ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တို့ဖြင့်ထောင်ဒဏ် ကျခံနေရသည့်တက်ကြွလှုပ်ရှားသူ ကိုဝင်းလှိုင်၏ရုံးချိန်းတွင် ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားများလွတ်ပေးရေး အကျီင်္ဝတ်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ယင်းတစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာလ ၈ ရက်နေ့နေ့လည် ၂ နာရီကျော်က ပြည်မြို့နယ် တရားရုံးအတွင်း ရုံးအချုပ်မှတရားခွင်သို့အသွားလမ်းတွင် ပြုလုပ်ခဲ့တာဖြစ်ပြီး ကျောင်းသားများ ဖမ်းဆီးခံထားရမှု ခြောက်လပြည့်အကြိုအဖြစ် မတရားဥပဒေနှင့်ဖမ်းဆီးထားသော ကျောင်းသား/သူ၊ ၀န်းရံသူလွှတ်စာသားရေးသားထားသည့် အကျီင်္ကိုဝတ်ဆင်ကာ ဟောပြောမှုများကိုလည်းပြုလုပ်ခဲ့သည်။
“ကျွန်တော်ကတောင်းဆိုတယ် မနက်ဖန်နေပြည်တော်မှာတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ဦးသိန်းစိန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ရှိတယ် ငြိမ်းချမ်းရေးအတွက်တဲ့တိုင်းပြည်မှာငြိမ်းချမ်းဖို့ဆိုရင်ပြည်တွင်းမှာလည်း ငြိမ်းချမ်းဖို့လိုတယ် ကျောင်းသားတွေနိုင်ငံတော်အစိုးရနဲ့ငြိမ်းချမ်းဖို့အတွက်လွတ်ပေးဖို့လိုတယ် ကျောင်းသားတွေအလုပ်သမားတွေလယ်သမားတွေလွတ်ပေးဖို့လိုတယ် တရားဥပဒေအထက်မှာရှိတဲ့ ဦးသိန်းစိန် ကျောင်းသားကျောင်းသူတွေဝိုင်းရံတဲ့သူတွေကိုလွတ်ပေးဖို့တောင်းဆိုတယ် ကျွန်တော်အင်္ကျီကိုကြည့် ငြိမ်းချမ်းဖို့တောင်းဆိုတာပါ ငြိမ်းချမ်းရေးဆိုတာလက်နက်ကိုင်နဲ့ငြိမ်းချမ်းဖို့လိုသလို ကျွန်တော်တို့လိုသာမန်ပြည်သူတွေနဲ့လည်းငြိမ်းချမ်းဖို့လိုတယ် ကျောင်းတက်နေတဲ့ကျောင်းသားတွေကို လွတ်ပေးဖို့လိုတယ်နော် ကျွန်တော်ကြည့်ဘွဲ့ရဆိုက်ကားသမား ပညာရေးမကောင်းရင်ဘာမှလုပ်မရဘူး မြန်မာစာနဲ့ဘွဲ့ယူလာတာ ကျွန်တော်ဘာမှမတတ်ဘူး အောင်အောင်ဖြေနိုင်တယ် တတ်အောင်မဖြေနိုင်ခဲ့ဘူး ကျောင်းသားတွေကိုအမြန်ဆုံးလွှတ်ပေးပါ” ဟု ကိုဝင်းလှိုင်ကပြောသည်။
လက်ပံတောင်းတောင် ဒေါ်ခင်ဝင်းပစ်သတ်ခံရမှုအမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော်မှုကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့်အတွက် ကိုဝင်းလှိုင်၊ ကိုကျော်ဆွေ၊ ကိုမျိုးသူထွဋ်တို့ သုံးဦးကို ပြည်မြို့မရဲစခန်းမှူးဦးမျိုးမြင့်က တရားလိုပြုလုပ်ကာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့်အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း တရားစွဲဆိုခံထားရသူများ ထံကသိရသည်။
“ ရုံးချိန်းကတော့လေးချိန်းလောက်ရှိပြီ ဒီနေ့ကတော့လိုပြသက်သေစစ်တဲ့အချိန်းပေါ့ ကျွန်တော်တို့ကသူ့ကို မေးတာက ၂၀၀၈ ဖွဲ့စည်းပုံဟာမြန်မာနိုင်ငံမှာအမြင့်ဥပဒေဟုတ်ပါသလားလို့မေးတာမှာ ဟုတ်ပါတယ်ပေါ့ အဲတော့ဖွဲ့စည်းပုံပါဥပဒေ ၃၅၄ ပါ က၊ခ အရကျွန်တော်တို့ကငြိမ်းချမ်းစွာစုဝေးခွင့်ရှိပါသလားဆိုရင် ဟုတ်ပါတယ်ပေါ့ ကျွန်တော်တို့ဖွဲ့စည်းပုံမှာ ခွင့်ပြုမိန်တောင်းပါလို့မပါတဲ့အတွက် ကျွန်တော်တို့မှာ အပြစ်မရှိဘူးလို့ပြောတယ် အဲတော့ကျွန်တော်တို့ဖွဲ့စည်းပုံပါဥပဒေကိုချိုးဖောက်သူကို ဥပဒေအရအပြစ်ပေးခွင့် ရှိသလို လေးစားလိုက်နာသူကိုလည်း ဥပဒေအရအကာကွယ်ပေးခွင့်တာကို သိပါသလားဆိုတော့သူကသိပါတယ်တဲ့ အဲတော့ဘယ်ရှေ့နေလာလာကျွန်တော်တို့ကတော့ ပြောမှာပဲ ဖွဲ့စည်းပုံကိုမီခိုပြီးအလုပ်လုပ်နေတဲ့အတွက်ပြစ်မရှိဘူး ကျွန်တော်တို့ကနောက်ပြီး လူသစ်တာမဟုတ်ဘူး အစိုးရကိုအလုပ်လုပ်ဖို့တောင်ဆိုတာ လူသတ်တဲ့သူကိုမဖမ်းနိုင်ဘူး အလုပ်လုပ်ဖို့ပြောတဲ့သူတွေကို ဒီတရားရုံးထဲမှာ ထည့်ထားတယ် ဖွဲ့စည်းပုံကိုကျူးလွန်ရင်အပြစ်ပေးပါအမိန့်ချပါ အခုကျတော့သေနတ်နဲ့ပစ်သူကို မဖမ်းသေးဘူးကျွန်တော်တို့ကိုတရားစွဲထားတယ် ဒါမတရားဘူး” ဟု တရားစွဲဆိုခံထားရသည့်ကိုမျိုးသူထွဋ်ကပြောသည်။
ပြည်မြို့နယ်တရားရုံးအတွင်း စတ်တင်ဘာ ၈ ရက်တစ်နေ့တည်း အထက်ပါအမှုအပါဝင် ပုဒ်မ ၁၈ ဖြင့်အမှုပေါင်း လေးမှုရှိကာ တရားစွဲဆိုခံရသူတက်ကြွလှုပ်ရှားသူ ၁၂ ဦးထိရှိကြောင်း သိရသည်။
ဝေလင်း(ပြည်)
0 comments:
Post a Comment