Tuesday, December 22, 2015

ဖုန်းဖြင့်သတင်းမှားပေးပို့မှုကြောင့် ပြည်မြို့တွင်း မီးသတ်ကား ၁၀စီးခန့်ဥသြဆွဲထွက်ခဲ့ရ

Leave a Comment



ဖုန်းဖြင့်သတင်းမှားပေးပို့မှုကြောင့် ပြည်မြို့တွင်း မီးသတ်ကား ၁၀စီးခန့်ဥသြဆွဲထွက်ခဲ့ရ



ပြည်၊ဒီဇင်ဘာ၊၂၂





ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်ကွက် B-လမ်း အတွင်း မီးလောင်သည်ဟုဆိုသော  ဖုန်းဖြင့် ပြည်မြို့ဗဟိုမီးသတ်သို့ သတင်းပေးပို့ခဲ့သဖြင့်  ပြည်မြို့ပေါ်ရှိ မီးသတ်ကား ၁၀-စီးခန့် ဥသြဆွဲ၍ထွက်ခဲ့ရကြောင်းသိရသည်။



အဆိုပါဖုန်းဖြင့် သတင်းပေးပို့လာသောမီးလောင်သည့် သတင်းကြောင့် ပြည်မြို့အောင်ဆန်းပြည်သာယာ B-လမ်းအတွင်းသို့ ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၂း၁၅ မိနစ်ချိန်ခဲ့ကဖြစ်ပေါ်သွားခဲ့တာဖြစ်ကြောင်းသိရသည်။



“မီးလန့်တာလဲမဟုတ်ဘူး။ မီးလောင်တာလဲမဟုတ်ဘူး။ မီးလောင်တယ်ဆိုပြီး ဖုန်းနဲ့ ဗဟိုကိုသတင်းပေးလို့ ဗဟိုက မီးသတ်ကားထွက်တာနဲ့ အကုန်လိုက်ထွက်လာကြတာပါ။ သတင်းပေးတဲ့ အောင်ပြည်သာယာ B-လမ်းရောက်တော့ဘာမှမရှိဘူး။ ဘာမှလဲမလောင်ဘူး။ ကားတွေအကုန်လုံး D-လမ်းကနေ လှည့်ပြန်လာခဲ့ကြရတယ်။ အဲလိုသတင်းအမှားတွေကို မကြာခဏဖုန်းဆက်သတင်းပေးနေတာတွေရှိနေတယ်။ မလုပ်သင့်ဘူး။တကယ့်တစ်ကယ်လောင်ခဲ့ရင် ကားထွက်ရမလား မထွက်ရဘူးလား။ တကယ်ရောလောင်တာလား။ဆိုတာတွေ အမိန့်တွေစောင့်နေတာနဲ့တင် ပြာကျသွားနိုင်တယ်။”ဟု စေတနာ့ဝန်ထမ်းမီးသတ်တပ်ဖွဲ့က အရာရှိတစ်ဦးကပြောသည်။



အဆိုပါ ဖုန်းများဖြင့် မီးလောင်မှုသတင်းအမှားများပေးခြင်းသည်။ ယခင်ဦးစီးမှူးလက်ထက်ကတည်းမှ မကြာခဏဆိုသလိုဖြစ်ပေါ်နေခဲ့တာဖြစ်ပြီး သက်ဆိုင်ရာဌာနများမှ ခေါ်ဆိုသတင်းပေးပို့လာသည့် ဖုန်းနံပါတ်များအား ပြန်လည်ဆက်သွယ်ခေါ်ဆိုရာတွင် စက်ပိတ်ထားခြင်းများ၊ဖုန်းမကိုင်ခြင်းများဖြစ်ပေါ်လျှက်ရှိနေသည်။


"မကြာခဏဆိုသလိုဖြစ်နေတယ်။ သုံးလအတွင်းမှာ သုံးကြိမ်လောက်ခုလိုဖုန်းနဲ့မီးလောင်နေတယ်ဆိုပြီး သတင်းတွေဆက်ပြီးပြောနေကြတယ်။အမှန်တကယ်လောင်ရင် ကျွန်တော်တို့ကစဉ်စားရတော့မယ်။ အခုဖြစ်စဉ်မှာ ၂-သိန်းတန်ဖုန်းနဲ့ဆက်ပြီး မီးသတင်းပေးလာတာ။ ဖုန်းနံပါတ်က ၀၉-၂၆၀၉၇၅၆၆၅ နဲ့ ၀၉-၄၂၃၇၄၇၅၄၃ အဲဒိနှစ်လုံးနဲ့ဆက်ပြီး မီးလောင်တယ်ဆိုပြီး သတင်းပေးပို့လာတာပါ။  ကြိမ်းသေအောင် ခဏတော့စောင့်ပြီး ပြန်ဆက်တော့လဲ ဖုန်းကိုင်တယ်အရင်အတိုင်းပဲ အောင်ဆန်း ဘီလမ်းမှာမီးလောင်တယ်လို့ပြောတော့ ကျိမ်းသေတယ်ဆိုပြီး ကားထွက်တာ။ သတင်းပေးတဲ့နေရာရောက်တော့ တကယ်မဟုတ်ဘူး။ဒါကစ စရာမဟုတ်သလို နှောက်စရာကိစ္စလဲမဟုတ်ဘူး။အများကြီးထိခိုက်သွားနိုင်တယ်။ အခုအဲဒိသတင်းပေးတဲ့ဖုန်းတွေပြန်ဆက်တော့ ဖုန်းကစက်ပိတ်ထားတယ်။ ဖုန်းပိုင်ရှင်တွေကို စုံစမ်းနေပါတယ်။ " ဟု ပြည်မြို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဗဟို စခန်းမှူးကပြောသည်။





“မီးသတ်ကားတွေ ဥသြဆွဲထွက်သံကြားလို့ ဆိုင်ကယ်နဲ့လိုက်ကြည့်တယ်။ အောင်ဆန်းထဲရောက်တော့ မီးမလောင်ဘူး။ မီးလောင်တာ မီးလန့်တာတွေလဲ မတွေ့ခဲ့ရဘူး။ ဖုန်းနဲ့ မီးလောင်တယ်ဆိုတဲ့ သတင်းပေးပို့ချက်အရ မီးသတ်ကားတွေထွက်လာတယ်လို့ကြားတယ်။ ပြည်သူတိုင်း ခုလိုသတင်းအမှားတွေမပေးသင့်ဘူး။ တစ်ကယ်လဲလောင်ရော တစ်ကယ်မဟုတ်ဘူးထင်နေတာတွေနဲ့ နှောက်ကျမှုတွေဖြစ်ပေါ်ပြီး အကုန်ပြာကျသွားနိုင်တယ်။ အင်တာနက်ပေါ်တွေမှာ ဘုမသိ ဘမသိနဲ့ အိမ်တစ်အိမ်လောင်တယ်ဆိုတာတွေလဲဖြစ်နေခဲ့သေးတယ်။အဲဒါက သတင်းအမှားတွေပါ။” ဟု ပြည်မြို့ဒေသခံ စေတနာ့ဝန်ထမ်း မီးသတ်ရဲဘော်ဟောင်းတစ်ဦးကပြောသည်။



ယင်းကိစ္စများ နှင့်ပတ်သက်၍ ပြည်မြို့ ဗဟိုမီးသတ်တပ်ဖွဲ့မှ ယခု ၃-လအတွင်း ဖုန်းဖြင့် မြရွာသကြားစက်အနီး ရှမ်းစုကျေးရွာ၊မြို့သစ် ၁၂-လမ်း နှင့် ယခုအောင်ဆန်းပြည်သာယာ B-လမ်း အတွင်းမီးလောင်နေသည်ဟုဆိုကာ မီးသတင်းပေးလာမှုများဖြစ်ပေါ်ခဲ့ပြီး ဖုန်းနံပါတ်များမှာ ၂-သိန်းတန်ဖုန်း နှင့် ၁၅၀၀-တန်ဖုန်းများဖြစ်နေ၍ ပြည်မြို့ဗဟိုမီးသတ်မှတာဝန်ရှိသူတွေ ဆက်လက်စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်းသိရသည်။



K3(pyay)




0 comments:

Post a Comment

Facebook Like Page