Wednesday, August 28, 2013

လွှတ်တော်အမတ်၏စွပ်ဆွဲပြောစကားအားမကျေနပ်၍ဒေသခံများရှုတ်ချဆန္ဒဖော်ထုတ်

Leave a Comment




          ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပေါင်းတည်မြို့နယ် တွင် သြဂုတ်လ(၂၈)ရက် မနက်(၈း၃၀)အချိန်ခန့်၌ ဈေး(၂)ရပ်ကွက် မင်းလက်ယာ မင်းလက်ဝဲ စေတီအရှေ့ဘက် ဘုရားကြီးလမ်းထိပ် တွင်
ဒေသခံပြည်သူအင်အား(၁၅၀)ကျော် ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသတင်းရရှိသည်။
          "ဒေါက်တာမြဦးက ပေါင်းတည်ကုသိုလ်ဖြစ်ဆေးခန်းရဲ့နောက်မှာ အရောင်အသွေးတွေရှိနေတယ်။ ပါတီ နဲ့နိုင်ငံခြားက ကူညီထောက်ပံ့မှု့တွေရနေတယ်။ ဆေးရုံကြီးကိုလည်း ဒီအဖွဲ့က ငွေအားနဲ့ဖိအားပေးနေတယ်လို့
(၂၀)ရက်နေ့အစည်းအဝေးမှာ ပြောခဲ့တာကို ပြည်သူလူထုက မကျေနပ်လို့ အခုလိုဆန္ဒဖော်ထုတ်ကြတာပါ။ ဆန္ဒဖော်ထုတ်ဖို့ (၂၃)ရက်နေ့က မြို့နယ်ကိုစာတင်တယ်။ (၂၆)ရက်နေ့မှာ ၀ိတ်ရှိတဲ့သူတွေကိုကြောက်တာနဲ့၊
စွယ်တော်ပွဲကနီးနေပြီတို့၊ပုဂ္ဂိုလ်ရေးကိုထိခိုက်နိုင်တယ်ဆိုတဲ့ မရေမရာစကားတွေနဲ့ မြို့နယ်ရဲမှုးက ခွင့်ပြုမိန့်မပေးခဲ့ပါဘူး။ပြည်သူတွေအကျိုးအတွက် ဆောင်ရွက်မပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ရပ်နားပေးဖို့ တောင်းဆိုဆန္ဒ‘ပြတာပါဟု"
ဒေသခံပြည်သူ ကိုမိုးလှိုင်က ပြောဆိုခဲ့သည်။
                သြဂုတ်လ(၂၀)ရက်နေ့၌ န၀ရတ်ခန်းမတွင် ပြုလုပ်ကျင်းပသော အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြဦး မှ ပေါင်းတည်ကုသိုလ်ဖြစ်ဆေးခန်းအဖွဲ့အစည်းတွင် အရောင်အသွေးများပါရှိနေကြောင်း
ပါတီအဖွဲ့အစည်း နှင့် နိုင်ငံရပ်ခြားမှ ငွေကြေးအကူအညီရယူနေကြောင်း ဆေးရုံကြီးအား ကုသိုလ်ဖြစ်ဆေးခန်းအဖွဲ့မှ ငွေအားဖြင့်ဖိနေပါကြောင်း ပြောဆိုခဲ့သည်ဟု အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဦးလူမြင့် နှင့် ဦးကံမြင့်တို့
ထံမှ သိရှိရသည်။
  "ကုသိုလ်ဖြစ်ဆေးခန်းကို မြို့ခံပြည်သူလူထုရဲ့ ထောက်ပံ့လှုဒါန်းငွေနဲ့ မတည်ပြီး လုပ်ခဲ့တာပါ။ ဆေးရုံဆေးခန်းသွားဖို့ ပိုက်ဆံမတတ်နိုင်တဲ့ မရှိဆင်းရဲသားတွေကို အခကြေးငွေမယူဘဲနဲ့ ကုသပေးနေတာပါ။ ဆေးခန်းရဲ့
(၁)ရက်လက်ရှိကုန်ကျစရိတ်က ရေရှည်မှာမလည်ပတ်နိုင်မှာဆိုးလို့ ရပ်ကွက်မှာ အလှုခံရတာတော့ရှိပါတယ်။  ဆေးခန်းဆောက်ဖို့အတွက် မော်တော်ယာဉ်ဟောင်းနေရာကိုလည်း ပြန်မပေးသေးဘူး။ မဲဆွယ်တုန်းကတော့ ပြည်သူ
တွေရဲ့ စားဝတ်နေရေး၊ကျန်းမာရေး၊ပညာရေးအတွက် အစွမ်းကုန်ဆောင်ရွက်ပါ့မယ်လို့ ပြောခဲ့တဲ့ ဦးမြဦးက အခုစွပ်ဆွဲပြောဆိုခဲ့တဲ့ စကားနဲ့က တလွဲစီဖြစ်နေတယ်။ ဒါကို လုံးဝမကျေနပ်ပါဘူး။ ဆေးခန်းကိုလည်း အရောင်အသွေး
ပါတယ် ဆေးရုံကိုလည်း ဖိအားပေးတယ်ဆိုတဲ့ စကားမျိုးက ကျုပ်တို့ဒေသခံတွေကို ခွေးလုံးလုံးဖြစ်ရောပေါ့ဗျာ ဟု" မြို့ခံပြည်သူ ဦးအေးလွင် ကပြောဆိုခဲ့သည်။
          ဆန္ဒပြပွဲတွင် ရဲအုပ်မျိုးဝင်းမှ "ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် အမိန့်မရရှိပဲ တရားမ၀င် လူစုခြင်း၊ ကြွေးကြော်ခြင်း၊စီတန်းလှည့်လည်ခြင်း၊မပြုလုပ်ရန် နှင့် လူစုခွဲပေးပါရန် ၊ လူစုခွဲရန် ပျက်ကွက်ပါက တရား ဥပဒေ နှင့် အညီ
အရေးယူဆောင်ရွက်သွားမည်ဟု" ပြောဆိုခဲ့ကြောင်းသိရသည်။
          အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ဆေးရုံပြုပြင်ပေးရေး ၊ မော်တော်ယာဉ်ရုံးအားမှုလပိုင်ရှင်ထံပြန်ပေးရေး ၊ လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူ့ဆန္ဒရှေးရှု့ရေး ၊ ပြည်သူ့ဆေးရုံ ဒို့ဆေးရုံ ၊ အသင်းအဖွဲ့စော်ကားသူ အလိုမရှိ ဟူသော
ကြွေးကြော်သံများ နှင့် ၄င်းစာသားများပါရှိသော ဗီနိုင်းပိုစတာအချပ်ပေါင်း (၄၀)ကျော်တို့အား ဒေသခံပြည်သူလူထုမှ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ရာ နံနက်(၉း၃၀)အချိန်ခန့်၌ ပြီးဆုံးခဲ့ပြီး အဆိုပါဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့်တောင်းခဲ့သော်လည်း
 ခွင့်ပြုမိန့်မရရှိခဲ့ကြောင်း ယခုအချိန်ထိ သက်ဆိုင်ရာ ရဲစခန်း မှ အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း ဒေသခံပြည်သူများဖြစ်ကြသော ဦးအေးလွင် နှင့် ဦးမိုးလှိုင် တို့မှပြည်သတင်း သို့  ပြောကြားခဲ့သည်။..ပြည်သတင်း....
  
                                                                                                                                                                                                              

0 comments:

Post a Comment

Facebook Like Page