Wednesday, July 2, 2014
ရှေးဟောင်းသမိုင်းဝင်ဝက်ထီးကန် ကန်ကြီး သာယာလှပရေးအတွက် သစ်ပင်တစ်ရာကျော်စိုက်ပျိုး ပြည့်သဲမောင်(ပြည်)
Leave a Comment
ရှေးဟောင်းသမိုင်းဝင်ဝက်ထီးကန် ကန်ကြီး သာယာလှပရေးအတွက် သစ်ပင်တစ်ရာကျော်စိုက်ပျိုး
ပြည့်သဲမောင်(ပြည်)
ရှေးဟောင်းသမိုင်းဝင်ကန်ကြီးတစ်ခုဖြစ်သည့် ပဲခူးတိုင်း ပြည်ခရိုင်
ပြည်မြို့ ၀က်ထီးကန်တိုက်နယ် အုပ်စုရှိ ၀က်ထီးကန်ကန်ကြီး
ထိန်းသိမ်းရေးအတွက်  အဆိုပါကန်ကြီးပတ်လည် တွင် ဇွန်လ၃၀ရက်၌
သစ်ပင်တစ်ရာကျော်စိုက်ပျိုးခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ကျော်လင်းက ပြောသည်။
"ကန်ကြီးသာယာလှပဖို့အတွက် အရိပ်ရအကြီး မြန်သစ်ပင်တွေကန်ပတ်လည်မှာ
စိုက်သွားမယ်။အခုလိုစိုက်လိုက်တော့
ကန်ဘောင်ကိုလည်းထိန်းသိမ်းပြီးသားဖြစ်သွားမယ်။ လမ်းကိုလည်း
ထိန်းသိမ်းပြီးသားဖြစ်သွားမယ်" ဟုတိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ်ဦးကျော်ကျော်လင်းက ဆိုသည်။
ဇူလိုင်၃ရက်နေ့တွင် ကျရောက်မည့် အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့်
သစ်တောဦးစီးဌါနမှလူထုဖြန့် ပျိုးပင်များဖြစ်သည့် ဗန်ဒါ ၊ ရေတမာ ၊
မဟောဂနီ ၊  ကံ့ကော် ၊ ခရေ များကို ၀က်ထီးကန်ကန်ကြီး ပတ်လည်
တွင်စိုက်ပျိုးခြင်းဖြစ်သည်။
ဝက်ထီးကန်ကန်ကြီး ဆယ်ယူစဉ်အခါက သစ်ပင်ခုတ်လှဲမှုများရှိပြီး
ယခုစိုက်ပျိုးခြင်းမှာ ကန်တစ်ပတ်လည်လုံးအတွက် မဟုတ်သေးသဖြင့် ဇူလိုင်လ
ဒုတိယအပတ်ထဲတွင် သစ်ပင်စိုက်ပျိုးမှု ထပ်မံပြုလုပ်ဦးမည်ဟုလည်း
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးကျော်ကျော်လင်းက ပြောသည်။
ပေါက်ကျိုင်း ရှင်ဘုရင်၏ ယောက်ဖတော် ခေပရူပ မင်းသားသည် တကောင်းမြို့မှ
ဝက်ကြီးတစ်ကောင် နောက်သို့ လိုက်ခဲ့သည်။ ထိုကန်နေရာအရောက်တွင်
ဝက်ကြီးလူးနေသည်ကို တွေ့ပြီး မြားနှင့်ပစ်မည်အလုပ် ၀က်ကြီးက
ကန်ကြောက်ပြေးသဖြင့် ၀က်ကြီးကန်ဟု ခေါ်ဝေါ်ခဲ့ရာမှ ၀က်ထီးကန်ဟု အမည်တွင်
ခြင်းဖြစ်သည်။
၎င်းဝက်ကိုဆက်လိုက်ရာဝက်ကြီးကပြန်ပက်သဖြင့်ကုန်းရှောင်ခဲ့ရပြီးကျွန်းတော်ကုန်းဟုအမည်တွင်ရာမှယခုအခါကျွန်းတောကုန်းဟုရွာအမည်ပေါ်လာသည်။ ၀က်ကြီးမှတောထဲသို့ဝင်ပြေး
သဖြင့် အဆိုပါတောကို ၀က်နေတောဟု ခေါ်ရာမှ ယခုဝက်မြေတောဟု အမည်တွင်ခဲ့သည်။
ထိုမှတဆင့် ၀က်ပျောက်သွားခဲ့ရာ ၀က်ပြန်တွေ့ရန်အဓိဌါန်ခဲ့ပြီး
ဝက်ပြန်တွေ့သဖြင့် ထိုနေရာကို အလိုတော်ရ ကျေးရွာဟုအမည်တွင်ပြန်သည်။
ဝက်ကြီးအား လေးဖြင့်ပစ်ရန်ပြင်ဆင်သည့်နေရာ အား လေးထပ်တင် ဟုခေါ်ရာမှ
ယခုအခါ လေးထပ်ပြင်ရွာဟု အမည်တွင်သည်။ မြားပစ်ခံရပြီး ၀က်ကြီး
ပုတ်ပွသေဆုံးသောနေရာ အား ၀က်ပုတ် ဟုအမည်မှည့်ခေါ်ခဲ့သည်။
သမိုင်းအထောက်အထားများအရ ခေပရူပမင်းသားသည် ရသေ့ရဟန်းဝတ်ခဲ့ပြီး စူလာသံမဝ
နှင့် မဟာသံမ၀ညီနောင်နှစ်ပါးအား မွေးစားခဲ့ပြီးဗေဒါရီ(လူ့ဘ၀ကသမီးတော်စပ်ခဲ့သူ)
 နှင့် ပေးစားရာမှ သရေခေတ္တရာပြည်မြို့အားတည်ထောင်သူ ဒို့တဘောင်မင်း ကိုဖွားမြင်ခဲ့သည်။
သတင်း ပြည့်သဲမောင်(ပြည်)
0 comments:
Post a Comment
Facebook Like Page