Wednesday, July 2, 2014

အဆင့်ဆင့်လွှဲပြောင်းရောင်းချထားသည့် သိမ်းဆည်းယာမြေများကို ဓမ္မဦးကျတောင်သူများတောင်းဆို ပြည့်သဲမောင်(ပြည်)

Leave a Comment




အဆင့်ဆင့်လွှဲပြောင်းရောင်းချထားသည့် သိမ်းဆည်းယာမြေများကို
ဓမ္မဦးကျတောင်သူများတောင်းဆို
ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် ပိုင်ရှင်အဆင့်ဆင့်
လွှဲပြောင်းရောင်းချထာသည့် သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိရေးအတွက်
ဇူလိုင်၁ရက်နေ့က ဓမ္မဦးကျတောင်သူ (၂၅)ဦးက လမ်းလျှောက်ချီတက်
ဆန္ဒပြတောင်းဆိုခဲ့သည်။

ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းအုပ်စု ကွင်းအမှတ်၈၄၉ ရှိ ယာမြေ
(၁၃၀)ဧက နှင့် ကွင်းအမှတ် ၈၄၄(A)ရှိယာမြေ (၁၂၀)ဧကကို
ဓမ္မဦးကျတောင်သူများက ပြန်လည်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခြင်းဖြစ်သည်။
၂၀၀၆ခုနှစ်တွင် အင်ငါးဂွသကြားစက်မှ ကြံစီမံကိန်းအကြောင်းပြကာ
ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းအုပ်စု ကွင်းအမှတ်၈၄၉ ရှိ ယာမြေ
(၁၃၀)ဧက သိမ်းယူခဲ့သည်။ စီမံကိန်းမအောင်မြင် သည့်အတွက် ၂၀၀၈ခုနှစ်တွင်
ကွင်းတာဝန်ခံနှစ်ဦးမှတဆင့် ဓမ္မဦးကျတောင်သူများအား ပြန်ပေးရန်
စီစဉ်ခဲ့သော်လည်း ၄င်းကွင်းတာဝန်ခံများက
အဆင့်ဆင့်လွှဲပြောင်းရောင်းချခဲ့သည်ဟု ဆန္ဒပြတောင်သူတစ်ဦးကပြောသည်။

"ဦးပိုင်ကကျွန်တော်တို့ရွာက လူနှစ်ယောက်ကိုအလုပ်ခန့်တယ်။
စီမံကိန်းမအောင်မြင်တော့ တောင်သူတွေကို ယာတွေပြန်ပေးဖို့
အဲဒီလူတွေကိုလွှဲပေးခဲ့တယ်။ အဲဒီနှစ်ယောက်က ပြန်မပေးဘဲ
ရောင်းပစ်စားပစ်တယ်" ဟုဆန္ဒပြသူတစ်ဦးကပြောသည်။
သို့သော်ကိုစိုးသန်း (ထိုစဉ်ကဌက်ပျောတောကျေးရွာအုပ်ချုပ်ရေးမှူး)က "
သကြားစက်က အဲဒီတုန်းက နစ်နာကြေးခြောက်ထောင်ပေးပြီးဝယ်တာ။
ကျေကျေနပ်နပ်နဲ့ရောင်းပြီးသား။ စာချုပ်တွေရှိတယ်" ဟုပြောသည်။
၂၀၀၃ခုနှစ်တွင် မြန်မာ့ကြံမှအရာရှိတစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၊
မြေစာရင်းဌာနတို့ ပူးပေါင်းကာသိမ်းယူခဲ့သော ကွင်းအမှတ် ၈၄၄(A)ရှိယာမြေ
(၁၂၀)ဧကကို သိမ်းယူခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့်
ဒေါ်အေးအေးဝင်းအား လွှဲပြောင်းရောင်းချခဲ့ကြောင်း
ဆန္ဒပြတောင်သူများကပြောသည်။

" ကြံဌါနကလူကြီးတစ်ယောက်ရယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရယ်
မြေစာရင်းဌါနရယ်ပေါင်းပြီး ဂရန်မြေဆိုပြီးသိမ်းသွားတယ်။
အဲဒီတုန်းကကျွန်တော်တို့ကြောက်လို့ မတိုင်ရဲဘူး" ဟုဆန္ဒပြ
တောင်သူတစ်ဦးကပြောသည်။
လက်ရှိလုပ်ကိုင်နေသူဒေါ်အေးအေးဝင်းက ယာမြေ (၉၅.၇၅)ဧက ကို
၂၀၀၄ခုနှစ်တွင်မြန်မာ့ကြံဌါန ဦးကြည်ဆွေထံမှ စာချုပ်စာတမ်းဖြင့်
ဝယ်ယူလုပ်ကိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် မြေစာရင်းဌါနတွင်
ပုံစံ(၁)လျှောက်ထားခဲ့ရာ ပုံစံ(၇)ရရှိပြီး သက်သေခံစာရွက်စာတမ်း
အထောက်အထား အပြည့်အစုံရှိကြောင်း ပြောသည်။
၎င်းမှဆက်လက်၍ "မြေလွတ် မြေရိုင်းအင်တိုင်းတောကြီး
ဖြစ်နေတာကိုဦးကြည်ဆွေက ရှင်းလင်းပြီး လယ်ယာမြေဖော်ထုတ်ခဲ့တယ်။
လေးငါးနှစ်လောက်လုပ်ပြီးရှုံးတော့ ကျွန်မယောကျာင်္းကို ပြန်ရောင်းခဲ့တယ်။
အဲဒီယာတွေက စွန့်လွှတ်မြေ အမျိုးအစားထဲမှာပါတယ်။ သဲမြေစစ်စစ်ကြီးပါ။
ကျွန်မရောက်တဲ့အချိန် အောင်မြင်အောင် လူလူသူသူဖြစ်အောင်
စိုက်ခဲ့တယ်"ပြောသည်။

ယာမြေများနှင့်ပတ်သတ်ပြီး ဓမ္မဦးကျတောင်သူများက
မြို့နယ်မြေယာကော်မတီထံတင်ပြရာ ကျေးရွာအုပ်စု မြေယာကော်မတီမှစီစစ်နေသည်။
မေလအကုန်နှင့် ဇွန်လအတွင်း ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခဲ့ရာ
ပိုင်နက်ကျူးလွန်မှု အကျိုးဖျက်စီးမှုများဖြင်တောင်သူ
(၁၁)ဦးတရားဆွဲဆိုခြင်း ခံထားရသည်။
ဆန္ဒပြသူများသည်ပေါက်ခေါင်းမြို့အ၀င် မောင်းတံဂိတ်အနီးမှစတင်ကာ
ပြည်-ပေါက်ခေါင်း- တောင်တွင်း လမ်းအတိုင်း လမ်းလျှောက် ချီတက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ် ဗိုလ်ချုပ်ကျေးရုပ် အရောက်တွင်
ကျေးရုပ်အားတစ်ပတ်ပတ်ကာ ပြန်လည်ထွက်ခွာခဲ့သည်။ ထို့နောက်
မြို့နယ်မြေစာရင်းရုံးမြို့နယ်တရားရုံး ၊ မြို့နယ်တရားရုံး နှင့်
မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့သည်။
ဆန္ဒပြသူများသည် " သိမ်းဆည်းလယ်ယာမြေပြန်လည်ရရှိရေး တို့အရေး"
"တရားဥပဒေစိုးမိုးရေး တို့အရေး" "ဘိုးဘွားစဉ်ဆက် ဓမ္မဦးကျလုပ်ကိုင်လာသော
လယ်မြေများပြန်လည်ရရှိရေး တို့အရေး"
"အနိုင်ကျင့်ဗိုလ်ကျစနစ်ပပျောက်ရေး တို့အရေး" "နိုင်ငံတော်တာဝန်ရှိသူများ
အမြန်ဆုံးလာရောက်ဖြေရှင်းပေးရေး တို့အရေး"
စသည့်ကြွေးကြော်သံများကိုကြွေးကြော်ခဲ့သည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page