လက်ထပ်ရန်ငြင်းဆန်သည့် ချစ်သူကို ဓါးနင့်ထိုးပြီး မိမိကိုယ်ကိုအဆုံးစီရင်မှု ရွှေတောင်၌ ဖြစ်ပွား
သီဟလွင်-ပြည်-(မြစ်မခ)
ပဲခူးတိုင်းအနောက်ပိုင်း ရွှေတောင်မြို့၌ ချစ်သူမိန်းကလေးက လက်မထပ်နိုင်ဟု ငြင်းဆန်သဖြင့် ချစ်သူ မိန်းကလေးနှင့် ယခင်က ထိုမိန်းကလေးနှင့် ချစ်သူဖြစ်ခဲ့သူတစ်ဦးက မိမိကိုယ်ကို ဓါးဖြင့်ထိုးကာ အဆုံးစီရင်မှု ဇူလိုင်လ (၂၆)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ရွှေတောင်မြို့မရဲစခန်းမှ သိရသည်။
“အမှုကတော့ တည်ဆောက်ရတာပေါ့။ ဒါပေမဲ့ ကျုးလွန်သူကလည်း သေဆုံးသွားပြီဆိုတော့ အမှုပိတ်ရတယ်။ တရားရုံးတွေဘာတွေတော့မရောက်တော့ဘူး”ဟု ရွှေတောင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ သေဆုံးသူ အမျိုးသမီးနှင့် အစ်မဖြစ်သူတို့ ဈေးမှအပြန် နေအိမ်နှင့် မျက်နှာချင်းဆိုင်ရှိ ကွပ်ပျစ်တွင် သူငယ်ချင်းဖြစ်သူနှင့် စကားပြောနေစဉ် သေဆုံးသူနှင့် ယခင်ကချစ်ကြိုက်နေသူ ကြည်လွင်ဆိုသူ ရောက်ရှိလာပြီး သေဆုံးသူအမျိုးသမီးအား လက်ထပ်ရန်ပြောရာ အမျိုးသမီးက ငြင်းဆန်သဖြင့် အသင့်ပါ လာသော ဓါးဖြင့်လိုက်လံထိုးသတ်ခဲ့သည်ဟု မျက်မြင်သက်သေများက ထွက်ဆိုကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
“စကားပြောနေတုန်းမှာပဲ ကြည်လွင်ရောက်လာပြီး ကျွန်မညီမကို နင်ဘယ်လိုအချိုးချိုးနေတာလဲ နင်ငါ့ကို မယူပဲ ဘယ်သူ့ကိုယူမှလဲလို့ မေးတယ်။ကျွန်မညီမက ငါဘယ်သူကိုယူရမှာလဲ။ နင့်ကိုလည်း မယူနိုင်ဘူးလို့ ပြောတော့ ဓါးနဲ့လိုက်ထိုးတော့တာ။ ပြေးတာတောင်မလွတ်ဘူး။ ညီမလေး ဓါးနဲ့အထိုးခံရတယ်။ပြီးတော့ သူကိုယ်သူလည်း ဓါးနဲ့ထိုးပြတယ်။ ကျွန်မကိုလည်း လိုက်ထိုးတယ်။ကျမလည်းထွက်ပြေးရတယ်”ဟု သေဆုံးသူ၏ အစ်မဖြစ်သူက ပြောသည်။
ဓါးဖြင့်အထိုးခံရသည့် အမျိုးသမီးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ပြီး ကိုကြည်လွင်မှာလည်း အဆိုပါနေ့၌ပင် မိမိကိုယ်ကိုဓါးဖြင့်ထိုးပြီး သတ်သေခဲ့သည်ဟု သိရသည်။
အဆိုပါအမှုအား သေဆုံးသူ၏အစ်မဖြစ်သူ၏တိုင်တန်းမှုကြောင့် ရွှေတောင်မြို့မရဲစခန်းက(ပ)၁၉၆ /၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး မိမိကိုယ်ကို သတ်သေမှုအတွက် သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၄ ဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
0 comments:
Post a Comment