ဝါရှင်တန် သြဂုတ် ၂ဝ
အမေရိကန် နိုင်ငံသို့ လေးရက်ကြာ အလည်အပတ်
ခရီးရောက်ရှိနေသော တရုတ် ကာကွယ်ရေး ဝန်ကြီး ချန်ဝမ်ကွမ်သည် အမေရိကန်
ကာကွယ်ရေး ဝန်ကြီး ချက်ဟေဂယ်လ်နှင့် ပင်တဂွန်
စစ်ဌာနချုပ်တွင် တွေ့ဆုံ ဆွေးနွေးမှု
ပြုလုပ်ပြီးနောက် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း
သြဂုတ် ၂ဝ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးများ
အနေဖြင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်
လုပ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ထုတ်ဖော် ပြောကြား
ခဲ့ကြောင်း သိရသည်။ ထို့အပြင် စစ်ရေး လေ့ကျင့်ခန်းများ၊ စစ်ဘက်ဆိုင်ရာ
ဖလှယ်မှုများ တိုးချဲ့ လုပ်ဆောင်သွားရန် နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးများက
သဘော တူညီခဲ့ကြပြီး ဟာဝိုင်အီ ကျွန်းစုအနီးတွင် လူသားချင်း စာနာထောက်ထားမှု
ဆိုင်ရာ ကယ်ဆယ်ရေး လေ့ကျင့်ခန်း၊ ဆိုမာလီနိုင်ငံ အနီးရှိ ရေပိုင်နက်တွင်
ပင်လယ်ဓားပြ တိုက်ဖျက်ရေး စစ်ရေး လေ့ကျင့်ခန်းနှင့် ၂ဝ၁၃ ခုနှစ်အတွင်း
အမေရိကန် အဆင့်မြင့် တာဝန်ရှိသူများ တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မည့်
အစီအစဉ်များကိုလည်း ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။ ပူးပေါင်း
ဆောင်ရွက်မှုများမှ တစ်ဆင့် နှစ်နိုင်ငံ စစ်ဘက်များအကြား အပြန်အလှန်
ယုံကြည်မှု တည်ဆောက်သွားရန် ရည်ရွယ်ထားကြောင်း ချက်ဟေဂယ်လ်က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသို့ အလည်အပတ်
သွားရောက်သည့် ခရီးစဉ်သည် ကာကွယ်ရေးဆိုင်ရာ ကဏ္ဍရပ်များ အပါအဝင် နှစ်နိုင်ငံ
တပ်ဖွဲ့ဝင်များအကြား ပူးပေါင်း ဆောင်ရွက်မှုများကို နီးကပ်စွာတိုးမြှင့်
လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ပါကြောင်းနှင့် တရုတ်နိုင်ငံ အနေဖြင့်
အမျိုးသား အကျိုးစီးပွားများနှင့် ပတ်သက်သည့် အဓိကကိစ္စရပ်များကိုမူ
အလျှော့ပေးမှု ပြုလုပ်သွားလိမ့်မည် မဟုတ်ကြောင်း ချန်ဝမ်ကွမ်က ပြန်လည်
ပြောကြားခဲ့သည်ဟုသိရသည်။
0 comments:
Post a Comment