Thursday, August 1, 2013

”ဗိုလ်ချုပ်” (နှင့်) ဝင်စားသူ မျိုးမြင့်ချို။

Leave a Comment

July 24, 2013

”ဗိုလ်ချုပ်” (နှင့်) ဝင်စားသူ မျိုးမြင့်ချို။

ဖြစ်ခဲ့တာက ၁၉၈၅ တုန်းကပါ။ နေရာက ခု စာဖတ်နေသူကြီးရဲ့ဇာတိ ကျောက်ဆည်မှာ။ ကျောက်ဆည်ကနေ မန္တလေးဘက်အထွက် လမ်းညာဘက်မှာ တောင်နောက်ဆိုတဲ့ရွာ ရှိတယ်။ (တောင်လွှဲရွာလည်းဖြစ်ချင်ဖြစ်မယ်။ ကျနော် အမှတ်သိတ်မကောင်းတော့ပါ) အဲ့အချိန်က ကျောက်ဆည်မှာနေတဲ့ကျနော့်ဆီ ရန်ကုန်ကမိတ်ဆွေတချို့က ”မင်းတို့မြို့မှာ ဗိုလ်ချုပ်အောင်ဆန်း လူဝင်စားတယောက် ပေါ်နေတယ်ကြားတယ်၊ အဲ့ဒါ ငါတို့လာကြည့်မလို့၊ နည်းနည်း စုံစမ်းထားပေးစမ်းပါ” ဆိုပြီး လှမ်းပြောတော့မှ ဟိုမေးဒီမေး မေးရတာပါ။ သတင်းအချက်တွေကို အဓိကဒိုင်ခံဖြန့်နေတာက မြင်းလှည်းနဲ့ဆိုက်ကားဆရာတွေဆိုတော့ မြင်းလှည်းဂိတ် ဆိုက်ကားဂိတ်တွေဘက်ပြေးမေးတော့မှ ဆရာသမားတွေအဖြေက ရွှမ်းရွှမ်းကို ဝေရော။ ကောင်လေးက ဗိုလ်ချုပ်နဲ့ချွပ်စွပ်တူတဲ့အကြောင်း၊ အင်္ဂလိပ်လိုတွေ၊ ဂျပန်လိုတွေလည်း ပြောပြောတဲ့အကြောင်း၊ ကလေးသံပေမယ့် လေယူလေသိမ်းနဲ့အဖြတ်အတောက်က ဗိုလ်ချုပ်အတိုင်းဖြစ်နေကြောင်း၊ စကားပြောရင်”ဟတ်လား...ဟတ်လား”ပါ ပါကြောင်း၊ မနက်စာကို ရွာက ဒီ့ပြင်ကလေးတွေလို ထမင်းကြမ်းမစားပဲ ပဲပြုတ်နဲ့နံပြားစားကြောင်း၊ ဂျပန်တော်လှန်ရေးတုန်းက ဌာနချုပ်တည်ခဲ့တဲ့နေရာပြောပြီး ဂျပန်ဓါးရှည်ကြီးကို ဘယ်လိုကိုင် ဘယ်လိုခုတ်ရတယ်ဆိုပြီး လူတွေကိုပြကြောင်း စသည်ဖြင့် အကြောင်းပေါင်းသောင်းခြောက်ထောင်တွေ ကြားရတော့တာပါပဲ။
နောက်ပြီး ”ဟိုနေ့ကပဲ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၊ အောင်ဆန်းဦးနဲ့ အောင်ဆန်းစုကြည်တို့ လာသွားကြောင်း၊ မန္တလေးတိုင်းကောင်စီဥက္ကဌအပြင် ဒေသပါတီကော်မတီကလူကြီးတွေလည်း ပါလာကြကြောင်း၊ ရောက်ရောက်ခြင်း ဒေါ်ခင်ကြည် မေးခွန်းသုံးလေးခွန်းမေးပြီး အဖြေပြန်ကြားတော့ ချုံးပွဲချငိုကြောင်း၊ ပြီးတော့ ဘာပစ္စည်းလေးတွေလည်းမသိဘူး ထုတ်ပြပြီး ရွေးခိုင်းတော့ကောင်လေးက အားလုံးကို တခုခြင်းရွေးပြခွဲပြရုံတင်မကပဲ

”ဒါ သူဘယ်တုန်းကသုံးခဲ့တာ ဘယ်တုန်းကဝယ်ခဲ့တာ၊ဘယ်သူပေးတာ” ဘာညာတွေပါပြောပြီး ”မခင်ကြည် ဒါတွေခုချိန်ထိ သေချာသိမ်းထားသေးတယ်နော်”လို့ လွမ်းလွမ်းဆွေးဆွေးလည်းပြောရော ဒေါ်ခင်ကြည် ချုံးပွဲချငိုတာမှ သနားဖို့တောင်ကောင်းသေးတို့၊ ခနနေတော့ ဒေါ်ခင်ကြည်က နှစ်ယောက်တည်း မေးစရာရှိတယ်ဆိုပြီး အခန်းတခန်းထဲမှာ သီးသန့်တွေ့ကြတဲ့အကြောင်း၊ အခန်းကပြန်လည်းထွက်လာရော သားနဲ့သမီးကိုခေါ်ပြီး ”ဟဲ့ ဒါ နင်တို့အဖေအစစ်ပဲ ကန်တော့ကြကန်တော့ကြဆိုလို့ ကလေး ၂ ယောက်ကလည်း ကန်တော့ရင်း အဖေအဖေဆိုပြီး မျက်ရည်တွေဝဲနေတဲ့အကြောင်း၊ မပြန်ခင်မှာ ပိုက်ဆံတွေ တထပ်ကြီး၊ အစားအသောက် အဝတ်အထည်တွေအပြင် ရန်ကုန်လာရင် တည်းခိုဖို့လိပ်စာ၊ ဖုန်းနံပတ်နဲ့ လူကြီးတွေနံမည်တွေပါ ပေးသွားကြောင်းတွေလည်း ပါတယ်။ ထားပါတော့လေ။

ဒါနဲ့ရန်ကုန်က မိတ်ဆွေတွေရောက်လာကြတယ်။ သူတို့ကို လိုက်ပို့ဖို့မြင်းလှည်းဂိတ်ရောက်တော့ ခါတိုင်းနဲ့မတူ ဂိတ်မှာ လူအတော်စည်နေတယ်။ မြင်းလှည်းသမားတွေတနေ့ မြင်း ၂ ကောင် ၃ ကောင်ပြန်လဲပြီးကို ခေါက်တုန့် ခေါက်ပြန် ဆွဲနေကြရတာကလား။ ဆိုက်ကားဆရာတွေလည်း ဘာထူးလဲ၊ အုံနာခ နေ့ကြေးညကြေးပေးပြီးတော့ကို နင်းနေကြရတာ။ စီးတဲ့လူတွေကြည့်တော့လည်း မြို့ခံတွေမဟုတ်ပဲ ဝန်စည်စလှယ်နည်းနည်းပါးပါးနဲ့ တရပ်တကျေးက လာကြသူတွေများတယ်။ တဂိတ်လုံးလည်း”ဗိုလ်ချုပ် ဗိုလ်ချုပ်)ဆိုတာတွေချည်းပဲ။ လူခေါ်တာတောင်မှ ”ဗိုလ်ချုပ်ရွာ ဗိုလ်ချုပ်ရွာ”ဆိုပဲ။ စီးခက  ၂ ဆခွဲ လောက်ဖြစ်သွားတာတောင် ဘယ်သူမှဈေးမဆစ်ပဲ

အလုအယက်ဖြစ်နေလိုက်ကြတာ မြင်မကောင်းဘူး။ မြင်းလှည်း/ဆိုက်ကားဆရာတွေပါးစပ်ကလည်း ”ဗိုလ်ချုပ်ကဗိုလ်ချုပ်က”ဆိုတာ မချဘူး။ ဒီလိုနဲ့ ကျနော်တို့လည်း ”ဗိုလ်ချုပ်ရွာ”ရောက်သွားတယ်။ ဗိုလ်ချုပ်က ခုတော့ ရွာထဲက အိမ်ကြီးကြီးတစ်လုံးမှာရောက်နေပြီ။ ရွာခံလူတချို့က ရွှေ့ပေးထားတာလို့ဆိုတယ်။ သူ့အိမ်မှာဆို မတင့်တယ်လို့တဲ့။ သူ့နဂိုအိမ်က ရွာ့အစွန်မကျတကျမှာ။ အိမ်သာဆိုတယ် အညာကထန်းတဲသာသာ၊ လေးတိုင်စိုက်တဲကလေးဆိုပါတော့။ ခုတော့ ရွာလည်က အိမ်ကြီးရခိုင်မှာ”ဗိုလ်ချုပ်”က ခန့်ခန့်ထည်ထည်ဖြစ်လို့။ လာတဲ့သူတွေကလည်း သူ့ကိုကြည့်ပြီး ရိုရိုသေသေအမူအယာနဲ့ ”ဗိုလ်ချုပ် နေထိုင်ကောင်းရဲ့လား”တွေ ဘာတွေလုပ်၊ ပါလာတဲ့မုန့်ပဲသွားရည်စာနဲ့ အဝတ်အစားလေးတွေ ပေးကြ၊ မေးကြမြန်းကြနဲ့ပါ။ လူအတော့်ကို စည်ပါတယ်။ ထနောင်းပင်အောက်က

သစ်သားကွပ်ပျစ်လေးပေါ်ထိုင်နေတဲ့ကောင်လေးကြည့်ရတာတော့ မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့၊အသက်ကတော့ ၉  နှစ် ၁၀ နှစ်သားလောက် ထင်ရတယ်။ ခေါင်းကတော့ ထိပ်ချွန်တွန်တွန်နဲ့။ ငှက်ဖျားကြောင့် ဆံပင်ကျွတ်နေတဲ့ရုပ်မျိုးနဲ့။ တောင်ကြည့်မြောက်ကြည့်နဲ့၊ ပေးတဲ့မုန့်တွေပဲစားရမှာလိုလို၊ ထပဲပြေးရမှာလိုလို အူကြောင်ကြောင်မျက်နှာနဲ့။ ဘာမေးလည်း အင်းအင်း အဲအဲနဲ့။ လက်ထဲမလည်း ဗိုလ်ချုပ်ပုံပါတဲ့ငွေစက္ကူတွေက တစ်ထပ်ကြီးဆုပ်လို့။ ပိုက်ဆံပေါ်က ဗိုလ်ချုပ်ပုံတွေကို လူတွေက ထိုးထိုးပြပြီး ”ဒါ ဘယ်သူလဲ ဒါဘယ်သူလဲ”နဲ့မေးတော့ ”ငါ”တဲ့။ ဒါပဲအဖြေက ဒီ့ထက် ဘာမှ မပိုဘူး။ ဘေးနားမှာလည်း ပစ္စည်းတွေမုန့်တွေအပြင် ဘာမှန်းမသိတဲ့အထုတ်လေးတွေလည်း တစ်ပုံကြီး။ ခနနေတော့ အမျိုးသမီးတယောက်ကလာပြီး အဲ့ဒါတွေ အိမ်အပေါ်ထပ်ယူသွားတာတွေ့တယ်။ ကျနော်လည်း ကောင်လေးကြည့်လိုက် လူတွေကြည့်လိုက်နဲ့ ရီချင်ပေမယ့် မရီရဲဘူး။ ဘာလို့လည်းဆိုတော့ ကောင်လေးက သူ့ဘေးနားက လူတွေလည်းဘက်လည်း တချက်တချက်လှမ်းလှမ်းကြည့်တာကိုး။ အဲ့လူတွေကြည့်တော့ တချို့လည်း လက်ထဲမှာ ဓါးလွတ်ဓါးရှည်တွေနဲ့၊ လောက်လေးခွနဲ့ ဂျင်ဂလိလိုဟာနဲ့။ ရုပ်တွေကြည့်တော့လည်း စားတော့ဝါးတော့မတတ် ရုပ်တွေ။ လာကြသူတွေကို ပြောသေးတယ် ”ကျနော်တို့က ဗိုလ်ချုပ်သက်တော်စောင့်တွေပါ။ ပြောလို့မရဘူးလေ

ရန်တွေဘာတွေပြုလာခဲ့ရင်ဆိုပြီး အဆင်သင့်နေပေးရတာ။ သူဆို အပါးတော်မြဲသဘော အိပ်ဖန်စောင့်ပါလုပ်ပေးရတာ။ ဗိုလ်ချုပ်က တခြားသူတွေကို မယုံလို့နဲ့တူတယ်။ ကိုယ့်ဗိုလ်ချုပ်မို့ ကြည်ညိုလို့သာ လုပ်နေရတာဗျာ မချောင်ပါဘူး၊ လူလည်းအမုန်းခံရသေး အအိပ်ပျက်အစားပျက် အလုပ်ပျက်အကိုင်ပျက်ဗျာ၊ ဘာတစ်ပြားမှလည်းရတာ မဟုတ်ဘူး“ ဘာညာတွေပြောတာတွေလည်း မှတ်မိနေတယ်။ တယောက်က ”ဒို့ ဗိုလ်ချုပ်တော့ လာမထိနဲ့။ အသက်ချင်းလဲပစ်မယ်။ မဟုတ်တမ်းတရားတွေ ကောလဟလတွေလည်း လာမပြောနဲ့။ ဗိုလ်ချုပ်ထိလို့ကတော့ တစ်ရွာလုံးမခံဘူး” ဆိုပြီး ပြောသံကြားတော့ လမ်းမှာမြင်းလှည်းဆရာပြောတာ ပြန်အမှတ်ရတယ် ”သွားတော့ကြည့် ဆရာတို့ရေ၊ မေးချင်တာရှိလည်းမေးလို့ရတယ်၊ စော်ကားမော်ကားတော့ သွားမပြောလိုက်နဲ့ ဒုက္ခများလိမ့်မယ်”ဆိုပဲ။
ထားပါတော့ဗျာ။

 အပြန်တော့ လမ်းမှာ ကျနော်တို့ထဲက လူဝင်စားတို့ဘာတို့ နောက်ဘဝတို့ ရှေးဘဝတို့ ၃၁ ဘုံစတဲ့ကိစ္စတွေမှာ အယုံလွယ်တဲ့သူငယ်ချင်းကလွဲလို့ ကျန်သူတွေအဖို့ ရီစရာလိုဖြစ်နေကြတယ်။ သူနဲ့ မြင်းလှည်းဆရာ အပြန်အလှန် အတိုင်အဖေါက်ညီနေကြတာတွေ့တော့ ကျနော်တို့လည်း ရီချင်ပေမယ့် ပြုံးတောင်မပြုံးရက်ကြဘူး။

နောက်တော့ သိတ်မကြာဘူး ကောင်လေးကို မြို့နယ်ကျန်းမာဦးစီးကလာခေါ်ပြီး တိုင်းကျန်းမာရေးစိတ်ရောဂါကုဌာနကို ပို့လိုက်သလိုလိုဘာလိုလိုနဲ့ သတင်းအစအနပျောက်သွားတယ်။ ဘာဆက်ဖြစ်တယ်မကြားရတော့ပါ။ နောက်ပိုင်းတော်တော်လေးကြာတဲ့အထိ အဲ့ရွာကို ဗိုလ်ချုပ်ရွာဘာညာနဲ့ လူတွေ နှုတ်နည်းနည်းကျိုးလိုက်ကြသေးတယ်။ နောက်တော့လည်း နဂိုနံမည်ပြန်ခေါ်ကြတော့တာပါ။ မေ့မေ့ပျောက်ပျောက်ပါပဲ။

 နောက်မှ သေချာတွေးကြည့်တော့ ခေတ်နောက်ခံနဲ့ ဘဝအမွန်းအကျပ်တွေကြားမှာလူတွေ ဘယ့်လောက်များ ခေါင်းဆောင်ငတ်နေသလဲဆိုတာရဲ့ပြယုဂ်ပါလားလို့ မြင်တတ်လာတယ်။ နောက်တချက်ကလူတွေရဲ့ Superstition လို့ဆိုတဲ့ တလွဲအယုံလွယ်မှုနဲ့ အဲ့ဒီ Superstition ကိုသုံးပြီး လုပ်စားကိုင်စားတတ်သူတွေအကြောင်းလည်း တွေးမိတယ်။ နောက်တော့ သိတ်မကြာဘူး ပိုက်ဆံတွေတရားမဝင်ကြေညာ၊ ကျောင်းသားတွေထဆူ၊ ကျောင်းတွေပိတ် စတာတွေကနေစလိုက်တာ ရှစ်လေးလုံးအုံကြွမှုကြီးဖြစ် မဆလပြုတ်ကျစတာတွေက အားလုံးသိပြီးသားမို့ မပြောတော့ပါ။

 ပြောချင်တာက အဲ့သလိုအခြေအနေတွေကြားမှာ တိုင်းပြည်နဲ့လူထုက ဒေါ်အောင်ဆန်းစုကြည်ကိုရလိုက်တာပါ။ ဒေါ်စုကိုရလိုက်လို့ လူထုရဲ့ခေါင်းဆောင်အငတ် ပြေပြီလား မပြေသေးလားတော့ ကိုယ့်ဘာသာကိုယ် တွေးယူမြင်ယူစေချင်တာပါ။ ကျနော်ကတော့ ခေါင်းဆောင်အငတ်ပြေ/မပြေဆိုတာထက် ခေါင်းဆောင်ဆိုတဲ့အဓိပ္ဗါယ်နဲ့ ခေါင်းဆောင်မှုဆိုတာကို ခုထက်ပိုစောကြောဖို့လိုမယ်လို့ တွေးနေမိတယ်။

 ပြီးတော့ ခုတလော ကျနော် ဘာဖြစ်တယ်မပြောတတ်ပါဘူး..”ဗိုလ်ချုပ်ဝင်စား”ဖြစ်စဉ်မှာ အနယ်နယ်အရပ်ရပ်က လာကြသူတွေရယ်၊ မြင်းလှည်းဆရာ၊ ဆိုက်ကားဆရာတွေရယ်၊ ”ဗိုလ်ချုပ်”သက်တော်စောင့်ဓါးလွတ်ကိုင်တွေရယ်၊ အထုတ်တွေ အိမ်ပေါ်သယ်သွားတဲ့ အမျိုးသမီးရယ်၊  အယုံလွယ်တဲ့သူငယ်ချင်းရယ်၊ ငွေစက္ကူတွေလက်ထဲကိုင်ပြီး”ငါ”တစ်ခွန်းသာပြောတဲ့ ”ဗိုလ်ချုပ်”ရယ်၊ နောက်ပြီး ”ဗိုလ်ချုပ်ရွာ”လို့ ခနတွင်ခဲ့တဲ့ရွာကလေးရယ်ကိုပဲ ပြန်သတိရရနေတယ်။

မျိုးမြင့်ချို ဇူလိုင် ၂၄။ ၂၀၁၃  ကျေးဇူးတင်ပါကြောင်း..ပြည်သတင်း...

0 comments:

Post a Comment

Facebook Like Page