ချောင်းကောင်းရွာမှပျောက်ကွယ်လုမြန်မာ့မြေအိုးလုပ်ငန်း
==========================================
The Daily ELEVEN သတင်းစာမှကူးယူဖော်ပြပါသည်။
နွေနှောင်းရက်ကျန်များဖြစ်သည့် နေ့လည်ခင်းအပူအောက်တွင် ချောင်းကောင်းရွာတောင်ပိုင်း အိမ်က လေးထဲမှ အိုးထွင်းနေသံမှာရွာလမ်းလေးအတိုင်းတိုးညှင်းစွာလွင့်ပျံလို့နေလေသည်။ ယခင်ကတော့ယခုလို နွေရာသီ လယ်လုပ်ငန်းခွင်များနားချိန်တွင် ရွာလုံးကျွတ် နီးပါး မြေရိုက်နှဲသံ၊ အိုးထွင်းသံများဆူညံနေတတ်ပြီး အိုးဖုတ်ရာမှထွက်ပေါ် လာတတ်သည့် မီးခိုးငွေ့များဖြင့် ရွာလေးကိုဖုံးလွှမ်းနေတတ်သည်မှာ ပြန်ပြောင်းအောက် မေ့ဖွယ်ရာအဖြစ်သာကျန်ရှိတော့သည်။
ပြည်မြို့နှင့် ၁၂ မိုင်ကွာဝေးသည့် ပေါင်းတလည်တိုက်နယ်၏ အရှေ့တောင်ဘက် လေးဖာလုံသာဝေးသည့် မြေနီလမ်းအတိုင်းသွားလိုက်ပါက ချောင်းကောင်းရွာသို့ရောက်ရှိသွားမည်ဖြစ်သည်။ ချောင်းကောင်းရွာဟုပြော လိုက်ပါက မြန့်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌဦးနေ၀င်း နှင့်တွဲမြင်မိပေလိမ့်မည်။ ဦးနေ၀င်း၏ ဖခင်ဇာတိရွာ ဖြစ်သလို၊ တော်လှန်ရေးကာလအတွင်း ဦးနေ၀င်းခိုအောင်း၍တော်လှန်ရေးပြုလုပ်ခဲ့ရာ ပတ်ဝန်းကျင်လည်း ဖြစ်သည်။ ယင်းကာလများတွင်းက ရွာထဲရှိအိမ်တအိမ်၏ နွားတင်းကုပ်ထဲ လက်နက်များဖွက်ထားခဲဖူးပြီး ထိုကိစ္စကြောင့်ပင် အင်္ဂလိပ်၏စစ်မေးမှုကြောင့် အိမ်ရှင်ရွာသားကြီး မျက်စိကွယ်ခဲ့ရသည်။ ဒါကရွာ၏ ထင်ရှား သောသမိုင်းတစ်ချို့။ ရှေးအစဉ်ဆက်ထင်ရှားခဲ့သည့် တစ်ခုကတော့ ရွာ၏ရိုးရာအိုးလုပ်ငန်းပင်ဖြစ်သည်။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်တွင် ပန်းတောင်းမြို့နှင့် ချောင်းကောင်းရွာသာလျှင်အိုးလုပ်ငန်းလုပ်ကိုင် ကြသည်ဟုသိရသည်။ ချောင်းကောင်းရွာမှာအိုးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ပတ်ဝန်းကျင်ရွာများထက် ချောင် လည်စွာနေထိုင်ခဲ့ကြရပြီး မြေအိုးလုပ်ငန်းမှာ မိရိုးဖလာလုပ်ငန်းဖြစ်သလို တခြားရွာများမှ လုပ်ကိုင်ခြင်းမရှိပဲ ချောင်းကောင်းရွာတစ်ရွာသာလုပ်ကိုင်သည့် မူပိုင်လုပ်ငန်းလိုဖြစ်ခဲ့သည်။
“ မိုးကာလမှာတော့ လယ်ယာလုပ်ငန်းလုပ်ကြတယ်။ အိုးလုပ်တာနည်းသွားတယ်။ ပြာသိုလကနေပြီး တန်ခူး လထိအိုးလုပ်ငန်းကိုအကြီးကျယ်လုပ်ခဲ့ကြတယ်။ ဟိုတုန်းကပေါ့ ဦးလေးဆိုလူပျိုဘ၀ကတည်းလုပ်ခဲ့တယ် ဦးတို့အဘိုးဘွားလက်ထက်ကလည်းလုပ်ခဲ့ကြတယ်။ အခုတော့ အိုးလုပ်ငန်းလုပ်သူရှားသွားတယ်။ ရွာရဲ့တောင် ပိုင်းမှာ ပဲ အတွေ့ရများတယ်။ သိပ်အမြတ်စွန်းကျန်လို့တော့မဟုတ်ဘူး မိရိုးဖလာလုပ်ငန်းတစ်ခု အဖြစ် လုပ်နေကြတာရယ် နွေကာလစိုက်ပျိုးရေးမကောင်းချိန်မှာလုပ်ကြတယ် ” ဟုအသက်ခြောက်ဆယ် အရွယ် ရှိပြီဖြစ်သည့် ဦးစန်းကြိုင်ကပြောသည်။
အိမ်ခြေ ၄၀၀ ခန်ရှိသည့် ရွာတွင် ယခုအခါ အိုးလုပ်ငန်းလုပ်ကိုင်သည့်အိမ် ၇၀ ခန့်သာရှိတော့သည်။ မြေမီးဖုတ်အိမ်သုံးဆောင်ပစ္စည်းများဖြစ်သည့် သောက်ရေအိုး၊ ရေအင်တုံ၊ နတ်အိုး၊ ဘုရားပန်းအိုး၊ မလိုင်အိုး၊ အလှပန်းစိုက်အိုး၊ ထမင်းအိုး၊ ဟင်းအိုး၊ အတာအိုး၊ စုဗူး၊ လွှစာမီးဖိုနှင့် ဆီမီးခွက် ကလေးကစားစရာအိုးပုတ် စသည့်ပစ္စည်းများအနက် ယခုအခါ သောက်ရေအိုးနှင့် ရေအင်တုံတို့သာ အများဆုံးလုပ်နေရပြီး ရာသီအလိုက် အမှာလာသည့် ပစ္စည်းများကိုလုပ်ပေးနေရသည်။ မြေထမင်းအိုး၊ ဟင်းအိုးတို့မှာ လုံးဝမလုပ်တော့သလောက် ပျောက်ကွယ်သွားပြီဖြစ်သည်။
“တစ်ချို့အိုးမျိုးတွေဆိုမလုပ်တော့ဘူး။ ဖောက်သယ်တွေအမှာရှိရင်ရှိသလိုလုပ်တယ်။ အိုးတစ်ဖိုဖြစ်ဖို့ စရိတ်ကြီးတယ်။ တစ်ချို့အိမ်တွေကမလုပ်နိုင်တော့လို့ရပ်လိုက်တာရှိတယ်။ မလုပ်ချင်တော့လို့ရပ် လိုက်တာရှိတယ်။ အဓိကကတော့ နိုင်ငံခြားဖြစ်ကော၊ ပြည်တွင်းဖြစ်ပါ ပလပ်စတစ်ပစ္စည်းတွေ၊ စတီးနဲ့ ကြွေရည်သုတ် အိမ်သုံးဆောင်ပစ္စည်းတွေပေါများလာတာကြောင့် အလုပ်သိပ်မဖြစ်တော့ဘူး။” ဟု ရွာသားတစ်ဦးကပြောသည်။
အကြမ်းခံပေါ့ပါးပြီးဈေးနှုံန်းချိုသာသည့် ပလပ်စတစ်ပစ္စည်းများနှင့် စတီးပစ္စည်းများမြန်မာနိုင်ငံအနှံပြားသို့ ၀င်ရောက်လာခြင်းက ချောင်းကောင်းရွာနှင့် အခြားမြေအိုးလုပ်ကိုင်ရာဒေသများ ကိုရိုက်ခိုက်မှုများစေခဲ့သည်။ အမှာနည်းလာခဲ့ပြီး စရိတ်စကကြီးမားလှသည့် အိုးလုပ်ငန်းတွင် ယခင်ကလို ဖိုကြီးများမဖုတ်နိုင်တော့ပဲ ဖိုလေးများကိုသာ နှစ်ပတ်တစ်ခါ ဖုတ်နိုင်တော့သည်။ အိုးဖုတ်ရာတွင်သုံးသည့် ပစ္စည်းများမီးလောင်ကျွမ်းရာမှ ထွက်လာသည့် ညော်နံ့နှင့်အတူ နွေရာသီမီးဘေးအန္တရာယ်ကြောင့် အဂါင်္နေ့ညနှင့် သောကြာနေ့ညများကိုသာ ရွာပြင်ကွင်းထဲတွင် အိုးဖုတ်ခွင့်ကိုခွင့်ပြုတော့သည်။
“ အဒေါ်တို့ကတော့ လက်ဆောင်ပေးတဲ့မလိုင်အိုးလေးတွေလုပ်တယ်။ တစ်အိုးကို ငါးဆယ်ရတယ်။ လုပ်နိုင်ရင်လုပ်နိုင်သလောက်တော့ ပြီးပါတယ်။ ဖောက်သယ်တွေကအိမ်အေ၇ာက်လာသယ်ကြတယ်။ အရင်ကတော့ အမျိုးစားအစုံလုပ်တယ်။ အ၇င်ကလိုဝယ်သူမလှိုင်တော့ဘူး။ မိရိုးဖလာအနေနဲ့မပျောက်ပျက် အောင်လုပ် တာလောက်ပဲ ရှိတော့တယ်” ဟုမလိုင်အိုးလေးများကို ပန်းဖော်နေရင်းက ဒေါ်မြင့်သန်း တစ်ယောက် လွမ်းဆွေးစွာပြောပြနေသည်။
မြန်မာ့နန်းတွင်းအရေးတော်ပုံတစ်ခုဖြစ်သည့် မြင်ကွန်း၊ မြင်းဂုံတိုင် အရေးတော်ပုံတွင် မန္တလေးနန်းတွင်းသူ နန်းတွင်းသားများနှင့် လက်မှုပညာသယ်အများသည် ထွက်ပြေးခိုလှုံရင်း ဤချောင်းကောင်းရွာတွင် အခြေချရာမှ အိုးလုပ်ငန်းစတင်ခဲ့သည်ဟု ရှေးမီနောက်မီလူကြီးတစ်ဦးကပြောသည်။ တစ်ခေတ်တစ်ခါကလည်း အိုးလုပ်ငန်းကို အမှပြု၍ ရွာ၏ စားဝတ်နေရေးပြေလည်ခဲ့သည်။ ပြည်၊ အောင်လံ၊ ပေါက်ခေါင်း၊ ပေါင်းတလည် မြို့များသို့ တိုင်ချောင်းကောင်းရွာမှ အိုးများရောက်ခဲ့သည်။ ယခုတော့ရွာတွင်အိုးလုပ်သုများနည်းပါး ခဲ့ပေပြီ။
“ နောက်လူငယ်တွေကအိုးပညာကို မသင်ချင်ကြတော့ဘူး။ ရိုးရာယဉ်ကျေးမှုဓလေ့ကို စိတ်ဝင်စားမှုနည်း လာကြတယ် အခြားငွေများများရတဲံလုပ်ငန်း တွေကိုသာလုပ်လိုကြတယ် ” ဟုပျောက်ကွယ်လုဖြစ်နေသည့် အိုးလုပ်ငန်းကို နှမြောတသစွာဖြင့် ရွာခံတစ်ဦးကပြောသည်။
ပေါက်ခေါင်းမြို့နယ် အတွင်းမှာပါသော်လည်း နယ်မြေနီးစပ်မှုအရ ပေါင်းတလည်တိုက်နယ်နှင့် နီးစပ်သည့် ချောင်းကောင်းရွာ သည်အရင်လို တသီးတသန့် မဆန်တော့ပေ။ သိပ်သည်းလာသည့် လူနေမှုကြောင့် အိမ်ခြေများ တိုးချဲ့လာခြင်းက မြို့နှင့်နီးစပ်လာစေခဲ့သလို ယဉ်ကျေးမှုများ လူနေမှုစရိုက်များလည်း ရောထွေးလာခဲ့ပေပြီ။ ခေတ်မီအသုံးဆောင်များကိုသုံးးစွဲရင်း ရိုးရာဓလေ့အချို့လည်း ပျာက်ကွယ်ခဲ့သည်။ ထိုအထဲတွင် ရွာ၏အထင်ကရဖြစ်သည့် မြန်မာ့အိုးလုပ်ငန်းသည်လည်း တဖြည်းဖြည်းဖြင့် တိမ်မြုပ်လုနီးပါးသို့ရောက်လာတော့မည်လားဟု တွေးတောစိတ်မကောင်းယုံမှအပ အခြားမရှိခဲ့ပါချေ။
ဝေလင်း(ပြည်)

တင်ဆက် ... ပြည်သတင်းလူငယ်(ပြည်သတင်း)
0 comments:
Post a Comment