းကောင်းဟုပြောရနိုင်သည်။ ၁၉၉၃-၉၄ ခုနှစ်တွင်
တောင်န၀င်းဆည်ကိုဖွင့်လှစ်အသုံးပြု လိုက်ပြီးနောက် ဒေသခံများ၏
လူမှုဘ၀နေထိုင် စားသောက်မှုပုံစံများပြောင်းလဲသွားရသည်။ ထိုစဉ်ကတည်းက
လှေဆိပ်လေးလည်းရှိလာသည်ဟု ဆိုသည်။ မြို့ထောင်အုပ်စုတွင်ပါဝင်ပြီး
စမ်းစုယာယီဈေးလည်းရှိသည်။ သို့သော်အများစုကယာယီဈေးလေးကိုမသွားကြသလို
ပေါ်က်ခေါင်းမြို့ပေါ်ရှိ ဈေးကြီးသို့လည်းမရာက်ဖူးကြပဲ
လှေဆိပ်ဈေးတန်းလေးတွင်အချိန်ကုန်သွားကာ နေရီမိုးချုပ်တွင်
ရေပြင်ပေါ်ရှပ်တိုက်ရင်း ကျွန်းစုစုလေးများဆီ ပြန်လည်ထွက်ခွါသွားတတ်ကြသည်။

ဆည်အတွင်း ၁ မိုင် ၂ မိုင် ခန့်အကွာတိုင်းတွင် ကျွန်းကလေးများနှင့်တူသော
ကုန်းမြေလေးများပေါ်တွင် အိမ်စုလေးများရှိတတ်သည်။ စက်စက်ယို၊ တောင်ပျောက်၊
တောင်ရွှေလောင်း၊ မကွေး၊ ချောင်းကျိုး၊ လှည်းကျ၊ ဗြူခေါင်း၊ အင်းမီး၊
အိုတွင်းကုန်း၊ အလယ်ရွာ၊ သရက်တစ်ပင်စသည့်ဖြင့် ဆန်းပြားလှသည့်
နာမည်လေးများဖြင့် ရွာပေါင်း ၁၅ ရွာကျော်ကျော်လောက်ရှိသည်ဟု
ဈေးတန်းလေးထဲမှာစုံစမ်းသိလိုက်ရသည်။ အများစုမှာ ဗမာလူမျိုးများဖြစ်ပြီး
ချင်းတိုင်းရင်းသားများနှင့် ကရင်လူမျိုးအနည်းငယ်လည်းနေထိုင်ကြသည့်။
မြင်တွေ့ နေရသည့် ဆည်ရေပြင်ကြီးအောက်တွင် လွန်ခဲ့သည့် ၂၇ နှစ်ခန့်ကတော့
လယ်မြေနှင့်ယာ ကျွန်းကိုင်းများ လည်းရှိခဲ့သလို၊
လျှိမြောင်တောင်ကြားများနှင့် ပဲခူးရိုးမ၏တောင်စွယ်ပွားများ
အမြစ်တွယ်ခဲ့သည့်နေရာများ ဖြစ်ခဲ့သည်။ ၈၈ အရေးခင်းကာလကြီးတွင်း
ဆည်တည်ဆောက်နေသည့် ၀န်ထမ်းများပါ ပေါင်ခေါင်းမြို ပေါ်တက်၍
လမ်းလျှောက်ချီတက်ခဲ့ကြသောကြောင့်
တာဝန်မှရပ်ဆိုင်းခံခဲ့ရသည်များလည်းရှိခဲ့သည်။ ထိုစဉ်ကစပြီး ဒေသခံများ၏ဘဝ
တစ်ဆစ်ချိုးသွားခဲ့သည်။
တောင်ကြားထဲနေသူများ တောင်ထိပ်ရောက်သွားသည်။ လယ်သမားကတံငါဖြစ်သွားသည်။
ယာသမားများ မွေးမြူရေးသမားများဖြစ်သွားသည်။ ရိုသားသူများဘ၀မှ
မှောင်ခိုသမားများဖြစ်သွားခဲ့ရသည်။ တင်းကျပ်
ပိတ်လှောင်ထားမှုများအောက်တွင် မဆိုသလောက်ငွေကြေးလေးများအတွက်
သစ်တောထွက်ပစ္စည်းများကို ငွေရင်းနှီးနိုင်သူများအတွက်
ထုတ်လုပ်ပေးတတ်လာသည်။ တစ်ချို့ဘ၀ပျက်သွားကြသည်။ မျက်နှာလွှဲသွားကြသည်။
တံငါလုပ်ငန်းတွင်လည်း ငါးဒိုင်အချို့သာကြီးပွားသွားကြပြီး
တောင်သူတစ်ဖြစ်လဲ တံငါများကတော့ မဲကျူတ်သောအသားရည်နှင့်
ငါးညှီနံ့စွဲနေသောအ၀တ်စားများသာ အဖတ်တင်ကျန်ခဲ့သည်။

“အရင်ကတော့ဒီရေပြင်အောက်မှာ လယ်လုပ်ခဲ့တာပဲ
ဆည်စဆောက်တော့မယ်ဆိုကတည်းကပြောင်းပေး လိုက်ရတာပါ
အစပိုင်းမှာတော့အတော်ကိုအခြေနေပျက်သွားခဲ့ဘူးတယ်။ လယ်လုပ်စရာလည်းမရှိ၊
ထပ်ပြီးပြောင်းပြန်ရင်လည်း သစ်တောကြိုးဝိုင်းကလယ်လုပ်မခံဘူးလေ
ဆည်ရေလှောင်ပြီးသွားတော့ငါးဖမ်းတဲ့ တံငါလုပ်ငန်းကိုလုပ်တတ်လာတာပဲ
သိပ်တော့လည်းမကိုက်လှဘူး။ တစ်နေကုန်ဖမ်းပြီးရင်သွင်းနေကြဒိုင်မှာ
သွားသွင်းရတယ်။ သူတို့ဖြတ်တဲ့ဈေးပဲပေါ့။ အခုကတော့ဆည်ကကြာလာတာရယ်
လုပ်ကိုင်စားသူများလာတော့ ငါးကသိပ်မရချင်တော့ဘူး”
လှေကလေးပေါ်မှငါးတောင်းကိုထမ်းရင်း ငါးဒိုင်ဆီသယ်ယူလာသည့်
ဦးလေးကြီးတစ်ဦးကပြောသည်။

ဆည်အတွင်းမှ ငါးခုံးမ၊ ငါးဖယ်၊ ငါးမြွေထိုး၊ ဇလားဗီးယားလိုငါးများတွေ
အများဆုံးဖမ်းရတတ်ပြီး အခြားငါးမျိုး အနည်းငယ်လည်းဖမ်းမိတတ်သည်။ ၁၉၉၅
ခုနှစ်မှစ၍ ပေါက်ခေါင်းမြို့အထွက်တွင်ရှိသည့် (၅၃)တပ်မကို
ငါးဒိုင်လုပ်ကိုင်မည့်သူတစ်ဦးလျှင် တစ်လ ၃၀၀၀၀
ကျပ်ပေးဆောင်လုပ်ကိုင်ခဲ့ရသည်။ ၂၀၁၃ ခုနှစ်ထိ ပေးဆောင်ခဲ့ရပြီး
ယခုချိန်တွင်တော့ငါးဒိုင်လုပ်ကိုင်သူ ၇ ဦးလောက်သာရှိတော့သည်။ ယခင်က
တစ်နေ့လျှင် ငါးအချိန်ပိသာ ၂၀၀ လောက်ထွက်ရှိပြီး ယနေ့အချိန်တွင်တော့
အချိန် ၁၀ ကျော်လောက်သာထွက်ရှိသည့် အခြေနေလောက်ထိဖြစ်သွားခဲ့ပြီဟု
ငါးဒိုင်တစ်ဦးကပြောပြသည်။

အမှန်တကယ်လည်းဟုတ်သည်။ ယိုင်နဲ့နဲ့တဲလေးအောက်
ငါးဗန်းနှင့်တောင်းလေးထဲတွင် ငါးဖယ်လေးအနည်း ငယ်သာတွေ့ရပြီး
ကြီးမားလှသည့်ချိန်ခွင်ကြီးမှာလည်း သိပ်အလုပ်မလုပ်တော့ပေ။
ငါးဒိုင်အမျိုးသမီးကြီးသုံး လေးဦးကတော့ရောက်တတ်ရာရာပြောနေကြရင်း
ဆည်ထဲမှပေါ်ထွက်လာမည့်ငါးလှေလေးများကိုမျှော်နေပုံ ရသည်။

ဈေးတန်းလေးရှိရာစက်လှေတစ်ချို့ဆိုက်ကပ်လာပြန်သည်။
ငါးဒိုင်ဒေါ်ကြီးမျှော်နေသလိုငါးလှေတော့ မဟုတ်ပါ။
သစ်မျောများသယ်ဆောင်လောင်သည့် လှေပင်ဖြစ်သည်။ အချို့သစ်များမှာ
တော်ရုံအိမ်တစ်လုံး၏ တိုင်များအဖြစ်ပင်အသုံးပြုလို့ရမည်ထင်သည်။
ဈေးတန်းလေးမှသက်လတ်အမျိုးသမီးတစ်ချို့ပြေးထွက် သွားကြသည်။
အလုပ်ရလိုသည့်နှင့်တူပါသည်။
သစ်မျောတိုင်များကိုရှေ့တစ်ယောက်နောက်တစ်ယောက် မနိုင်မနင်းဖြင့်
လှေပေါ်မှသယ်ချနေကြသည်။ တရားဝင်သစ်ဟုတ်မဟုတ်ကိုတော့ သယ်ယူလာခဲ့သူများကသာ
သိနိုင်ပါလိမ့်မည်။ တကယ်တော့မြန်မာနိုင်ငံ၏
သစ်တောသစ်ပင်များကလက်တစ်ဆုပ်စာသာရှိသည့် လူတစ်စု၏ လောဘမီးတောက်များအောက်
တရားမ၀င်ပျောက်ဆုံးနေရသည်ပဲ မဟုတ်လား။ နိုင်ငံသားများက
အိမ်တိုင်လေးများအသုံးပြုခြင်း၊ ရောင်းဝယ်ခြင်းကတော့
တစ်ဝမ်းတစ်ခါးအတွက်တရားသည်ဟုပင် ကျွှန်တော်ကတွေးထင်ပါသည်။

ဆည်ထဲတွင် ရာသီအလိုက်လုပ်ကိုင်ရသည့် ရာသီပေါ်လုပ်ငန်းများလည်းရှိသည်။
ယခုလိုမိုးကာလ ၇ လပိုင်းလောက်မှစပြီး ၉ လပိုင်းလောက်ထိလုပ်ကိုင်နိုင်သည့်
မျှစ်လုပ်ငန်းဖြစ်သည်။ ၀ါးမျှစ်လုပ်ငန်းမှာအတန် ငယ်အလုပ်ဖြစ်သည်ဟု
ပြောရနိုင်ပါသည်။ ၀ါးတောများပြုန်းတီးခြင်းကိုတော့ ဖြစ်စေသော်လည်း
ရေရှည်ကိုကြည့်မနေနိုင်သည့် စားဝတ်နေရေးက အုတ်ပုံလှေဆိပ်လေးသို့
မျှစ်များကို နှစ်စဉ်ဆိုသလို အလုံးရင်းဖြင့် ၀င်ရောက်လာစေသည်။

“ မျှစ်ကပေါ်ဦးပေါ်ဖျားဆိုရင် တစ်ပိသာ ၃၀၀ လောက်ပေါက်တယ်။ ပေါသွားရင်တော့
၁၄၀ လောက်ပေါက်တယ်။ ဒီအချိန်ရောက်ရင်တော့ ဆည်ထဲကလူတော်တော်များများ
မျှစ်ချိုးထွက်ကြတယ်။ ဒီလှေဆိပ်လေးမှာသိမ်းတဲ့ဒိုင်တွေရှိတယ်။
ပေါက်ခေါင်းမြို့ပြင်ကိုပို့ရင်တော့ မြို့ထွက်သစ်တောဦးစီးဌာန မှာ
သစ်တောထွက်ပစ္စည်းကောက်ခံတဲ့ အခွန်ပေးရတယ်။” ဟု
မျှစ်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဆည်အတွင်းနေထိုင်သူများ၏ လုပ်ငန်းများကိုခြုံငုံကြည့်ပါက
ကြုံရာကျပန်းလုပ်ကိုင်နေရသည်ဟုပင် ပြောလို့ရပါသည်။
နေထိုင်ကြရသည့်ပုံစံများကလည်း ရေကြည်ရမြတ်နုရာပြောင်းလဲနေထိုင်နေကြရသည်။
အချို့ကဝေးလန်လှသည့် အရပ်ဆီမှလာရောက်ပြောင်းရွှေ့
နေထိုင်ကြရသည်များလည်းရှိသည်။ မိမိ၏နေရပ်သို့ လည်းပြန်ခွင့်မရ
လက်ရှိနေထိုင်နေရသည့်နေရာမှာလည်း အတည်တကျနေထိုင်ခွင့်မရသေးပေ။ အချို့မှာ
နိုင်ငံသားကဒ်ပြားပင်မရှိပါ။သို့သော်
အစိမ်းရောင်ပါတီဝင်ကဒ်လေးများကိုတော့ ကိုင်ဆောင်ထားကြသည်။
ဒါကိုပင်သူတို့အတွက် နေထိုင်သွားလာခွင့်လက်မှတ်တစ်ခုလို
အားကိုးအားထားပြုကြရပြန်သည်။

“ ၁၉၆၃ ခုနှစ်လေမုန်တိုင်းတွေတိုက်တော့ အကုန်ပါသွားတယ်။
ဘာမှကိုမရှိတော့တာ။ အခုဆည်ထဲမှာ နေနေရတာလည်း ဘာသက်သေအထောက်ထားမှမရှိဘူး။
ဒါပေမယ့် ခုနှစ်ဆန်းပိုင်းလောက်က ကြံ့ခိုင်ရေးက ကဒ်လေးတွေထုတ်ပေးတယ်။
သူတို့ကပြောတာတော့ မှတ်ပုံတင်မလိုဘူးဒီကဒ်သာပြလိုက် ခရီးသွားလို့ရတယ်။
နေထိုင်လို့လည်းရမယ်ဆိုလို့ လုပ်ထားလိုက်တာပါ။ ပါတီတွေဘာတွေမသိဘူး။
လုံခြုံမှုတစ်ခုခုရတယ်ဆိုရင် ပြီးတာပါပဲ။ မိသားစုအားလုံးလုပ်ထားတယ်” ဟု
လက်ပံတန်းမြို့နယ်မှ လေမုန်တိုင်းတိုက်ခတ်ခြင်းကြောင့်
ပြောင်းရွှေနေထိုင်လာခဲ့ရသည့် အသက် ၆၀ ကျော် အရွယ်အမျိုးသမီးကြီးကပြောသည်။

၎င်းတို့နေထိုင် နေသည့် အိမ်ဆိုသည်မှာလည်း လေးတိုင်စင်တဲသာသာဖြစ်ပြီး
ငါးဖမ်းပိုက်ကွန်များနှင့် တိုလီမိုလီများသာ နေရာယူထားပါသည်။ ထို့အပြင်
မသိနားမလည်ခြင်းနှင့် အကြောက်တရားများကိုခုတုံးလုပ်ခံထားရသည့်
ဘ၀များလည်းရှိနေပြန်ပါသည်။

ဆည်ရေပြင်ထဲ မိုးပေါက်လေးများကျလာခဲ့သည်။ အဝေးရေပြင်ထဲတွင်
လှေတစ်စီးလှော်ခတ်သွားနေ၏ လှေပေါ်တွင်
ဖြူစိမ်းကျောင်းဝတ်စုံလေးဖြင့်ကလေးတစ်ဦး
ထီးကလေးဆောင်းရင်းကျောင်းပြန်လာပုံရသည်။ ကလေးငယ်များစွာထဲက
ကံကောင်းထောက်မစွာ ပညာသင်ခွင့်ရသူဖြစ်ပါလိမ့်မည်။ ဘယ်အချိန်ထိများ
ဆက်လက်ပညာသင်ခွင့်ရမည်လဲမသိပါ။
ကလေးရေကံကောင်းခြင်းများစွာဆက်လက်ဖြစ်ပါစေ။ လမ်းပန်းဆက်သွယ်ရေးနှင့်
စားဝတ်နေရေးများက ကလေးများကိုစာသင်ခန်းပြင်ပသို့ဆွဲခေါ်ထုတ်နေကြသည်။
တာဝန်ရှိသူများက လက်ပိုက်ထီးဆောင်းနေဆဲ။
ဈေးတန်းလေးတွင်လူများအနည်းငယ်ရှင်းသွားပြီဖြစ်သည်။

စက်လှေကလေးများလည်းအသီးသီးပြန်လည်ထွက် ခွါသွားကြပြီ။ စစ်အစိုးရလက်ထက်
ရေလှောင်တမံနှင့် ဆည်စီမံကိန်းများကယခုတိုင် ပြည်သူလူထုကို ဒုက္ခပေးနေဆဲ။
ကျွန်တော်သက်ပြင်းချမိသည်။ ထိုအတူပဲ့တင်သံလိုလို အသံသဲ့သဲ့တစ်ခု
ဆည်ရေပြင်ကို ဖြတ်ပြေးလာသည်ကိုကြားလိုက်ရသည်ထင်သည်။ ဟုတ်ပါလိမ့်မည်
ဘ၀အမောများ၏သက်ပြင်းများကလွဲ၍ အခြားမဖြစ်နိုင်ပါ။

ဝေလင်း(ပြည်)
The Daily ELEVEN (17.8.2014) ရက်နေ့ထုတ်မှကူးယူဖော်ပြပါသည်။







0 comments:

Post a Comment

Facebook Like Page