Thursday, February 20, 2014

ရွှေတောင်မြို့တွင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၅၉(ဃ)(စ)၊ ပုဒ်မ(၁၈) ဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်

Leave a Comment
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရေးနှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ (၁၈) ဖျက်သိမ်းပေးရေးတို့အတွက် ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ဖေဖော်ဝါရီလ (၁၉) ရက်နေ့က မြို့ခံနိုင်ငံေ၇းတက် ကြွလှုတ်ရှားသူ (၂၆) ဦး လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရပါသည်၊ ပြည်သူတိုင်းသမ္မတဖြစ်ခွင့်ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပုဒ်မ ၅၉(ဃ) (စ) က တားဆီးထားပြီး ပြည်သူများ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ကိုစီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ (၁၈)ဖြင့် တားမြစ်ထားသည့်အတွက် ၄င်းဥပဒေပုဒ်မများကို ဖျက်သိမ်းရန်ဆန္ဒပြခြင်းဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်ကိုကျော်ဇေယျကပြောပါသည်။

“ပြည်သူတိုင်းသမ္မတဖြစ်ခွင့်မှာ အခြေခံဥပဒေမှာပါတဲ့ ၅၉(စ) နဲ့ ၅၉(ဃ)က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကိုတားမြစ်ထားတယ်၊ ပြည်သူတိုင်းလွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ကို ပုဒ်မ(၁၈)နဲ့တားမြစ် ထားတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံဒီမိုကရေစီဖော်ဆောင်မှုမှာ ဒီဥပဒေတွေလုံးဝမမရှိသင့်ဘူးလို့ ယုံကြည်တဲ့အတွက်ဆန္ဒပြခြင်းဖြစ်တယ်”ဟုသူကဆိုသည်။ 

ဆန္ဒဖော်ထုတ်သူများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရေး၊ ပုဒ်မ(၁၈)ဖျက်သိမ်းပေး၊ ပုဒ်မ၅၉(ဃ)(စ)ဖျက်သိမ်းပေး စာသားပါလက်ကိုင်ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လမ်းလျှောက်ချီ တက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရပါသည်။ ဆန္ဒဖော်ထုတ်သူများသည် ရွှေတောင်မြို့နယ်၊ တည်ကုန်းလမ်းဆုံမှ ပြည်-ရန်ကုန်လမ်းမကြီးအတိုင်း ဆေးရုံလမ်းမှတဆင့် အာဇာနည်ကျောက်တိုင်ရှေ့သို့ လမ်းလျှောက်ချီတက်ခဲ့သည်။ အာဇာနည်ကျောက်တိုင်ရှေ့တွင် အာဇာနည်ခေါင်းဆောင်များအားအလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲအသီးသီးမှ ကျဆုံးသွားသောသူများကို တစ်မိနစ်ဂုဏ်ပြု ငြိမ်သက်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရပါသည်။

လာမည့်ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ရွှေတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်၍ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ရန်ခွင့်ပြုမိန့်တောင်းခံထားသည်ဟုလည်း ဆန္ဒပြသူများကပြောပါသည်။

ပြည့်သဲမောင်(ပြည်)


0 comments:

Post a Comment

Facebook Like Page