ကဗျာများ
လူ
******
လူစိတ်ရှိတဲ့သူ...လူ
လူပီသတဲ့သူ...လူ
လူဖြစ်ရကျိုးနပ်တဲ့သူ...လူ......
ဆင်းရဲလည်းလူ ။ ချမ်းသာလည်းလူ
အသားမဲလည်းလူ ။ အသားဖြူလည်းလူ
ပညာတက်လည်းလူ ။ ပညာမဲ့လည်းလူ
ဘာသာမတူလည်းလူ ။ လူမျိုးခြားလည်းလူ
တမြေထဲဖွားလည်းလူ ။ ရေမြေခြားလည်းလူ
အာဏာရှိလည်းလူ ။ မျက်နှာမွဲလည်းလူ
အညတြလည်းလူ ။ သမ္မတလည်းလူ
ဦးနှောက်ပျက်သူလည်းလူ ။ လွှတ်တော်အမတ်လည်းလူ
ဆရာဝန်လည်းလူ ။ မျက်မမြင်လည်းလူ
အာပလာလည်းလူ ။ ကဗျာဆရာတွေလည်းလူ
ခင်ဗျားတို့လည်းလူ ။ ကျုပ်တို့လည်းလူ
ရှင်သန်နေစဉ်...ကုသိုလ်ယူ....
ဒါမှ...လူဆိုတဲ့....လူ.....။
မင်းထင်ငယ်(ပြည်)
*********************************************
ချမ်းအေးသော(ဘ၀)
*****************
တိမ်တွေကို ကြည့်ပါ
လယ်ကွင်းတွေကို ကြည့်ပါ
ပြတင်းပေါက်ရှိတဲ့ အိမ်မှာနေပါ...။
လက်ဖက်ရည်ဆိုင် ထိုင်ပါ
ဘ၀ကို တစ်ငုံစီ သောက်ပါ
သီချင်းတွေနဲ့ ရန်မဖြစ်နဲ့...။
ဖြတ်သွားဖြတ်လာတွေ ငေးမော
ရာဇ၀င်ကို တွေးတော
မိမိကိုယ်မိမိ ငေးမောပါ...။
နေရောင်ခြည် နောက်ကျတတ်တယ်
သတင်းစာ နောက်ကျတတ်တယ်
ချိန်းထားတဲ့ သူဟာလည်း
နောက်ကျတတ်တာပါပဲ.....။
ရဲရဲနီ(F.B)
**************************
မြန်မာ့ဇာနည်
**********
ရောင်စဉ်ကိုးသွယ်
ပိတ်ပျောက်ကွယ်လို့
သွေးနွယ်တက်ကာ
နေညိုခဲ့ပြီ...။
မမြတ်ပွင့်ဖြူ(P.E.C)
ခရိုနီ
******
မိုးလည်းခေါင်ပြီ
ရေလည်းပြောင်ပြီ
သြော်....သူတို့လည်းအောင်ပြီ...။
ကျောင်းတော်သား(၂)
***********************
ပုံပြင်
******
ကမ္ဘာကြီးကို အုပ်မိုး
အတိတ်ဆိုးတွေဖယ်ရှား
တကယ်များလားသွားကြည့်တော့.....။
ချစ်သူ
****************************
အရက်သမား
**********
လမ်းထိပ်မှာ ပက်လက်
နေ့စဉ်ရက်ဆက်
အသက်ထွက်.....။
ဂျူးကို
ထာဝရ ရင်ကွဲနာ
**********
၁၉၄၇ ဇူလိုင် စနေနေ့မှ
အစပြုခဲ့တဲ့ ရင်ကွဲနာ
ဒီနေ့ ဒီရက် ဒီအချိန်ထိ
ငိုရတုန်း သေကြတုန်း.....။
အဘတို့ မရှိကတည်းက
အဘအတုတွေရဲ့ လက်ထဲ
ထုဆဲ ထောင်းဆဲ
သွေးတွေရွှဲလို့.....။
ငိုရလွန်းလို့
မျက်ရည်လည်း အိုပြီ.....
ကြောက်ရလွန်းလို့
သတ္တိလည်း ပျောက်ပြီ.....
ပြေးရလွန်းလို့
ပန်းတိုင်နဲ့လည်း ဝေးပြီ.....။
တသက်စာ ထာဝရ
ပေးခဲ့ကြတဲ့ အသက်တွေက
နေချင်သလိုနေ သေချင်သလိုသေ
ပေချင်သလိုပေဖို့မှ
မဟုတ်တာ..........။
ဂျူးကို(ဘူမိဗေဒ)
*******************************
ဖိုက်တာ
******
တုံးဘဲ တိုက်တိုက်
ကျားဘဲ ကိုက်ကိုက်
အမေ့နောက်ကို လိုက်မဲ့သူ.....။
ဂျူးကို
******************************
မှတ်စုများ
*********
လူတဲ့ စိတ်ဓါတ် ၊ စည်းကမ်း ၊ ပညာ
တခုမှလည်းမရှိပဲနဲ့.....................။
တ၀ီဝီပျံနေတဲ့ မကောင်းဆိုးဝါး
သတင်းတွေကြောင့် လေထုကြီးပါ ညစ်ညမ်းသွားပြီ.....။
စိတ်မပါရင် မလုပ်နဲ့ မင်းထက်တော်တဲ့
တက်တဲ့သူတွေ အများကြီးရှိတယ်ကွ.....။
သဒ္ဒါမတက်တဲ့ မြန်မာတွေ
စာမဖတ်ခဲ့ကြလို့ သမိုင်းမှန်တွေ ပျောက်ကုန်ပြီ.....။
သိတာပဲရေး...။ သိတာပဲပြော...။
သိတာပဲသင်နေကြတော့...
တဖြည်းဖြည်းနဲ့...မသိတာတွေများလာပြီ....။
ကိုယ့်တာဝန် ကိုယ်ယူ...
ကိုယ့်ထမင်း ကိုယ်စား...
ကိုယ့်အလုပ် ကိုယ်လုပ်...
ကိုယ့်သမိုင်း ကိုယ်ရေး...
မဆိုင်တာတွေ ၊ မလုပ်နဲ့ ၊ မပြောနဲ့ ၊ ဒါ...ဒီမိုကရေစီပဲ.....။
ကျောင်းတော်သား(Group).ပြည်မြို့
တင်ဆက်သူ..ပြည်သတင်းလူငယ်..
0 comments:
Post a Comment