Monday, December 9, 2013

အချုပ်ခန်းတွင်း သေဆုံးခဲ့ရမှု ပြန်လည် စစ်ဆေးရန် တိုင်းတရားလွှတ်တော် အမိန့်ချ

1 comment
ပန်းတောင်းမြို့နယ် စံပြရဲတပ်ဖွဲ့စခန်း အချုပ်ခန်းတွင် ချုပ်နှောင်ထားစဉ် ဒဏ်ရာများနှင့် သေဆုံးခဲ့သည့် ဦးသန်းထွန်း၏ သေမှုသေခင်း ဖြစ်စဉ် အတွက် မြို့နယ်တရားရုံးက ချမှတ်ခဲ့သည့် အမိန့်ကို ပယ်ဖျက်၍ ပြန်လည် စစ်ဆေးရန် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က အမိန့်ချမှတ်ခဲ့ကြောင်း သေဆုံးသူ ဦးသန်းထွန်း၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ် ပြစ်မှုသေးအမှတ် (၂၇) အရ သေဆုံးခဲ့သူ ဦးသန်းထွန်း၏ အမှုကို ဇူလိုင်လ ၁၂ ရက်နေ့က ပန်းတောင်းမြို့နယ် တရားရုံးက ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု အမိန့်ချမှတ် ခဲ့သည်ကို ပြင်ဆင်မှု တက်ခဲ့ပြီး နောက်တွင် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က မူလတရားရုံး အမိန့်ကို အောက်တိုဘာလ ၇ ရက်နေ့က ပယ်ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူဘက်မှ လိုက်လံ ဆောင်ရွက်ပေးသူ တရားလွှတ်တော် ရှေ့နေက ပြောကြားသည်။

သေဆုံးခဲ့ရသူသည် တစ်ဦးတစ်ယောက်၏ ပယောဂမပါဘဲ မိမိကိုယ်ကိုယ် အနာတရ ဖြစ်အောင် ကြံစည် လုပ်ဆောင်ရာမှ ခန္ဓာကိုယ် ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်ရာ ဓမ္မတာသဘောအရ သေနေ့စေ့၍ သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ပန်းတောင်း တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းမှာ မှန်ကန်သည်ဟု မဆိုနိုင်ကြောင်း၊ သေဆုံးသူ တရားခံ ဦးသန်းထွန်းသည် အခြားသူ၏ ပယောဂမပါဘဲ သေဆုံးသည်ဟု ဆိုနိုင်ရန် ခဲယဉ်းကြောင်း ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်၏ စီရင်ချက်တွင် ဖော်ပြထားသည်။

“တိုင်းက အမိန့်ကို ပယ်ဖျက်လိုက်တဲ့အတွက် ပန်းတောင်း တရားရုံးက ဒီသေမှုသေခင်း အမှုကို အမှုမှန် ပေါ်ပေါက်ရေးအတွက် ဥပဒေအရ ဆက်လက် ဆောင်ရွက်ရမယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ဆိုသည်။

ဦးသန်းထွန်း ချုပ်နှောင်ခံခဲ့ရသော ပန်းတောင်း စံပြရဲစခန်မှူး ရဲအုပ်ဆန်းလင်းက သေဆုံးခဲ့သူမှာ အရက်ကြောင်ကြောင်ကာ ကိုယ့်ကိုယ်ကိုယ် အန္တရာယ် ဖြစ်အောင် ပြုလုပ်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်တရားရုံး၌ အစစ်ခံခဲ့သည်။

ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဒန့်ဒလွန်အုပ်စု ကြာအင်း ကွက်သစ်နေ ဦးသန်းထွန်းသည် တစ်ရွာတည်းနေ ဦးနီနှင့် ခိုက်ရန် ဖြစ်ခဲ့သောကြောင့် ပန်းတောင်းမြို့၊ စံပြရဲတပ်ဖွဲ့စခန်း ၂၀၁၃ခုနှစ် မေလ ၂၃ ရက်နေ့က ပုဒ်မ-၃၂၆ ဖြင့် ချုပ်နှောင် စစ်ဆေးခံနေရစဉ် လေးရက်အကြာတွင် ဖူးရောင်ညိုမည်း နံရိုးကျိုး ဒဏ်ရာများဖြင့် သေဆုံး ခဲ့၍ သေမှုသေခင်းနှင့် ပြစ်မှုသေး အမှတ် ၂၇/၂၀၁၃ ဖြင့် အရေးယူထားသော အမှုဖြစ်သည်။

The Voice

1 comment:

  1. အိမ်ခန်းအပိုင်ရှိပြီး နေမရတဲ့ဘဝ အိမ်ခန်းငှားနေတဲ့ မိသားစုက စာချုပ်ပြည့်တော့ မဖယ်ပေးပဲ ရှေ့နေ လာဒ်ထိုးပြီး တရားရင်ဆိုင်အချိန်ကျန့်ကြာနေတယ် ကူညီပေးပါအုန်း သတင်းမီဒီယာ

    ReplyDelete

Facebook Like Page