Thursday, August 1, 2013

မျက်စေ့မလည်တဲ့ဖိုးသူတော် (မျိုးမြင့်ချို)

Leave a Comment


”အမျိုးသားပြန်လည်သင့်မြတ်ရေး”ဆိုတာ အမျိုးသားစည်းလုံးညီညွတ်ရေးအစည်းပြေပြီး တစ်ပြည်ထဲအတူနေအမျိုးသားတွေ(လူမျိုးစုတွေ)အချင်းချင်း ပြဿနာတွေပတ်လည်ရိုက်နေချိန်မှာ ပြောရတဲ့စကားနဲ့လုပ်ရတဲ့အလုပ်လို့ နားလည်တယ်။ ခု ရွှေပြည်ကြီးမှာဖြစ်နေတာက အဲ့ဒါနဲ့ ပြောင်းပြန်ပဲ။ လူမျိုးစုတွေအချင်းချင်း သူတပြန်ကိုယ်တပြန် ချနေကြတာမရှိဘူး။ ပြဿနာက (လူမျိုးကြီး/ဘာသာကြီးအခြေခံအမျိုသားရေးအစွန်းရောက်ဝါဒကိုယ်စားပြု) စစ်အုပ်စုနဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးစုအားလုံးတန်းတူသွေးစည်းညီညွတ်ရေးအတွက် တိုက်ပွဲဝင်နေသူတွေနဲ့ကြားမှာပါ။ စစ်အုပ်စုနဲ့ဒီမိုကရေစီအင်အားစုကြားကပြဿနာလို့ ပြောရပါမယ်။ ဒီမိုကရေစီအင်အားစုတွေကြားမှာ ဘာပြဿနာမှ မရှိဘူးတော့မဟုတ်ဘူး။ ရှိပါတယ်။ ဒါပေမယ့် ဒါက အဓိကပြဿနာ မဟုတ်ပါ။ လက်အောက်ခံပါ။ အဓိကပြဿနာကိုရှင်းနိုင်ရင် လက်အောက်ခံကိစ္စက ရှင်းရလွယ်ပါတယ်။ အခုရှင်းနေကြတာက အဓိကပြဿနာဖြစ်တဲ့ လူထု/တိုင်းပြည်အကျိုးစီးပွားနဲ့ စစ်အုပ်စုအကျိုးစီးပွားကို ရှင်းဖို့လုပ်နေကြတာလို့ နားလည်ပါတယ်။ အကျိုးစီးပွားချင်း တဲ့(ဒဲ့)ရှင်းတာမို့ တည့်တည့်ပဲပြောရပါမယ်။ ဘာနဲ့မှ ကာစရာမလိုပါ။ နည်းဗျူဟာဆိုတာ(အခြေအနေအရ)ချပြလို့မရတာ လူတိုင်းနားလည်သလို သေနင်္ဂဗျူကိုတော့ လူတိုင်းကို ရှင်းရှင်းလင်းလင်းတိတိကျကျ ချကိုချပြရမှာဖြစ်ပါတယ်။ (မူကိုချပြ လုပ်ဟန်ကို(လိုအပ်ရင်) ထုတ်ပြောဆိုတဲ့သဘောပါ။)”တိုင်းရင်းစည်းလုံးညီညွတ်ရေး”တို့ ”အမျိုးသားပြန်လည်သင့်မြတ်ရေး”တို့ဆိုတာတွေဟာ သေနင်္ဂဗျူဟာယောင်ဆောင်ထားတဲ့ အဆန်ချောင်စကားစုတွေမျှသာ ဖြစ်ပါတယ်။ နောက်တချက်က အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ လူ (၂)ယောက်ကြားကဆက်ဆံရေး (ဥပမာ ဒေါ်စုနဲ့သိန်းစိန် (သို့)ရွှေမန်း(သို့)လာဦးမယ့်နောက်တယောက်နဲ့) ပြေလည်တာလည်း မဟုတ်သလို၊ အစုအဖွဲ့ (၂)ကြားမှာ (စစ်တပ်(သို့)ကြံဖွံ့ပါတီနဲ့အင်န်အယ်လ်ဒီ) နှစ်ကိုယ့်တစ်စိတ် ပေါင်းဖက်မိတာလို့လည်း အဓိပ္ဗါယ်မထွက်ပါ။ (လူချင်းပြေလည်တယ်လို့ သုံးရတာကိုတောင် မလွဲသာလို့ပါ။ တကယ်သုံးချင်တာက ”တည့်ချင်ယောင်ဆောင်ပြ”နေတာပါ။ စစ်အုပ်စုဘက်က ပိုတောင် အယောင်ဆောင်ကောင်းပါတယ်) လူချင်းပြန်တည့်တာကို ”လူပြန်ပေါင်းထုတ်တယ်”တယ်လို့ သုံးရမှာဖြစ်သလို အစုအဖွဲ့ချင်းအလွမ်းသင့်တာကိုလည်း ”အစုချင်းအတိုင်အဖေါက်ညီတယ်”လို့ပဲ သုံးရမယ်မြင်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့သုံးတာ လုံးလုံးကိုလွဲနေပါတယ်။ ဆိုတော့ အခုပြောနေကြတဲ့ “အမျိုးသားပြန်လည်သင့်မြတ်ရေး”ကို ပြန်သုံးသပ်ပြီး အများသဘောကြိုက်ညီမယ့် Common Sense ဖြစ်မယ့် အလုပ်ကြွေးကြော်သံတစ်ခု ချဖို့လိုမယ်လို့ သဘောထားပေးချင်ပါတယ်။ ညီလာခံတွေခေါ်လိုက် အစည်းအဝေးတွေလုပ်လိုက် ရှေ့လုပ်ငန်းစဉ်တွေချလိုက်၊ နောက်တစ်ခါ ညီလာခံပြန်ခေါ် အစည်းအဝေးပြန်လုပ် ရှေ့လုပ်ငန်းစဉ်ပြန်ချနဲ့ နိုင်ငံရေးသံသရာလမ်းမှာ ကျနော်တို့ မျက်စေ့လည်လေလေ ဖိုးသူတော်စစ်အုပ်စုကြီးက (ဆွမ်းခံတောင် ထွက်စရာမလိုပဲ) ဆွမ်းဆန်တွေ ဒလဟောရလေလေကို ဒိဌမြင်တွေ့နေရပြီမဟုတ်လား။ မျိုးမြင့်ချို ဇူလိုင် ၂၇။ ၂၀၁၃ ခုနှစ် ကျေးဇူးတင်မိပါကြောင်း ပြည်သတင်း.....


0 comments:

Post a Comment

Facebook Like Page