Wednesday, September 16, 2015

ပြည်ခရိုင်တရားရုံးကအယူခံပယ်ချလိုက်သည့် ထောင်ဒဏ်သုံးလချမှတ်ထားသည့် လယ်သမားငါးဦး၏ ပုဒ်မ ၄၄၇ အမှုအား တိုင်းဒေသကြီးတရားလွှတ်တော်သို့ ပြစ်မှုပြင်ဆင်ချက်ထပ်မံတက်

Leave a Comment

ပြည်ခရိုင်တရားရုံးကအယူခံပယ်ချလိုက်သည့် ထောင်ဒဏ်သုံးလချမှတ်ထားသည့် လယ်သမားငါးဦး၏ ပုဒ်မ ၄၄၇ အမှုအား တိုင်းဒေသကြီးတရားလွှတ်တော်သို့ ပြစ်မှုပြင်ဆင်ချက်ထပ်မံတက်
ပြည်၊ စက်တင်ဘာ ၁၅
ပြည်ခရိုင်တရားရုံးကအယူခံပယ်ချလိုက်သည့် ထောင်ဒဏ်သုံးလချမှတ်ထားသည့် လယ်သမားငါးဦး၏ ပုဒ်မ ၄၄၇ အမှုအား ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်သို့ထပ်မံ ပြစ်မှုပြင်ဆင်ချက်တက်လိုက်ကြောင်း သိရသည်။
အဆိုပါ ပေါက်ခေါင်းမြို့နယ်တရားရုံးက ပြစ်မှုကြီးမှု- ၂၂၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၄၇ ဖြင့် တောင်သူလယ်သမား များဖြစ်သည့် ဦးထွန်းရီ၊ ဦးခင်ဝင်း၊ ဦးလှဟန်၊ ကိုမိုးဝင်း၊ ကိုနိုင်ဦး တို့ကို ဇွန်လ ၁၆ ရက်နေ့က ယင်းအမှုများ ၏အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ်သုံးလကိုချမှတ်ပြီးနောက်   ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၅၄ အရ အယူခံလွှာကို ဇူလိုင်လ ၂၄ ရက်နေ့က ပြည်ခရိုင်တရားရုံးသို့တင်သွင်းခဲ့ရာ ပြီးခဲ့သည့်စက်တင်ဘာလ ၃ ရက်နေ့ကပယ်ကျလိုက်ခြင်းကြောင့် ပြစ်မှုပြင်ဆင် ၃၂၃ (ခ) အရ နိုင်ငံတော်ပါ ၂ ဖြင့် စက်တင်ဘာလ ၁၄ ရက်နေ့က တိုင်းတရားလွှတ်တော်သို့သွားရောက်တင်သွင်းခဲ့ကြောင်း လယ်သမားများ၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေဒေါ်အေးသန္တာကပြောသည်။
“ ဒီအမှုမှာလယ်သမားတွေကသူတို့ကိုစွဲဆိုထားတဲ့အမှုလုံးဝမမြောက်ဘူး ငါးယောက်လုံးလွတ်ကိုလွတ်ရမယ် ဒါကြောင့် ခရိုင်ကပယ်လိုက်လို့ တိုင်းအထိဆက်တက်တယ် တိုင်းမှာမနေ့ကပြစ်မှုပြင်ဆင်ချက်ကို ချက်ခြင်းလက်ခံထားလိုက်တယ် ဒါကအမှုတစ်ရာမှာတစ်မှုတောင် မရှိဘူးသေးဘူး ပိုင်ဆိုင်မှုအရှုပ်ရှင်းရှိနေဆဲ လယ်ယာမြေအမှုခင်းတွေ စွဲတဲ့အခါမှာ လယ်စီအဆင့်ဆင်ကဆုံးဖြတ်ရမယ် ၁၉၉၁ ဦးမြအောင်စီရင်ထုံးမှာ လယ်စီအဖွဲ့ကိုပြန်ပေးရမယ်ဆိုပြီးတော့ပြောခဲ့တယ် တိုင်းကဆုံးဖြတ်ချက်ချလို့မှန်ခဲ့ရင်တောင် လယ်သမားတွေက သုံးလပြည့်လို့ထောင်ကထွက်လာပြီ ဒါပေမယ့်လယ်သမားတွေဘက်ကအမှန်တရားတစ်ခု ကိုလိုချင်လို့ ဒီစီရင်ချက်ဟာမှားနေတယ် ဒီပြစ်မှုမမြောက်ဘူးဆိုတာသိစေချင်လို့ကို လိုက်လုပ်နေတာ” ဟု ၎င်းကဆက်လက်ပြောသည်။
အလားတူဖြစ်စဉ်မျိုးဖြစ်သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကပြုလုပ်ခဲ့သည့် ကျောင်းသားများကို အကြမ်းဖက် မဖြိုခွင်းရေး ဆန္ဒထုတ်ဖော်မှုကြောင့် တရားလွှတ်တော်ရှေ့နေဦးမြင့်အေးအား အမှုဖွင့်ထားသည့် ပုဒ်မ ၁၈ အမှုကိုမမြောက်ကြောင်း စက်တင်ဘာလ ၁၃ ရက်နေ့က တိုင်းတရားလွှတ်တော်ရုံးက အမိန့်ချမှတ်ချေဖျက် ပေးခဲ့ကြောင်း ယင်းပြစ်မှုတွင်လည်း အဆိုပါတရားလွှတ်တော်ရှေ့နေဒေါ်အေးသန္တာကအကျိုးဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
                                                                                          ဝေလင်း(ပြည်)


0 comments:

Post a Comment

Facebook Like Page