Sunday, June 8, 2014

ပြည်မြို့တွင် နိုင်ငံရေးတက်ကြွလှုတ်ရှားသူများ နှင့် တောင်သူလယ်သမားများကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဆန္ဒပြ

Leave a Comment

ပြည့်သဲမောင်(ပြည်)

အမှုဖွင့်ခံထားရသော ၊ တရားရင်ဆိုင်နေရသော ၊ အကျဉ်းကျခံနေရသော နိုင်ငံရေးတက်ကြွလှုတ်ရှားသူများ နှင့် တောင်သူလယ်သမားများအား အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်အတွက် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဇွန်လ၈ရက်က နိုင်ငံရေးတက်ကြွလှုတ်ရှားသူ(၂၀)ဦးခန့် က လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့သည်။

“နိုင်ငံရေးပုဒ်မမဟုတ်ဘဲပိုင်နက်ကျူးလွန်မှု အကျိုးဖျက်စီးမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ထောင်ကျနေတဲ့ လယ်သမားတွေရှိတယ်။ အဲဒီအမှုတွေက နိုင်ငံရေးပုဒ်မထဲမှာမပါဘူး။ သူတို့လဲ ကိုယ့်လယ်ကိုယ်ပြန်ရရေးအတွက် နိုင်ငံရေးလုပ်နေတာဘဲလေ” ဟုဦးဆောင် ဆန္ဒဖော်ထုတ်သူကိုဝင်းလှိုင်ကပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် တောင်သူလယ်သမား နှင့် နိုင်ငံရေးတက်ကြွလှုတ်ရှားသူများသည် ယုံကြည်ချက်ကြောင့် လှုတ်ရှားမှု အမျိုးမျိုးပြုလုပ်ခဲ့ရာ ထောင်ဒဏ်ကျခံနေရသူ(၆၀)ကျော် ၊ တရားရင်ဆိုင်နေသူ(၂၀၀)ကျော် နှင့် စုံစမ်းစစ်ဆေးခံနေရသူ(၁၀၀)ကျော် ရှိကြောင်း ကိုဝင်းလှိုင်ကဆိုသည်။

ထိုနေ့နံနက်(၉)နာရီအချိန်က နိုင်ငံရေးတက်ကြွလှုတ်ရှားသူများသည် ပြည်မြို့လမ်းရှည်လမ်း နှင့် ရွှေလက်လှလမ်းထောင့်တွင်စုဝေးကာ လမ်းရှည်လမ်း စတင်လမ်းလျှောက်ချီတက်ခဲ့သည်။ ထိုမှတဆင့် လမ်းမတော်လမ်း ၊ ဗိုလ်ချုပ်လမ်း ၊ မြောက်စောင်းတန်းလမ်း ၊ စစ်ကဲလမ်း များအတိုင်းချီတက်ခဲ့သည်။ ထို့နောက် လမ်းရှည်လမ်းအတိုင်း ပြန်လည်ထွက်ခွာကာ မူလစတင်သည့် ရွှေလက်လှလမ်းထောင့်တွင် ဆန္ဒဖော်ထုတ်မှုကိုရပ်နားခဲ့သည်။

ဆန္ဒဖော်ထုတ်သူများသည်“နိုင်ငံရေးအကျဉ်းသားများကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဒို့အရေး” “တရားဆွဲဆိုဖမ်းဆီးထောင်ချထားသော တောင်သူလယ်သမားများကိုအထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ဒို့အရေး”စသည့်စာသားပါကြွေးကြော်သံများကို ကြွေးကြော်ခဲ့သည်။

ဆန္ဒဖော်ထုတ်သူများသည်“မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ၄င်း ပြည်သူ့အကျိုးအတွက် ၄င်း လယ်ယာမြေပြန်လည်ရရှိရေးအတွက် ၄င်း နိုင်ငံ့အရေး အတွက် တက်ကြွစွာလှုတ်ရှားရင်း ထောင်ကျနေသောနိုင်ငံရေးအကျဉ်းသားများ တရားရုံးတင်စစ်ဆေးခံနေရသော နိုင်ငံရေးအမှုများ ရဲစခန်းများတွင် စစ်ဆေးနေဆဲနိုင်ငံရေးအမှုများ အားလုံးကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးပါ” စာသားပါ ပိုစတာ များကိုကိုင်ဆောင်ခဲ့သည်။

ဆန္ဒဖော်ထုတ်မှုရန် တရားဝင်ခွင့်ပြုမိန့်တောင်းခံခဲ့သော်လည်း ခွင့်ပြုမိန့်မရရှိခဲ့ပါ။ ခွင့်ပြုချက်မရဘဲဆန္ဒဖော်ထုတ်သည့်အတွက် ဦးဆောင်သူနှစ်ဦးဖြစ်သည့် ကိုဝင်းလှိုင် ကိုကျော်ဆွေ တို့အား ပြည်မြို့မရဲစခန်းတွင် ပုဒ်မ(၁၈)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားသည်။

ပြည့်သဲမောင်(ပြည်)


0 comments:

Post a Comment

Facebook Like Page