Wednesday, June 4, 2014

ဗကသ ကျောင်းသား နှင့် သဲကုန်းလယ်သမားကို တရားခံပြေးအဖြစ် သတ်မှတ်

Leave a Comment
ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ်မှ လယ်သမားမခင်မာအေး နှင့် လယ်သမားအရေး ကူညီဆောင်ရွက်သူ ဗကသ ကျောင်းသား ကိုကောင်းထက်ကျော် တို့ကို သဲကုန်းတရားရုံးက တရားခံပြေးအဖြစ် သတ်မှတ်လိုက်ကြောင်း ၄င်းတို့၏ အကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။ "၀ရမ်းကို အတည်ပြုဖမ်းဆီးတဲ့ ရဲကနေရာအနှံ့ရှာလို့မတွေ့ဘူး။ ဖမ်းမမိတော့ဘူးလို့ အစစ်ခံတယ်။ ရုံးရှေ့မှာဘဲ တရားဝင်တရားခံပြေးအဖြစ် သတ်မှတ်လိုက်တယ်" ဟုတရားလွှတ်တော် ရှေ့နေဦးမြင့်အေးက ပြောသည်။

မေလ၁၄ရက်က ဆန္ဒဖော်ထုတ်ခြင်း ဆုတောင်းမေတ္တာပို့သခြင်းများပြုလုပ်သော သဲကုန်းလယ်သမား လေးဦးကို ပုဒ်မ၅၀၅(ခ)ဖြင့် ရဲတပ်ဖွဲ့ကချက်ချင်း ၀ရမ်းထုတ်ဖမ်းဆီးရာ ကိုမောင်ဝင်း နှင့် မညိုနှစ်ဦးကို ဖမ်းဆီးရမိပြီး ကိုကောင်းထက်ကျော် နှင့် မခင်မာအေးတို့မှာ လွတ်မြောက်သွားခဲ့သည်။ ဖမ်းဆီးစဉ်အခါက ကိုကောင်းထက်ကျော်တွင်နဖူးကွဲဒဏ်ရာ မခင်မာအေးတွင် ဘယ်ဘက် လက်သကြွယ် အရင်းပိုင်းပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာဒဏ်ချက်များရရှိခဲ့သဖြင့် အမှုမရင်ဆိုင်နိုင်သေးကြောင်း လယ်သမားများကပြောသည်။ ဇွန်၃ရက်နေ့ တရားရုံးချိန်းတွင် (ဖမ်းဝရမ်းကိုအတည်ပြုဖမ်းဆီးရသူအရာရှိ)ဒုရဲအုပ် ၊ နယ်ထိန်း နှင့် အောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး တို့ လာရောက်ထွက်ဆိုချက်ပေးပြီး တရားခံဖမ်းမမိသည့်အတွက် ၀ရမ်းပြန်လည်အပ်နှံခဲ့သည်။ ထိုသို့ဖမ်းဝရမ်းပြန်အပ်သည့်အတွက် တရားသူကြီးက တရားခံပြေးအဖြစ် သတ်မှတ်လိုက်ပြီး လာမည့် ဇွန်လ၁၇ရက် ရုံးချိန်းတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ တရားခံပြေးအဖြစ် ကြေငြာမည်ဟုလည်း တရားလွှတ်တော်ရှေ့နေဦးမြင့်အေး ကပြောသည်။

တရားခံပြေး သတ်မှတ်လိုက်သဖြင့် တရားရုံးတော်ကအမှုကို မခင်မာအေး နှင့် ကိုကောင်းထက်ကျော် တို့၏ မျက်ကွယ်တွင် ဆက်လက်စစ်ဆေးအမိန့်ချသွားမည် ဟုလည်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။ သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ(၁၁၅၉.၅၅)ဧကကို ၂၀၀၁ခုနှစ်တွင် စစ်တပ်က သိမ်းယူခဲ့ပြီး အမှတ် (၃) လက်ကားသမ၀ါယမအသင်း လိမိတက်အမည်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးက ငါးကန်လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။ ယင်းလယ်များ ပြန်လည်ရရှိရေးအတွက် တောင်သူများက သပိတ်စခန်းဖွင့်ခြင်း ကျိန်စာတိုက်ပွဲပြုလုပ်ခြင်း အခေါင်းမီးရှို့ပွဲပြုလုပ်ခြင်း ဆန္ဒပြဆုတောင်းပွဲပြုလုပ်ခြင်း များပြုလုပ်ခဲ့ပြီး ပုဒ်မ(၁၈)ဖြင့်လေးဦး ၊ကျိန်စာတိုက်မှု ပုဒ်မ၅၀၅(ခ)ဖြင့်ငါးဦး ၊ ဆုတောင်းဆန္ဒပြမှု ပုဒ်မ၅၀၅(ခ)ဖြင့် လေးဦး တရားဆွဲဆိုခံရသည်။ ကိုပေါက်စ ၊ ဒေါ်ညို ၊ ကိုမောင်ဝင်း စသည့်လယ်သမားသုံးဦးကို ပေါင်းတည်ထောင်တွင် ဖမ်းဆီးထားပြီး ကိုကောင်းထက်ကျော် နှင့်မခင်မာအေးမှာ အမှုမရင်ဆိုင်နိုင်သေးပါ။

0 comments:

Post a Comment

Facebook Like Page