Monday, June 13, 2016

မကြီးထုံးကျေးရွာအုပ်စုအတွင်း မိုးသည်းထန်စွာရွာသွန်းမှု နှင့် တောင်ကျရေစီးဆင်းလာမှုကြောင့် ကျေးလက်လမ်းများ နှင့် စပါးပျိုးခင်းလယ်ယာမြေများပျက်စီး သွားလာရေးအခက်ခဲကြုံတွေ့

Leave a Comment



မကြီးထုံးကျေးရွာအုပ်စုအတွင်း မိုးသည်းထန်စွာရွာသွန်းမှု နှင့် တောင်ကျရေစီးဆင်းလာမှုကြောင့် ကျေးလက်လမ်းများ နှင့် စပါးပျိုးခင်းလယ်ယာမြေများပျက်စီး သွားလာရေးအခက်ခဲကြုံတွေ့

 

ပန်းတောင်း၊ဇွန်၊၁၃

 

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်အတွင်းမှာရှိသည့် မကြီးထုံးကျေးရွာအုပ်စုအတွင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနှင့်တောင်ကျရေစီးဆင်းမှုတို့ကြောင့် ကျေးလက်ဖွံ့ဖြိုးရေးလမ်းများ နှင့် ယင်းကျေးရွာအတွင်းရှိ စပါးပျိုးခင်းများ၊သီပင်စားပင်များစွာပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။

 

အဆိုပါ မကြီးထုံးကျေးရွာအုပ်စုအတွင်းမှာ ဇွန်-၆-ရက်နေ့မှစတင်ကာရွာသွန်းခဲ့သည့်မိုးရေ နှင့် ဇွန်-၁၂ ရက်နေ့ည ၁၁-နာရီမှ ၁-နာရီအချိန်ခန့်အထိ မိုးသည်းထံစွာရွာသွန်းမှု နှင့် တောင်ကျရေစီးဆင်းမှုတို့ကြောင့် မကြီးထုံးကျေးရွာ နှင့် ကွေ့မကျေးရွာတို့အား ဆက်သွယ်ဖောက်လုပ်ထားသည့် ၂-မိုင်ကျော်ကျေးလက်လမ်းများ အပိုင်းလိုက် ၁၄-ပိုင်းပျက်၍ ကျိုးပဲ့ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်းဒေသခံများထံကသိရသည်။

 

“ရွာမှာအမကစာသင်ကျောင်းနှစ်ကျောင်းရှိတယ်၊ကွေ့မစာသင်ကျောင်းနဲ့၊ဆင်ကူးအမကစာသင်ကျောင်းတွေမှာစာသင်နေတဲ့ကျောင်းသား/သူတွေသွားလာရေးအခက်ခဲတွေဖြစ်ပေါ်နေတယ်။ကျဲပြီးသားစပါးစိုက်ခင်းတွေနဲ့ပျိုးပြီးသားစပါးပျိုးခင်းတွေအကုန်ပျက်စီးသွားတယ်။မျိုးစပါးတွေကို သက်ဆိုင်ရာလူကြီးတွေကူညီချပေးစေချင်ပါတယ်။လမ်းကိစ္စကိုလည်းအမြန်ဆုံးလာရောက်ဖြေရှင်းပေးစေချင်ပါတယ်။တောင်ကျရေနဲ့မိုးရွာမှုတွေကြောင့် အသက်အန္တရာယ်ထိခုက်တာတွေမရှိပါဘူး။” ဟု မကြီးထုံးအုပ်စု၊ကွေ့မကျေးရွာ၊ဦးဟိုက်လိတ်-ကပြောသည်။

 

အဆိုပါ ကျေးလက်လမ်းအား ဒေသခံများမှ ကိုယ်ထူကိုယ်ထ ၂-မိုင်ကျော်လမ်းအား မကြီထုံး ကျေးရွာ နှင့် ကွေ့မကျေးရွာသို့ဆက်သွယ်ဖောက်လုပ်ခဲ့တာဖြစ်ပြီး ကျေးလက်ဖွံ့ဖြိုးရေးဌာနဦးစီး၍ ယင်းလမ်းအား ၂၀၁၃/၁၄ ပြည်ထောင်စုဘတ်ဂျက်ရံပုံငွေ ၁၁.၁၅-သန်းတန်ဖိုးရှိ မကြီးထုံးကျေးရွာ နှင့် ကွေ့မကျေးရွာသို့ ၁-မိုင်ကျော်အရှည်အား ဖူးပွင့်ဝေကုပ္မဏီမှ တာဝန်ယူပြန်လည်ပြုပြင်ပေးခဲ့တာပြီး ယခုလိုလမ်းများ နှင့် လယ်ယာမြေများ စိုက်ပျိုးထားသည့် သီးနှံများပျက်စီးသွားမှုကြောင့် ဒေသခံများ သွားလာရေးအခက်ခဲများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။

 

အဆိုပါမကြီးထုံးအုပ်စုအတွင်းရှိ ဆင်ကူးကျေးရွာ အမကစာသင်ကျောင်းတွင် ပုံမှန်တက်ရောက်သည့် ကျောင်းသားဦးရေ ၃၆-ဦးရှိသော်လည်း မိုးသည်းထန်စွာရွာသွန်းမှု နှင့် တောင်ကျရေစီးဆင်မှုတို့ကြောင့် လမ်းများပျက်စီးသွားခဲ့၍ စာသင်ကျောင်းကပုံမှန်ဖွင့်ထားသော်လည်း တက်ေ၇ာက်လာသည့်ကျောင်းသား/သူများမှာ ၉-ဦးခန့်သာတက်ရောက်လာနိုင်ကျောင်း လမ်းပျက်စီးမှုများကြောင့် မိဘများလမ်းပြုပြင်ရာတွင်လုပ်အားပေးအနေဖြင့်ပါဝင်နေကြရ၍ ကလေးသူငယ်များအား ကျောင်းသို့မလွတ်နိုင်တာဖြစ်ပြီး ဆရာ/မများအားလုံးကတော့ ယင်ကျေးလက်လမ်းမကြီးပေါ် ၁-မိုင်ကျော်လောက်ကို ခြေလျှင်လာ၍ ပညာသင်ကြားပေးနေရတယ်ဟု မကြီးထုံးအုပ်စု၊ဆင်ကူးကျေးရွာ အမကစာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်း-ကပြောသည်။

 

“ပျက်စီးသွားတဲ့လမ်းကိစ္စတွေကို သက်ဆိုင်ရာအထက်ဌာနအဆင့်ဆင့်တင်ပြထားပါတယ်။မှတ်တမ်းပုံတွေရိုက်ကူးပြီးတင်ပြထားပါတယ်။မကြီးထုံးနဲ့ကွေ့မလမ်းကို ၁-မိုင်ကျော်၂၀၁၃/၁၄ ပြည်ထောင်စုဘတ်ဂျက်နဲ့ရံပုံငွေ ၁၁.၁၅သန်းကုန်ကျခံပြုပြင်ပေးထားပါပြီ။အခုပျက်သွားတယ်ဆိုတော့ ပထမဆုံးခရိုင်အဆင့်ကိုတင်ပြပေးပါမယ်။လာမည့် ၂၀၁၆/၁၇ ဘတ်ဂျက်မှာ ဒီလမ်းပေါ်မှာရေစီးရေလာရေထွက်ကောင်းဖို့အတွက် တံတားတွေ ရေထွက်ပေါက်ပြွန်တွေ အဓိကထားပြီးတည်ဆောက်ပေးသွားမှာပါ။ကျန်တာကတော့ လူကြီးတွေလမ်းညွှန်မှုအတိုင်းဆက်လက်ဆောင်ရွက်ပေးသွားမျာပါ။”ဟု ပန်းတောင်းမြို့၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊အငယ်တန်းအင်ဂျင်နီယာ(၂)၊ဒေါ်မေသူစိုး-ကပြောသည်။

 

အဆိုပါပန်းတောင်းမြို့နယ်အတွင်းမှာ ၆-ရက်ခန့်ဆက်တိုက်ရွာသွန်းခဲ့သည့်မိုးရေများ၊တောင်ကျရေများကြောင့် ပန်းတောင်းမြို့နယ်အတွင်းရှိ လယ်ယာမြေဧက သောင်းကျော်အထိ ပျက်စီးဆုံးရှုံးခဲ့ရပြီး မကြီးထုံးအုပ်စုအတွင်းရှိ မကြီးထုံးရွာ၊ရွှေပန်းတော၊ဆင်ကူး၊ကွေ့မ၊သဲဖြူ၊သစ်ဆိမ့်ကုန်းစသည့်ကျေးရွာများမှ အလုပ်သမား၊လယ်သမား၊ကျောင်းသား၊ကျောင်းသူ၊ဆရာ/မများ သွားလာရေးခက်ခဲမှုများရှိနေပြီး ယင်းကျေးရွာများမှ စပါးပျိုးခင်းများပျက်စီးဆုံးရှုံးမှုကြောင့် မျိုးစပါးများအား သက်ဆိုင်ရာဌာန နှင့် နိုင်ငံတော်မှ ပြန်လည်ချထားပေးစေလိုကြောင်းသိရပြီး ပျက်စီးသွားခဲ့သည့်ကျေးလက်လမ်းအား အမြန်ဆုံးကူညီဖြေရှင်းပေးစေလိုကြောင်းဒေသခံရွာသူ/သားများထံကသိရသည်။

 

ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ-K3(pyay)

 

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)











0 comments:

Post a Comment

Facebook Like Page