Wednesday, January 28, 2015

ပြည်မြို့အထက်ပိုင်း သောင်တူးခြင်း၊ ကျောက်စီရေကာတာပြုပြင်ခြင်း ကျပ်သန်း၃၆၀ကျော်ဖြင့် ဆောင်ရွက်မည်

Leave a Comment

ပြည်မြို့အထက်ပိုင်း သောင်တူးခြင်း၊ ကျောက်စီရေကာတာပြုပြင်ခြင်း ကျပ်သန်း၃၆၀ကျော်ဖြင့် ဆောင်ရွက်မည်
ဧရာဝတီမြစ်ကမ်းပါးပြိုခြင်းကို ကာကွယ်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတွင်ရှိသော ပြည်မြို့အထက်ပိုင်းတွင် သောင်တူးခြင်းနှင့် ကျောက်စီရေကာတာပြုပြင်ခြင်းကို ဘတ်ဂျက်ကျပ်သန်း ၃၆၀ ကျော်ဖြင့် ဆောင်ရွက်သွားမည်ဟု သိရှိရသည်။
ဧရာဝတီမြစ်အတွင်း သောင်ထွန်းမှု များပြားလာခြင်းကြောင့် ပဲခူးတိုင်းအတွင်း သောင်တူးဖော်ရန်၂၀၁၄- ၂၀၁၅ ဘဏ္ဍာ ပြည်ထောင်စုဘတ်ဂျက်ငွေ (၈၄)သန်းနှင့် ကျောက်စီရေကာတာများပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ငွေ(၂၈၇)သန်းကို အသီးသီးအသုံးပြုပြီး ဆောင်ရွက်နေခြင်းဖြစ်သည်။
“အခုလုပ်နေတဲ့ အဓိကရည်ရွယ်ချက်ကတော့၊ ပြည်ဘက်က ကမ်းကမ်းပါးတွေ ပြိုကျတာတွေနဲ့ ရေစီးရေလာ ကောင်းမွန်ရေး ရွှေဘုံသာသောင်ကြီး တူးဖော်ရေးရည်ရွယ်ပြီး ပြုလုပ်နေတာပါ။ ဒီနှစ်ဘတ်ဂျက်ထဲမှာ အပြီး သတ်ဆောင်ရွက်သွားမယ်။” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန မြို့နယ်ဦးစီး မှူး ဦးအောင်ကျော်လွင်ကပြောသည်။
ရွှေဘုံသာသောင်တူးခြင်း လုပ်ငန်းများနှင့် အတူ အမြင့်(၆)ပေ ရှိပြီး အရှည်မီတာ(၁၅၀)၊ မီတာ(၂၅၀)၊ မီတာ(၃၇၅)အစစီရှိသည့် ကျောက်စီရေကာတာသုံးခုကိုလည်း တပြိုင်နက်ဆောင်ရွက်ခြင်းကို ဇန်န၀ါရီလ တတိယအပတ်မှ စတင်ကာမတ်လအတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်မြို့အထက်ဘက် ဧရာဝတီမြစ် စတုတ္ထမြစ်ကျဉ်းအနီး မြစ်ကွေ့အကျော်တွင် ရေစီးကြောင်းမှ အရှိန်ဖြင့် ပြည်မြို့ဈေးကြီးဆိပ်အား ရေဦးထိုးလာပြီး တဖြည်းဖြည်းကမ်းပါးများပြိုခြင်းအား ကာကွယ်ရန် အထက်ဘက် ၄ မိုင် အကွာမြရွာကျေးရွာနီးမှ ကျောက်စီရေကာတာများ ပြုလုပ်ကာ ရေလမ်းကြောင်းအား ရွှေဘုံသာ သောင်ကြီးရှိရာသို့ လမ်းကြောင်းလွှဲရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
သောင်ထွန်းမှုမှာ တစ်နှစ်ထက်တစ်နှစ်များပြားလာပြီး ရေလမ်းကြောင်းများ ပိုမိုကျပ်တည်းလာခြင်းတို့ကြောင့် သောင်တူးခြင်းများအပြင် ရေယာဉ်များသွားလာရာတွင် အန္တရာယ်ကင်းရှင်းရေးအတွက် ကမ်းပေါ်ပြ အမှတ်အသား၊ရေပေါ်ပြအမှတ်အသားစသည့် ရေလမ်းပြအမှတ်အသားများ ပြုလုပ်ပေးစေချင်ကြောင်း ဧရာဝတီမြစ်အတွင်းရေကြောင်းသွားလာရေး ပြုလုပ်နေသော သင်္ဘောမောင်းသူများကပြောသည်။
ရွှေဘုံသာသောင်ကြီးကိုလည်း သောင်တူးစက်ဖြင့် ရေလမ်းကြောင်းထိုးခွဲထားမည်ဖြစ်ပြီး အထက်ကျောက်စီ ရေကာတာမှ လမ်းကြောင်းလွှဲလိုက်သောရေအားဖြင့် သောင်ကြီးကိုထပ်မံထိုးခွဲသွားမည်ဖြစ်ကာကမ်းပါးပြိုခြင်း သက်သာသွားမည့်အပြင် ရေစီးရေလာပါကောင်းမွန်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှတာဝန်ရှိသူများကပြောဆိုသည်။
ဧရာဝတီမြစ်အတွင်း ရေကြောင်းကျပ်တည်းသည့် ကာလများမှာ ရေကျချိန်ဖြစ်သော နိုဝင်ဘာလမှ မေလအထိ ဖြစ်ပြီး မြစ်ကြောင်းတစ်လျှောက်ရေနည်းခြင်း သောင်ခုံများ အများအပြားဖြစ်ပေါ်ခြင်းများရှိကြောင်း သိရသည်။
ဧရာဝတီမြစ်ကမ်းပါးပြိုခြင်းကို ကာကွယ်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတွင်ရှိသော ပြည်မြို့အထက်ပိုင်းတွင် ကျောက်စီရေကာတာပြုပြင်ခြင်းကို ၂၀၁၃-၂၀၁၄ ဘတ်ဂျက်နှစ်အတွင်း တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီဟလွင် - ပဲခူး (မြစ်မခ)

0 comments:

Post a Comment

Facebook Like Page