Sunday, June 8, 2014

မီးရထားစက်ခေါင်းဝင်းအတွင်း ပြန်ဆောက်သည့်ကျူးကျော်တဲကို ရထားစခန်းမှူး ဓါးဖြင့်ဝင်ခုတ်ဟုအခုတ်ခံရသူတဲအိမ်ပိုင်ရှင်ကပြော

Leave a Comment
ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ မီးရထားစက်ခေါင်းဝင်း ၀န်ထမ်းအိမ်ယာတွင် ဖယ်ရှားပြီး ဖြစ်သော ကျူးကျော်အိမ် ပြန်လည်ဝင်ရောက်ဆောက်လုပ်သဖြင့် အဆိုပါတဲအိမ်ကို ပြည်ဘူတာရဲစခန်းမှူး ရဲအုပ်အောင်ဝင်းက ဇွန်လ ၆ရက်နေ့က ဓါးရှည်ဖြင့်ဝင်ခုတ်ခဲ့ကြောင်း အခုတ်ခံရသူတဲအိမ်ပိုင်ရှင် ကပြောသည်။

"ပြီးခဲ့တဲ့နှစ်လက နို့တစ်စာပေးလို့ထွက်သွားတယ်။ နောက်မှအိမ်တွေပြန်ဆောက်တာ မြင်တော့ ကျွန်တော်လည်း ပြန်ဝင်ဆောက်တယ်။ ကျွန်တော်ညဈေးတန်းမှာ ဈေးသွားရောင်းနေတုန်း ၀င်ခုတ်သွားတာ။ ကျွန်တော့်အိမ်ဘဲ အခုတ်ခံလိုက်ရတာ" ဟုတဲအိမ်ပိုင်ရှင်ဝင်းနိုင်ဦးကပြောသည်။

အလုပ်မှအနားယူသွားသော မီးရထားဝန်ထမ်းမိသားစု (၂၀)သည် ခေတ်အဆက်ဆက် ထိုနေရာတွင် နေအိမ်ဆောက်လုပ်နေထိုင်ခဲ့ကြပြီး မီးရထားဌါနက ၂၀၁၃ခုနှစ် နှင့် ၂၀၁၄ ခုနှစ်များတွင်

သတိပေး အကြောင်းကြားစာပို့ကာ အကြိမ်ကြိမ်ဖယ်ရှားခိုင်းခဲ့သည်

ထိုသို့ဖယ်ရှားခိုင်းမှုကြောင့် ၂၀၁၄ခုနှစ်မတ်လကုန်တွင် နေအိမ်အချို့ ပြောင်းရွှေ့သွားခဲ့သော်လည်း နေအိမ်(၃)လုံး ပြန်လည်ဝင်ရောက်ဆောက်ခဲ့သည်။ ထို့ကြောင့် ဇွန်လ(၂)ရက်နေ့တွင် ကိုဝင်းနိုင်ဦးသည် ၀ါး မျော သက်ကယ် များဖြင့်နေအိမ်စတင်ဆောက်လုပ်ခဲ့ရာ တိုင်ထူ အမိုးမိုးပြီးသည့်အချိန်ဇွန်၆ရက်နေ့နေ့လည်၃နာရီ၄၅တွင် စခန်းမှူးက ဓါးရှည်ဖြင့်ဝင်ခုတ်ခဲ့ကြောင်း ၄င်းကရှင်းပြသည်။

ဓါးခုတ်သည့်အချိန်က မျက်မြင်တွေ့ရှိသူဦးကျော်သောင်း က " ပုဆိုးကတောင်းကျိုက် အကျီင်္ကျွတ်ကြီးနဲ့ ဌက်ကြီးတောင်ဓါးကိုင်ပြီး တိုင်တွေဝါးတွေကို ခုတ်သွားတယ်။ စက်ရုံအုပ်ကလာထိန်းတော့ ခင်ဗျားလာမချုပ်နဲ့ဆိုပြီး ဓါးနဲ့ခုတ်ဖို့လုပ်တယ်။ နောက်မှ သူ့ငယ်သားတွေချော့ပြီး လာခေါ်သွားကြတယ်" ဟုပြောသည်။

ထိုနေ့ည(၈)နာရီခွဲအချိန်က ကိုဝင်းနိုင်ဦးသည် ဓါးဖြင့်ခုတ်ကာ ကျူးကျော်တဲအား ၀င်ရောက်ဖျက်စီးသူ မီးရထားရဲစခန်းမှူး ရဲအုပ်အောင်ဝင်း အား အမှုဖွင့်တိုင်တန်းရန် မြို့မရဲစခန်းသို့ သွားရောက် ခဲ့သော်လည်း တိုင်ချက်မဖွင့်ခဲ့ကြောင်း မြို့မရဲစခန်းတာဝန်းမှူးကပြောသည်။

"သူတို့(၀င်းနိုင်ဦး)ကလည်းအထဲမှာနေနေတာ။ အမှုမဖွင့်ချင်ဘူး။ နောက်နောင် ဒီလိုမလုပ်ပါဘူး ဆိုတာလောက်ဘဲလိုချင်တာ။ ရဲတပ်ဖွဲ့မှူးတပည့်တွေကလည်း သူတို့ဆရာကို ၀ိုင်းထိန်းမယ်လို့ ကတိပေးတယ်။ အမှုမဖွင့်တော့ဘူး" ဟုတာဝန်မှူးကပြောသည်။

အကြောင်းအရာကိစ္စ နှင့် ပတ်သတ်ပြီး မဇျိမသတင်းဌါနသတင်းထောက်မှ ပြည်ဘူတာရဲစခန်းမှူး ရဲအုပ်အောင်ဝင်းကို မေးမြန်းရန်သွားရောက်ခဲ့သော်လည်း တွေ့ဆုံခွင့်မရခဲ့ပါ။

မီးရထားစခန်းမှူးသည်အခင်းဖြစ်သည့်နေ့က စက်ခေါင်းရုံဝင်းအတွင်းရှိ(ကို့ကိုပင်) ကြီးတစ်ပင်အား ခုတ်လဲရန်သွားရောက်ခဲ့ရာ အပင်မှာအစွဲရှိသည့်အတွက် ကတုန်ကရင်ဖြစ်ခဲ့ပြီး ကြမ်းတမ်းသည့် စကားများကို ပြောဆိုမိသည်ဟု ပြည်ဘူတာရဲစခန်း တာဝန်ရှိသူတစ်ဦးကပြောသည်။

ကျူးကျော်နေအိမ်အား ဓါးဖြင့်ခုတ်သည်ဟုဆိုခြင်းမှာ စွပ်စွဲချက်သာဖြစ်ပြီး စွပ်စွဲပြောဆိုသူကို တရားဆွဲမည်ဖြစ်ကြောင်း ၊ ကျူးကျော်တဲဖျက်မှုသည် မီးရထားရဲဌါန၏ တာဝန်မဟုတ်ကြောင်း ပြန်လည်ချေပပြောဆိုသည်။

0 comments:

Post a Comment

Facebook Like Page