Wednesday, September 14, 2016

အမည်မသိအမျိုးသားတစ်ဦးရေတွင်းထဲတွင်သေဆုံးနေ သေဆုံးသူနှင့်ပတ်သက်သည့်အချက်အလက်များမသိရသေး

Leave a Comment



အမည်မသိအမျိုးသားတစ်ဦးရေတွင်းထဲတွင်သေဆုံးနေ သေဆုံးသူနှင့်ပတ်သက်သည့်အချက်အလက်များမသိရသေး

ပြည်၊စက်တင်ဘာ(၁၂)

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ဆင်စုနယ်မြေ၊လိုင်ဂတ်လမ်းရှိ ဆင်စုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနောက်ကပ်လျှက်ရှိ အများပြည်သူသုံးရေတွင်းထဲတွင် စက်တင်ဘာ(၁၂)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် ယင်းရေတွင်းထဲ၌ ပုတ်ပွအနံ့များထွက်နေသည့် အမျိုးသားတစ်ဦးလူသေအလောင်းတွေ့ရှိခဲ့ကြောင်းသိရသည်။

“မနေ့ကထဲက ရေချိုးတဲ့သူတွေရေတွေနံနေလို့ဘယ်သူမှရေတွေသုံးမရဘူး။ဒီနေ့မနက်အ၀တ်လျှော်ဖို့ ရေခပ်တဲ့အချိန် ရေတွင်းထဲကအနံ့တွေအရမ်းထွက်နေပြီး လူသေအလောင်ကြီးပေါ်နေတာတွေ့လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့တခြားအနီးအနားလူတွေကို အော်ပြီးပြောခဲ့တာ။ဘယ်ကဘယ်လိုဖြစ်တယ်ဆိုတာတော့မသိဘူး။ဘယ်သူသေတာလည်းဆိုတာလည်းမသိဘူး။ဒီရပ်ကွက်မှာလည်း လူပျောက်သွားတယ်ဆိုတဲ့သတင်းတော့မကြားမိသေးပါဘူး။”ဟု ဆင်စုရပ်ကွက်နေထိုင်သူ မချိုချိုထွန်း ကပြောသည်။

အဆိုပါရေတွင်းထဲ၌ လူသေအလောင်းအား မီးသတ်တပ်ဖွဲ့များမှဆယ်ယူခဲ့ကြပြီး ယင်းနေရာသို့ ရပ်မိရပ်ဖများ၊သက်ဆိုင်ရာရဲဌာနများ၊မီးသတ်တပ်ဖွဲ့များ၊ကြက်ခြေနီတပ်ဖွဲ့ နှင့် ခေတ္တရာလူငယ်သာရေးနာရေးအသင်းတို့မှ လာရောက်ကူညီကယ်ဆယ်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

“ဆင်စုရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကနေတဆင့် တာဝန်မှူးတွေဆီအကြောင်းကြားလို့ရောက်လာခဲ့တာ။ပြည်မြို့မှရဲစခန်းကရဲတပ်ဖွဲ့တွေ၊မီးသတ်၊ကြက်ခြေနီ၊ရပ်မိရပ်ဖတွေနဲ့ခေတ္တရာနာရေးကူညီတဲ့အသင်းတွေအကုန်လာရောက်ကူညီပေးခဲ့ကြတယ်။လက်ရှိဆေးစစ်ချက်အနေနဲ့က ပြင်ပဒဏ်ရာလုံးဝမရှိပါဘူး။လက်ရှိ ပြည်မြို့မရဲစခန်းမှာ ဒီကိစ္စကို သေမှုသေခင်းအမှတ် ၇/၂၀၁၆ နဲ့အမှုဖွင့်ထားပါတယ်။ခုချိန်ထိသေဆုံးသူရဲ့အမည်ကအစ အချက်အလက်တွေမရသေးလို့လိုက်စုံစမ်းနေပါတယ်။”ဟု ရဲအုပ် ဇင်မင်းဦး ပြည်မြို့မရဲစခန်း ခေတ္တစခန်းမှူးတာဝန် မှ ပြောသည်။

အဆိုပါ သေဆုံးသူအမျိုးသားနှင့်ပတ်သက်သည့် အမည်၊နေရပ်လိပ်စာအချက်အလတ်များနှင့်ပတ်သက်ပြီး ပြည်မြို့မရဲစခန်းမှ တာဝန်ရှိသူများကဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိနေပြီး လက်ရှိအနေအထားအရ သေဆုံးသူနှင့်ပတ်သက်သည့် အချက်အလက်များမသိရသေးကြောင်းသက်ဆိုင်ရာတာဝန်ရှိသူများထံကသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

အကြောင်းအမျိုးမျိုးကြောင့်နောက်ဆက်တွဲသတင်းတင်ပြနောက်ကျခဲ့၍လေးစားစွာတောင်းပန်အပ်ပါသည်။

ကိုကျော်ဝင်းခိုင်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page