Thursday, August 21, 2014

ကျွန်းတောင်သူတို့မျှော်လင့်ချက်.....................ဝေလင်း(ပြည်)

Leave a Comment
ကျွန်းတောင်သူတို့မျှော်လင့်ချက်
==========================
သူရဲဇီးမြေနုကျွန်းကလေးရှိရာသို့ အနောက်တောင်အရပ်ဆီက အနက်ရောင်မိုးသားများမျောလွင့်လာခဲ့ပြီ။ သိပ်မကြာသေးသောရက်များက ရွာသွန်းခဲ့သောမိုးက ကျွန်းတောင်သူများကို သတိပေးလိုက်သလိုဖြစ်စေ ခဲ့သည်။ ၀သာန်မိုးဦးကအရောက်စောမည်လား မည်သူမျှမသိနိုင်။ မြစ်ဧရာ၏ရေပြင်ကလည်း ကျွန်းနယ်နိမိတ် ဆီချဉ်းနင်းဝင်ရောက်လာခြင်းနှင့်အတူ မြေဆီသြဇာကောင်းမွန်လှသော ကျွန်းမြေနုနုပေါ် ပြောင်းပင်တို့က အရွယ်ရောက်နေပြီဖြစ်သောကြောင့် စိုးရိမ်စိတ်နှင့် မိုးကောင်းကင်သို့မော့ ကြည့်မိကြသည်။ ဤပြောင်းပင် တို့က ဒီနှစ်ရာသီ၏နောက်ဆုံးသီးနှံ နောက်ဆုံးမျှော်လင့်ချက်။ အကယ်၍သာ မိုးဦးအရောက်စောခဲ့ပါက တစ်မိုးတွင်းလုံးနစ်မြှပ်နေတော့မည့် ကျွန်းနှင့်အတူ ပြောင်းစိုက်ခင်းများပါ လက်လွှတ်ဆုံးရှုံးလိုက်ရတော့မည် ဖြစ်သည်။ ထို့ပြင်ကျွန်းမြေများအား အပြီးသတ်ဆုံးရှုံးရနိုင်သည့် အဖြစ်ပျက်ကလည်း မကြာသေးခင်ကဖြစ်ပွားခဲ့ရာ စိုးရိမ်စိတ်တို့ဒီရေမြင့်တက်ခဲ့ရပြန်သည်။
မြန်မာနိုင်ငံ၏ မြစ်ချောင်းများအတွင်း သဘာဝတရား၏ဆန်းကျယ်မှုကြောင့် မြေဆီသြဇာကောင်းမွန်လှသော မြေနုကျွန်းများစွာပေါ်ပေါက်လျှက်ရှိသည်။ ယင်းကျွန်းများကိုမှီခို၍စိုက်ပျိုူးစားသောက်နေကြရသည့် တောင်သူ များမှာ အတန်ငယ်အဆင်ပြေချောင်လည်ကျသည်ဟု ပြောလျှင်လည်းရမည်။ သို့သော် ထိုသို့အနည်းငယ် အဆင်ပြေမှုတွင် မြေနုကျွန်းများ၏ သဘာဝအတိုင်း မရေရာမသေချာပေ။ မိုးတွင်းကာလတွင် ရေပြင်အောက် နစ်မြှပ်လေ့ရှိပြီး။ ဆောင်းဦးပေါက်လျှင်ပြန်ပေါ်လာတတ်သည်။ တစ်ခါတစ်ရံတွင်တော့ လုံးဝပျောက်ဆုံးနစ်မြှပ် သွားသည့်မြေနုကျွန်းများလည်းရှိသလို အသစ်ပေါ်ထွန်းလာသည့်မြေနုကျွန်းများလည်းရှိတတ်သည်။ ထိုကြောင့် မြေနုကျွန်းတွင်လုပ်ကိုင်စားသောက်နေရသည့် တောင်သူများအဖို့ မြေယာပိုင်ဆိုင်မှုမှာလည်း ပုံသေတွက်ဆ ထား၍မရပေ။ မည်သို့ပင်မရေရာမသေချာမှုများရှိနေသော်လည်း နွမ်းပါးလှသည် တောင်သူများအဖို့ မျှော်လင့်ချက်ကတော့အပြည့်။
“မြေနုကျွန်းဆိုတာမှာလည်း သဘာဝအလျှောက်ဖြစ်ပေါ်တယ်ဆိုပေမယ့်ပြီးပြည့်စုံတဲ့ကျွန်းမျိုးဆိုတာရှားတယ်။ လူတွေကနေပြီးးမှစိုက်ပျိုးရအောင်ဖန်တီးယူရတာပါ။ ပြောရရင် အကြောင်းအမျိုးမျိုးကြောင့် မြစ်ကြောင်းတွေ ပြောင်းလဲသွားတဲ့အခါ မြစ်ထဲမှာသဲသောင်တွေထွန်းလာတတ်တယ်။ စပေါ်ခြင်းမှာတော့ သဲတွေချည်းပဲစိုက်ပျိုး လို့မရဘူး။ အဲဒါကို မြစ်ရေကျချိန်သောင်စပ်နားတွေမှာကိုင်းပင်ကိုင်းရိုးတွေလျှောက်ထိုးစိုက်ထားရတယ်။ ရေလည်းတက်လာရော မြစ်ရေနဲ့အတူမျောပါလာတဲ့ နုန်းတွေကိုအဲဒီအပင်တွေကစစ်ယူထားရင်း မြေသားတက် လာတယ်။ ဒီလိုမျိုးသုံးလေးနှစ်လောက် အပင်ပန်းခံလုပ်လိုက်တဲ့အခါကျမှ နုန်းတွေထုထည်ကြီးလာပြီး စိုက်ပျိုး လို့ရတဲ့ မြေနုဆိုတာဖြစ်လာတာမျိုးပါ။” မြနုကျွန်းများဖြစ်ပေါ်လာပုံကို ရှင်းပြနေသည့် သူရဲဇီးကျေးရွာမှ ဦးသန်းစိန်က ကျွန်းလေးပေါ်ရှိပြောင်ခင်းများအတွက် စိုးရိမ်စိတ်မကင်းသည့်အကြည့်ဖြင့် ကြည့်ရင်းလာရောက် သတင်းယူသည့် သတင်းထောက်များကို ရေနွမ်းကြမ်းသောက်ရန်လောကွပ်ပျူငှာနေ ပြန်သည်။
သရဲဇီးကျေးရွာလေးမှာ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သရက်လိန်အုပ်စုတွင်ရှိပြီး ပန်းတောင်းမြို့နှင့် ၂ ဖာလုံခန့်သာဝေးကွာ၍ ဧရာဝတီမြစ်အနောက်ဘက်ကမ်းနဖူးတွင် မြစ်နှင့် အလျားလိုက် တည်ထားသည့် အိမ်ခြေ ၁၇၀ ခန့်ရှိသည့်ကျေးရွာလေးဖြစ်သည်။ ရွာလယ်မှဖြတ်ဖာက်ထားသည့် ပြည်- ပန်းတောင်း ကားလမ်းကြောင့် လမ်းပန်းဆက်သွယ်ရေးမခက်ခဲသော်လည်း အများစုမှာတောသူတောင်သားများ အဖြစ်လယ်လုပ်ငန်းနှင့် တံငါလုပ်ငန်းများကိုလုပ်ကိုင်စားသောက်ကြရသည်။ သဲ၊ကျောက်လုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်ရှိသော်လည်း မြို့မှလာရောက်လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များထံတွင် အငှားအထမ်းလုပ် ရသည်ကများသည်။ မကြာသေးသည့်နှစ်များအတွင်းက ရွာနှင့်မနီးမဝေးမြစ်အတွင်းပေါ်ပေါက်လာသည့် သဲသောင်ခုံကြီးကို ပြုပြင်ယူကြရာမှ မြေနုကျွန်းဖြစ်ပေါ်လာပြီး လက်လုပ်လက်စား၊ တံငါနှင့် မြေယာအငှား လုပ်ကိုင်သူများ အတွက်စားဝတ်နေရးဖြေရှင်းစရာ အထောက်ကူလေးရရှိခဲ့သည်ဟု ရွာသားများကပြောသည်။
“ကျွန်းစပေါ်တော့ ၁၉၈၉ ခုနှစ်လောက်မှာစပေါ်တယ်။ အရင်ဆုံးကသဲသောင်ကြီးပေါ့ အဲဒီသောင်ခုံကြီးကို ကိုင်းရိုးတွေထိုးပြီး တစ်နှစ်ပြီးတစ်နှစ်ပြုပြင်ယူလိုက်တာမှာ ၂၀၀၄ ခုနှစ်ကြတော့စစိုက်ပျိုးလို့ရတဲ့အနေထားကို ရောက်တဲ့အချိန်မှာ ရွာအုပ်ချုပ်ရေးမှူးဦးဌေးဝင်းကနေပြီး လူတစ်ဦးတစ်တာ(အလျား ၃၅ ပေ အနံ မြစ်ပေါက်) ၃၅၀၀ ကောက်ခံပြီးတောင်သူ ၂၀၃ ဦးကိုချပေးခဲ့တာပါ။အခုကျတော့ စိုက်ပျိုးလို့ကျင့်သားလေးလည်း ရလာတော့လုပ်ပိုင်ခွင့်အရှုပ်ရှင်းပေါ်လာတယ်။ ရွှေတောင်နယ်ဘက်ကနေလာပြီးနေရာမှတ် ငုတ်ရိုက်တာတွေ လုပ်လာတယ်။ ” ဟုသူရဲဇီးကျေးရွာမှ ဦးတင်အောင်ကပြောသည်။
စတင်စိုက်ပျိုးရချိန်မှစ၍ တောင်သူများအနေဖြင့်စီးပွားဖြစ်သီးနှံဟူ၍ မည်မည်ရရမစိုက်ပျိုးနိုင်သေးပေ။ မြေစမ်းခရမ်းပျိုးဆိုသလို ကြက်ဟင်းခါး၊ ဗူး၊ ဖရုံ၊ သခွား၊ ဖရဲ၊ ငရုတ်၊ ချဉ်ပေါင်၊ နံနံ၊ စမြိတ်၊ ပဲမျိုးစုံနှင့် ပြောင်းတို့ကို ရာသီအလိုက်စိုက်ပျိုးနေပြီး မြေပဲနှင့် ပြောင်းတို့မှာ အတန်ငယ်ဈေးကွတ်တွင်းတင်ပို့နိုင်ခဲ့သည်။ သီတင်းကျွတ်လမှစ၍ ဆောင်းသီးနှံများစိုက်ပျိုးကာ ၀ါဆိုလမြစ်ရေတက်ချိန်ထိကိုင်းကျွန်းသီးနှံများစိုက်ရင်း အချို့နှစ်များတွင်တော့ မိုးဦးစော၍မြစ်ရေလွှမ်းချိန်စိုက်ပျိုးသီးနှံများမြစ်ရေအောက် နစ်မြုပ်ခဲ့ရသည်များလည်း ရှိသည်။ ထိုနှစ်များတွင်တော့ရင်းနှီးထားမှုများ ဆုံးရှုံးခဲ့ရသလို မျော်လင့်ချက်များလည်းပျောက်ဆုံးခဲ့ရသည်။
မရေရာလှသောမျော်လင့်ချက်များအား ပိုမို၍ အရောင်မှေးမိန်သွားစေသည့် အဖြစ်ပျက်တစ်ခုသည် ၂၀၁၃ ခုနှစ် ၁၁ လပိုင်းတွင်ရောက်ရှိလာခဲ့ပြီး ကျွန်းတောင်သူများကိုထိတ်လန့်စိုးရိမ်စေခဲ့သည်။ မြေနုကျွန်းလေးမှာ အုပ်ချုပ် ရေးနယ်မြေဧရိယာအရ ရွှေတောင်မြို့နယ်၊ မင်းတဲကျေးရွာအုပ်စုတွင်ပါဝင်နေခြင်းကြောင့် ရွှေတောင်မြို့၏ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ မြေစာရင်းဦးစီးဌာနမှတာဝန်ရှိသူများနှင့် အခြားဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့များ သည် ကျွန်းပေါ်တွင်မြေနေရာတိုင်းတွာခြင်း ငုတ်ရိုက်ခြင်းများပြုလုပ်ခဲ့ပြီး တောင်သူများ၏ တားမြစ်မှုကြောင့် ရပ်ဆိုင်းခဲ့ကာ ပြည်ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂.၁၂.၂၀၁၃) အစည်းဝေးဆုံးဖြတ်ချက်အရ မြေနုကျွန်း မြေ ၃၅၈ ဧကအား ပန်းတောင်းမြို့နယ်မှ ၂၄၁ ဧက၊ ရွှေတောင်မြို့နယ်မှ ၁၀၃ ဧကခွဲဝေယူရန်ညွှန်ကြားခဲ့ပြီး ၎င်းခွဲဝေမှုကို ၁၉၅၁ ခုနှစ်မြန်မာနိုင်ငံမြေခွန်တော်လက်စွဲဥပဒေ အမိန့်ဆင့်ဆိုချက် ၅(၁) အရဆောင်ရွက်ရန်ဟု ပါရှိသည်။
မြေနုကျွန်းမြေပေါ်ရှိ လုပ်ကိုင်နိုင်သောမြေ၏ အနားရေးနှင့် သူရဲဇီးရွာစည်းရိုးမှာ ၇၆၆ ပေကွာဝေးပြီး၊ မင်းတပ်ရွာစည်းရိုးနှင့် ၁၂၂၀၀ ပေကွာဝေးသည်ဟုမြေပုံများတွင်ဖော်ပြထားသည်။ မြေနုကျွန်းမြေ လုပ်ကိုင်ခွင့်များ ချထားပေးရာတွင် ၂၀၁၂ခုနှစ် ကအတည်ပြုပြဌာန်းပြီးဖြစ်သော လယ်ယာမြေဥပဒေ၊ နည်းဥပဒေပုဒ်မ ၁၀၄ တွင် မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ကို တစ်နှစ်တစ်ရာသီအတွက်သာချထားရမည်ဖြစ်ပြီး နှစ်စဉ်နွေထည်ရေးအမီ ကျွန်းရေမလွှမ်းမိုးမီကတည်းကပင်ကြိုတင်စီမံထားရမည်ဖော်ပြကာ နည်းဥပဒေ ၁၀၅ တွင် မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ချထားရေးအတွက် စီမံခန့်ခွဲရာတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် (က) ရပ်ကွတ်(သို့) ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွမြှုအဖွဲ့များနှင့် ညှိုနှိုင်း၍ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ အတည်ပြုချက်ဖြင့် မြေနုကျွန်းမြေနှင့် အနီးကပ်ဆုံးဖြစ်သောကျေးရွာများ သတ်မှတ်ရမည်။ (ခ) မြေနုကျွန်းမြေနှင့် အနီးကပ်ဆုံးကျေးရွာများ၏ ရါာစည်းရိုးနှင့် မြေနုကျွန်းမြေပေါ်ရှိ လုပ်ကိုင်နိုင်သောမြေ၏ အနားရေးတို့အတိုဆုံးအကွာဝေးကိုနှိုင်းယှဉ်စဉ်းစားရမည်၊ ကျေးရွာအုပ်စုနယ်နိမိတ်နှင့်နှိုင်းယှဉ်ခြင်းမပြုရ။ ဟုဖော်ပြပါရှိသည်။ ထိုကြောင့် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့များ၏ စီမံခန့်ခွဲမှုများကို သူရဲဇီးတောင်သူများ အနေဖြင့်သံသယများတိုးပွားလာခဲ့သည်ဟု ရွာသားများကပြောဆိုသည်။
“အဒေါ်မှာအခုမှစိုက်ပျိုးဖို့ ကြိုးစားနေတုန်းပါ ကျွန်းကိုပြုပြင်ခဲ့ကြတာလည်း အဒေါ်တို့ပါပဲစိုက်ကောင်းကာနီး ကျမှနေ၇ာဖယ်ပေး၇မယ်ဆိုတာ့ အလုပ်ကိုဆက်လုပ်ချင်စိတ်တောင်ပျောက်သွားတယ် သူတို့သတ်မှတ်သလို ဧကကအများကြီးရှိတာမဟုတ်ဘူး။ စိုက်ပျိုးလို့မရတဲ့သဲသောင်တွေအများကြီးရှိတယ်။ ဒါတွေကိုပါထည့်တွက်ပြီး ခွဲဝေတယ်။ ရွှေတောင်ကတကယ်စိုက်ပျိုးကောင်းတဲ့နေရာတွေ အဒေါ်တို့နေရာတွေကို လိုချင်တယ်။ ရေမြှပ်တာကတော်သေးတယ်။ လုတာကမလွယ်ဘူး။ စိုးရိမ်လွန်းလို့အိပ်တောင်မပျော်ဘူး” ဟုကျွန်းမြေ ခွဲဝေချထားမှုကို စိုးရိမ်နေသည့် ကျွန်းတောင်သူဒေါ်စိန်စိန်ကပြောသည်။
မြေနုကျွန်းမြေခွဲချထားမှုများနှင့် ပတ်သတ်၍ ပန်းတောင်းမြို့နယ်မြေစာရင်းဦးစီးမှူးဦးရဲဝင်းက မြေနုကျွန်းဥပဒေအရ တစ်နှစ်သာလုပ်ပိုင်ခွင့်ရရှိမှာဖြစ်ပြီး ယခုဖြစ်ပွားနေသည့်မြေနုကျွန်းမှာလည်း တရားဝင်ချထားပေးခြင်းမရှိသေးပဲ ချထားပေးရန်စီစဉ်နေခြင်းသာဖြစ်ကြောင်း အုပ်ချုပ်ရေးနယ်နိမိတ်အရ ရွှေတောင်ကပိုင်ဆိုင်ပြီး မြေနုကျွန်းချထားပေးမှုအရ သူရဲဇီးကျေးရွာကရနိုင်ကြောင်း ပြောဆိုသည်။
မိုးကာလသည်ရောက်ရှိလာပြီဖြစ်ရာ မြေနုကျွန်းမြေမှာလည်း မကြာခင်ဧရာမြစ်ပြင်အောက်ရောက်ရှိတော့မည် ဖြစ်သည်။ ပြောင်းခင်းတို့က မုတ်သုံလေနှင့်အတူ ယိမ်းနွဲ့နေကြသည်။ ထယ်ကြောင်းထဲတွင်ကျဲပတ်ထားသည့် ပဲတီစိမ်းလေးများလည်း အပင်ပေါက်နေပေပြီ။ ကျွန်းမြေမနှစ်မြှပ်ခင် သီးနှံများအောင်မြင်စွာခူးစွတ်ပြီးချင်နေကြ သည်။ သို့သော်ထိုဆန္ဒသည်ပြည့်ဝနိုင်မည်လားဆိုတာ တောင်သူတို့မပြောနိုင်။ စိုက်ခင်းများကိုထားခဲ့ ရတော့မည်။ ယာယီနေအိမ်လေးများကို စွန့်ခွာရတော့မည်။ တစ်မိုးတွင်းလုံးကြုံရာကျပန်းလုပ်ကိုင်ရင်း တံငါလုပ်ရင်း ကျော်ဖြတ်ရမည်။
“ ဒီလိုပဲမြစ်ရေတက်ချိန်မှာ လူနေအိမ်တွေရောထားခဲ့ရတာပဲ။ ကိုရွာကိုပြန်နေကြပေါ့။ သီနှံလေးတွေအချိန်မီ ရိတ်သိမ်းနိုင်ဖို့ကိုပဲစိုးရိမ်နေရတယ်။ ဒါပေမယ့်အခုကတော့ နောက်နှစ်မှာလုပ်ကိုင်ခွင့်ရအုံးမလားဆိုတာ မသေချာတော့ဘူး။ ပြီးခဲ့တဲ့နှစ်တွေကတော့ မိုးကုန်လို့ဆောင်းဦးပေါက်ရင် ကိုယ့်အကွတ်လေးတွေကိုယ်စိုက်ဖို့ ကျွန်းပေါ်ပြန်တက်ကြရတာ။ ပြန်လုပ်ခွင့်ရဖို့တော့မျှော်လင့်ရတာပေါ့ ” တောင်သူကိုရာဇာ၏ စကားကနားထဲကမထွက်။
မိုးတိမ်တောင်တို့က မြေနုကျွန်းပေါ်လွှမ်းခြုံလာသည်။ ကျွန်တော်တို့ပြန်ရန်ခြေလှမ်းပြင်လိုက်သည်။ နောက်တွင်မြေနုကျွန်းကကျန်ခဲ့သည်။ ကျွန်းတောင်သူတို့ကျန်ခဲ့သည်။ သူတို့၏မျှော်လင့်ချက်တွေကတော့ ချန်နေလိမ့်မည်မဟုတ်။ ခက်ခဲလှသည့်ဝမ်းရေးအတွက် စိုက်ပျိုးမြေလေးများကိုမျှော်လင့်ကြသည်။ သို့သော်တစ်ဆောင်းသစ်လျှင်တော့ လုပ်ပိုင်ခွင့်ရမရ မျှော်လင့်ချက်တို့ဖြင့်………………………..။

ဝေလင်း(ပြည်)
Daily ElEVEN သတင်းစာမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

Facebook Like Page