Monday, June 30, 2014

လမြတ်​ဝါဆို ဝါဆိုသင်္ကန်းဖြစ်​​ပေါ်လာပုံ နှင့်​ အကျိုး​ကျေးဇူး ပြည်​သတင်းလူငယ်​(ပြည်​သတင်း)

Leave a Comment
သန္ဓေ တောထွက် ဓမ္မစက် ပုန်းညှက်သင်းချို လ၀ါဆို ဟူသည်နှင့်အညီ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ သာသနာတော်နှစ် ၂၅၅၇၊ ခရစ်နှစ်၂၀၁၄ခုနှစ် ဇူလိုင်လ ၁၁ - ရက်နေ့သည် ဝါဆိုလပြည့်နေ့ဖြစ်ပါသည်။ ၄င်း ၀ါဆိုလပြည့်နေ့တွင် ၀ါဆိုဝါကပ်ကြမည့် သံဃာတော် အရှင်သူမြတ်တို့အား ၀ါဆိုသင်္ကန်းများဖြင့် ဆက်ကပ်လှူဒါန်းကြပါသည်။ ထို့ကြောင့် ၀ါဆိုသင်္ကန်းဖြစ်ပေါ်လာပုံနှင့် အကျိုးကျေးဇူးများကို အနည်းငယ်မျှ ဖော်ပြပေးပါမည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းဆိုတဲ့ ၀ါဆိုသင်္ကန်းအလှူ (၀ဿိကသာဋိက) ၀ဿဝါသိက စီဝရဒါန မိုးရေခံသင်္ကန်း အလှူဒါနသည် အားလုံးသိနေကြသည့် ၇ နှစ်အရွယ်နဲ့ သောတာပန်တည်တဲ့ ပုဗ္ဗာရုံကျောင်း ကျောင်းအမကြီး ၀ိသာခါ၏ ကျေးဇူးကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။
ဝိသာခါကျောင်းအမကြီးသည် သူဆောက်လုပ် လှူဒါန်းထားသည့် ပုဗ္ဗာရုံကျောင်းကို တစ်နေ့နှစ်ကြိမ် အနည်းဆုံး သွားရောက်လေ့ရှိသည်။ ကျောင်းသွားရင်လည်း လက်ဗလာချည်း သွားလေ့သွားထ မရှိပဲ၊ မနက်ပိုင်းသွားရင် မနက်အတွက် ရဟန်းသာမဏေများ ဘုဉ်းပေးနိုင်တဲ့ အစားအစာများ၊ ညနေပိုင်းသွားရင်လဲ ညနေပိုင်းအတွက် အဖျော်ရည်များ ယူဆောင်သွားလေ့ရှိသည်။ စာထဲမှာတော့ ကျောင်းအမကြီးလာရင် ကိုရင်ငယ်လေးတွေက ကျောင်းအမကြီး လက်ထဲ ဘာပါလဲဆိုတာ ကြည့်နေကြသည်ဟု ဆိုပါသည်။

တစ်နေ့သော ၀ါဆိုကာလ အခါသမယမှာ ၀ိသာခါကျောင်းအမကြီးသည် အနာထပိဏ်သူဌေး၏ အရာမ်ဖြစ်သော ဇေတ၀န်ကျောင်းသို့ သွားပြီး ဘုရားအမှူးရှိသော သံဃာတော်များကို အိမ်သို့ ဆွမ်းဘုဉ်ပေးးကြွဖို့ ပင့်ဖိတ်လျှောက်ခဲ့သည်။

နောက်တစ်နေ့မနက် အရုဏ်ကျင်းလို့ မိုးလင်းချိန်ရောက်တော့ ကျွန်းကြီးလေးကျွန်းလုံး မိုးအကြီးအကျယ် ရွာသွန်းချလေတော့၏။ ဤမိုးကြီးသည် လေးကျွန်းအနှံ့ရွာသည့် နောက်ဆုံးမိုးဖြစ်၍ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက တပည့်ရဟန်းသံဃာတို့အား မိုးရေချိုးရန် ခွင့်ပြုလိုက်လေ၏။

ကျောင်းအမကြီး ၀ိသာခါသည် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းချိန် ရောက်သည်ရှိသော် တပည့်မ တစ်ယောက်ကို ဇေတ၀န်ကျောင်းသို့ စေလွတ်ပြီး မြတ်စွာဘုရားအမှူးရှိသော ရဟန်းတော်များကို ပင့်လျှောက်ခိုင်းလိုက်သည့်အခါ ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် သင်္ကန်း (ရေသနုပ်) မပါဘဲ အ၀တ်သင်္ကန်းဗလာနဲ့ ရေချိုးနေကြသည့် ရဟန်းသံဃာများကိုတွေ့ပြီး ရဟန်းမဟုတ် အာဇီဝက တက္ကဒွန်းတွေ ဖြစ်လိမ့်မည် ဟု မှတ်ထင်ကာ အိမ်သို့ လှည့်ပြန် သွားခဲ့လေ၏။

ဝိသာခါ ကျောင်းအမကြီးအား "ပုဗ္ဗာရုံကျောင်းတော်မှာ ရဟန်းတစ်ပါးမှ မတွေ့ဘူး အ၀တ်ဗလာနဲ့ ရေချိုးနေကြတဲ့ အာဇီဝက တက္ကဒွန်းတွေပဲ တွေ့ခဲ့တယ်" ဆိုပြီး ပြန်ပြောလေ၏။ အသိအလိမ္မာဥာဏ်ပညာရှိသူ ကျောင်းအမကြီး ၀ိသာခါ စဉ်းစားမိလိုက်သည်မှာ မိုးရွာတုန်း ရဟန်းသံဃာတွေ ရေချိုးနေတာဖြစ်မည်ဟု မှတ်ထင်ပြီး၊ နောက်တစ်ကြိမ် ကျောင်းသို့ သွားပင့်ခိုင်းပြန်သော်လည်း ရဟန်းတော်များသည် ရေချိုးပြီး၍ ကျောင်းဆောင်ထဲ ၀င်ရောက်ကာ သီတင်းသုံးနေကြသည့်အတွက် ဇေတ၀န်တစ်ကျောင်းလုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။

ဒီတစ်ကြိမ်မှာလည်း ၀ိသာခါ ကျောင်းအမကြီး၏ တပည့်မသည် ကျောင်းမှာ ရဟန်းတစ်ပါးမှ မရှိဘူးဟု မှတ်ထင်ကာ ပြန်သွားပြန်လေ၏။ ၀ိသာခါ ကျောင်းအမ စဉ်းစားမိသည်က ရဟန်းသံဃာတွေ ရေမိုးချိုးပြီး ခန္ဒာကိုယ် ခြောက်သွေ့အောင် ကျောင်းဆောင်ထဲမှာ သီတင်းသုံးနေကြတာဖြစ်မည်ဟု တွေးတောဆင်ခြင်၍ တပည့်မကို နောက်တစ်ကြိမ် ပြန်သွားပင့်ချေအုံးဆိုပြီး ထပ်လွှတ်လိုက်လေသည်။ တပည့်မသည် ရေမိုးချိုးပြီး သင်္ကန်းကိုယ်စီ ၀တ်ရုံကာ တရားဘာဝနာ ပွားများအားထုတ်နေကြသော ရဟန်းတော်များကိုတွေ့ပြီး ဆွမ်းဘုဉ်းပေးကြွရန် အချိန်တန်ပြီ ဖြစ်ကြောင်း လျှောက်ကြားလေသည်။ မြတ်စွာဘုရားရှင်သည် ရဟန်းတော်များကို သမဏသာရုပ္ပညီစွာ သင်္ကန်းဝတ်ရုံစေပြီး သပိတ်သင်္ကန်းကိုယူကာ မြတ်စွာဘုရားရှင်၏ တန်ခိုးတော်ဖြင့်ပင် ၀ိသာခါကျောင်းအမ၏ အိမ်ပေါက် အရောက် ဆွမ်းဘုဉ်းပေးရန် ကြွရောက်သွားကြလေ၏။

ဝိသာခါကျောင်းအမကြီးသည်လည်း မိုးအကြီးအကျယ် ရွာသွန်းထား၍ လမ်းတစ်လျှောက်လုံး ခါးလောက် မြုပ်နိုင်လောက်သည့် ရေများဖြင့် ပြည့်နက်နေပါသော်လည်း ဘုရားရှင်နှင့် ရဟန်းသံဃာအားလုံး၏ သင်္ကန်းများ ရေမစိုသည့်အပြင် ခြေမျက်စိလေးကိုမျှ ရေမစိုသည်ကို တွေ့ရ၍ အံ့သြလျက် ရွှင်လန်းဝမ်းမြောက်သောစိတ် ရှိသည်ဖြစ်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာများကို မွန်မြတ်လှစွာသော ဆွမ်း ခဲဖွယ် ဘောဇဉ် ချိုချဉ် အရသာ အဖြာဖြာတို့ဖြင့် အားပါးတရ ဆက်ကပ်လှူဒါန်းလေ၏။

မြတ်စွာဘုရားနှင့်ရဟန်းသံဃာများကို ဆွမ်းကပ်ပြီး ဆွမ်းအနုမောဒနာတရား ဟောကြားစဉ် ၀ိသာခါကျောင်းအမကြီးသည် မြတ်စွာဘုရားရှင်ထံမှ ဆု ၈ မျိုးကို တောင်းလေသော် မြတ်စွာဘုရားရှင်ကလည်း ခွင့်ပြုတော်မူလေသည်။

အဘယ် ဆု ၈ မျိုးနည်း ဟူမူ -
(၁) သံဃာတော်များအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း ၀ါဆိုသင်္ကန်းလှူခွင့်
(၂) ကျောင်းသို့ ရောက်လာကြသော ဧည့်သည် အာဂန္တု ရဟန်းတော်များအား အမြဲဆွမ်းကပ်လှူခွင့်
(၃) ခရီးသွား ရဟန်းတော်များအား အမြဲဆွမ်းကပ်လှူခွင့်
(၄) ဖျားနာနေသော ရဟန်းတို့အား အမြဲဆွမ်းကပ်လှူခွင့်
(၅) ဖျားနာနေသော ရဟန်းတို့ကို ပြုစုလုပ်ကျွေးနေသော ရဟန်းတို့အား အမြဲဆွမ်းကပ်လှူခွင့်
(၆) ဖျားနာနေသော ရဟန်းတို့အား အမြဲဆေးပစ္စည်းများ ကပ်လှူခွင့်
(၇) အမြဲမပြတ် ဆန်ပြုတ် - ယာဂုဆွမ်းကပ်လှူခွင့်
(၈) ရဟန်းမ - ဘိက္ခုနီမတို့အား အသက်ထက်ဆုံး ရေသနုပ်လှူရန် တို့ဖြစ်၏။

ဆု ၈ မျိုး တောင်းခြင်းအကြောင်း -
၁၊ အ၀တ်မဆီး အချည်းနှီး နေလျှင်/ရေချိုးလျှင် မစင်ကြယ် စက်ဆုပ်ဖွယ် ရွံရှာဖွယ်ဖြစ်ခြင်း၊
၂၊ ဧည့်သည် အာဂန္တုရဟန်းသည် လမ်းမကျွမ်းသဖြင့် ဆွမ်းခံလို့ ရမည့်အိမ်ကို မသိသဖြင့် ဆွမ်းခက်ခဲခြင်း၊
၃၊ ခရီးသွားရဟန်းသည် မိမိဆွမ်းကို ရှာဖွေနေရသဖြင့် သွားရေးလာရေး ခရီးဖင့်နေ ခရီးနောက်နှေးခြင်း၊
၎၊ ဖျားနာနေသော ရဟန်းသည် ရောဂါနှင့်သင့်သော ဘောဇဉ်ကို မရသဖြင့် အနာရောဂါတိုးပွား၍ သေဆုံးခြင်း၊
၅၊ ဖျားနာနေသောရဟန်းကို ပြုစုလုပ်ကျွေးသောရဟန်းသည် ၄င်းအတွက် ဆွမ်းကို ရှာဖွေနေရသောကြောင့် ဖျားနာနေသောရဟန်း ဆွမ်းငတ်နိုင်ခြင်း၊
၆၊ ဖျားနာနေသော ရဟန်းသည် လျောက်ပတ်သည့်ဆေးကို မရသည်ရှိသော် ရောဂါ တိုးပွားပြီး သေခြင်း၊
၇၊ ယာဂု - ဆန်ပြုတ်အကျိုး ဆယ်ပါးကို သိခြင်း၊
၈၊ ဘိက္ခုနီမတို့သည် အစီရ၀တီမြစ်တွင် ပြည့်တန်ဆာမတို့နှင့်အတူ ရေချိုးနေစဉ် ပြည့်တန်ဆာမများက စကြ နောက်ကြခြင်း၊ စသည့် အကြောင်းတရား ၈ ပါးကြောင့် ဆု ၈ မျိုးကို တောင်းပါသည်။

မြတ်စွာဘုရားရှင်သည် ကျောင်းအမကြီး ၀ိသာခါအား အခြားအကြောင်း ရှိသေးသလောဟု မေးသည်ရှိသော် " ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ ၀ါလကင်းလွတ် သီတင်းကျွတ်သည်ရှိသော် မြတ်စွာဘုရားရှင်အား ဖူးမြှော်ရန်လာကြကုန်သော ရဟန်းတော်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ 'အရှင်ဘုရား ဤမည်သောရဟန်းသည် သေပါပြီ၊ ထိုရဟန်း၏ လားရာဂတိကား အဘယ်ပါနည်း၊ အကျွတ်တရား ရသွားပါရဲ့လားဘုရား' ဟု မေးလျှောက်သော် မြတ်စွာဘုရားရှင်က ကွယ်လွန်ခဲ့သောရဟန်းသည် သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်သို့ ရောက်၏ဟု ဖြေကြားပါလိမ့်မည်။

အကယ်၍ ထိုရဟန်းသည် သာဝတ္ထိပြည်သို့ ကြွရောက်ဖူးပါက တပည့်တော်မ လှူဒါန်းသည့် မိုးရေခံသင်္ကန်း-၀ါဆိုသင်္ကန်း၊ ဆွမ်း၊ ဆေး၊ ဆန်ပြုတ်-ယာဂုတို့ကို သုံးဆောင်ဖူးမည်ဖြစ်၍ ဘုရားတပည့်တော်မအား ၀မ်းမြောက်ခြင်း၊ နှစ်သက်ခြင်း၊ ငြိမ်အေးခြင်း၊ ချမ်းသာခြင်း၊ တည်ကြည်ခြင်း၊ ဣနြေ္ဒကိုပွားခြင်း၊ ဗိုလ်ကိုပွားစေခြင်း၊ ဗောဇ္ဈင်ကို ပွားစေခြင်းစသည့် အကျိုးတရားများကို ရရှိပါလိမ့်မည် " ဟု လျှောက်ကြားလေသည်။ မြတ်စွာဘုရားရှင်သည် ဤကဲ့သို့သော အကျိုးကျေးဇူးများကြောင့် ၀ိသာခါကျောင်းအမကြီးတောင်းသော ဆု ၈ မျိုးကို ခွင့်ပြုခဲ့ခြင်းဖြစ်ပေသည်။ ၀ိသာခါကျောင်းအမကြီး၏ ကျေးဇူးကြောင့် မိုးရေခံသင်္ကန်း - ၀ါဆိုသင်္ကန်း ပေါ်ပေါက်လာ၍ ရဟန်းတော်များ ၀တ်ရုံသုံးဆောင်ခွင့်ရပြီး ဗုဒ္ဓဘာသာဝင်များက ၀ါဆိုလပြည့်နေ့မှာ ရဟန်းသံဃာများကို ၀ါဆိုသင်္ကန်းတို့ဖြင့် ဆက်ကပ်လှူဒါန်းကြခြင်း ဖြစ်ပေသည်။

ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းကြောင့် ရဟန်းတော်များ သင်္ကန်းအတွက် မပူပင်ရခြင်း၊ ပရိယတ် ပဋိပတ် စသည့် ရဟန်းအလုပ်ကို ချမ်းချမ်းသာသာ လုပ်နိုင်ခြင်း၊ အရှက်ကို ကာကွယ်ခြင်း၊ အချမ်း အပူ လေ နေစတဲ့ ရာသီဥတုဒဏ်မှ ကာကွယ်ခြင်း၊ မှက်, ခြင်, ယင်, ပိုးမွှားစသော အန္တရာယ်တို့မှ ကာကွယ်နိုင်ခြင်း စသည့်အကျိုးတရားများ ရရှိပါသည်။ သင်္ကန်းအလှူရှင်တွေအတွက် ရရှိမည့် အကျိုးများကား -

သုဝဏ္ဏ၀ဏ္ဏော ၀ိရဇော၊ သပ္ပဘာသော ပတာတ၀ါ၊
သိနိဋ္ဌံ ဟောတိ မေ ဂတ္တံ၊ ဘဝေ သံသရတော မမ။

ဒုဿသတသဟဿာနိ၊ သေတာ ပီတာ စ လောဟိတာ၊
ဓာရေန္တိ မတ္ထကေ မယှံ၊ ဒုဿ ဒါနဿိဒံ ဖလံ။

သင်္ကန်းလှူရကျိုး ၈ မျိုး
=======
ရွှေရောင် အဆင်း၊ မြူကင်း စင်ကြယ်၊
သားရေ ၀င်းဖန့်၊ နူးညံ့လှတယ်၊
နီ ညို ဖြူ ၀င်း၊ ၀တ်ခင်း ပေါကြွယ်၊
လှူသင်္ကန်း ၈ ခန်းအကျိုးသွယ်။

သင်္ကန်းလှူခြင်းကြောင့် အသားရေသည် ရွှေအဆင်းကဲ့သို့ လှပခြင်း၊ ချေး မြူအညစ်အကြေး ကင်းစင်ခြင်း၊ အသားအရေ ၀င်းဖန့်စိုပြေခြင်း၊ အသားရေ နူးညံ့လှပခြင်း၊ အနီရောင် အ၀တ်အထည်တွေ၊ အညိုရောင် အ၀တ်အထည်တွေ၊ အဖြူရောင် အ၀တ်အထည်တွေ၊ ၀ါဝါ၀င်းဝင်း တောက်ပတဲ့ အဆင်းရှိတဲ့ အ၀တ်အထည်တွေရရှိခြင်း အစရှိသည့် အကျိုးများကို ရရှိပါသည်။

ဆောင် -
မဟာလတာ မြတ်တန်ဆာ ကိုးရာ သိန်းထိုက်သား၊
သင်္ကန်းလှူလတ် မိန်းမမြတ်၊ ဆုံးသတ် ကျိုးတရား၊
ဧဟိ ဘိက္ခု ရဟန်းပြု ဆုံးဆု မြတ်ယောကျာ်း။
အမျိုသမီးများ သင်္ကန်းလှူခြင်းကြောင့် သီးသန့် ရရှိသည့် အကျိုးတရားကတော့ ၀ိသာခါကျောင်းအမကြီး - ဗန္ဒုလစစ်သူကြီး၏ဇနီး မလ္လိကာတို့ ၀တ်ဆင်ခွင့်ရသည့် စိန်ရွှေရတနာပေါင်းစုံ စီခြယ်ထားသည့် ကိုးကုဋေတန်သည့် မဟာလတာ မြတ်တန်ဆာကြီးကို ၀တ်ဆင်ခွင့် ရရှိပါမည်။

အမျိုးသားများ သင်္ကန်းလှူဒါန်းခြင်းကြောင့် ကံကောင်းထောက်မစွာ မြတ်စွာဘုရားရှင်နှင့်တွေ့၍ တရားတော်များ နားကြားရသည့်အခါ ဘုရားရှင်က ‘‘ဧဟိ ဘိက္ခု" ရဟန်း လာလော့ ဟု ခေါ်လိုက်ရုံနဲ့ အလိုအလျောက် ၀ါတော် ၆၀ ရ မထေရ်ကြီးကဲ့သို့ သပ္ပါယ်တင့်တယ်စွာ သိမ်တွေ ကမ္မ၀ါတွေ ရွတ်ဖတ်ပေးစရာမလိုဘဲ သင်္ကန်းသပိတ် ရှာစရာ မလိုဘဲ ဧဟိဘိက္ခုရဟန်း ဖြစ်ခွင့်ရပါမည်။

မဟာဝဂ်ပါဠိတော် - ၀ိသာခါဝတ္ထုမှကောက်နုတ်သည်။

လေးစားစွာဖြင့် ... အလင်္ကာ သီဟကျော်စွာ







ပြည်​သတင်းလူငယ်​(ပြည်​သတင်း) ​ဖော်​ပြသည်​။

0 comments:

Post a Comment

Facebook Like Page