Thursday, September 15, 2016

(၁၁၆)ကြိမ်မြောက်-ပေါင်းတည်မြတ်စွယ်တော်မြို့တွင်းလှည်လည်အပှုဇော်ခံပွဲယခင်နှစ်များထက်စည်ကားသိုက်မြိုက်စွာကျင်းပ

Leave a Comment


(၁၁၆)ကြိမ်မြောက်-ပေါင်းတည်မြတ်စွယ်တော်မြို့တွင်းလှည်လည်အပှုဇော်ခံပွဲယခင်နှစ်များထက်စည်ကားသိုက်မြိုက်စွာကျင်းပ

ပေါင်းတည်၊စက်တင်ဘာ(၁၄)

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါင်းတည်မြို့တွင် (၁၁၆)ကျြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းသို့ စက်တင်ဘာ(၁၄)ရက်နေ့တွင် ဆင်ရတနာဖြင့် လှည့်လည်အပှုဇော်ခံပွဲကြီးအား ယခင်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပေါင်းတည်မြို့ရှိ ဗုဒ္ဓမြတ်စွယ်တော်လှည့်လည်အပှုဇော်ခံပွဲကြီးအား တော်သလင်းလဆန်း(၁၂)ရက်နေ့မှ စတင်ကာ တော်သလင်းလပြည့်ကျော်(၁)ရက်နေ့အထိ နှစ်စဉ်(၅)ရက်တိုင်တိုင်ကျင်းပပြုလုပ်လေ့ရှိပြီး နှစ်စဉ် တော်သလင်းလဆန်း(၁၂)ရက်နေ့ ညနေ(၅)နာရီအချိန်တွင် နှစ်ပတ်လည်စံမြန်းရာ ဂန္ဓကုဋိရွှေတိုက်တော်အတွင်းမှ ပင့်ဆောင်၍ မြတ်စွယ်တော်ရတနာ စိန်ကြုတ်အား ရွှေကျောင်းဆောင် ရွှေပလ္လင်ပေါ်သို့ ထားရှိကာ ပင့်ဆောင်အပှုဇော်ခံလျှက်ရှိပြီး တော်သလင်းလဆန်း(၁၃)ရက်နေ့ နေ့လည်(၁)နာရီအချိန်မှစတင်ကာ ဗုဒ္ဓမြတ်စွယ်တော်အား ဆင်ရတနာတော်အပေါ်ပင့်ဆောင်၍ မြတ်စွယ်တော်ပင့်ဆောင်သည့်ဆင်ရတနာ၊ပိဋကတ်သုံးပုံတင်ဆောင်သည့် ဆင်ရတနာ၊သိကြားမင်းတင်ဆောင်သည့် ဆင်ရတနာ စုစုပေါင်း ဆင်ရတနာသုံးစီးဖြင့်ပင့်ဆောင်၍ ဇာတ်တော်ကြီးသရုပ်ပြယာဉ်၊ယိမ်းကား(၇)စီး၊တေးသံရှင် အဆိုတော်များ၊နိပါတ်တော် သရုပ်ပြ နွားလှည်းယာဉ်များ လိုက်ပါခြံရံ၍ ပေါင်းတည်မြို့တွင်းသို့ လှည့်လည်အပှုဇော်ခံလျှက်ရှိကြောင်းသိရသည်။

“မြန်မာသက္ကရာဇ် ၁၂၅၉-ခုနှစ်မှာ သီရိလင်္ကာနိုင်ငံ ဂန္ဒီမြို့မှာရှိတဲ့ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားရဲ့ လက်ဝဲအောက်စွယ်တော်မြတ်နဲ့ ၁၅-ရက်တိုင်တိုင်ကိန်းဝပ်ပှုဇော်ထားရှိခဲ့တဲ့ စွယ်တော်ပွားတစ်ဆူဖြစ်ပါတယ်။ခရစ်နှစ် ၁၈၉၇-ခုနှစ်မှာ ပေါင်းတည်မြို့သို့ပြန်လည်ရောက်ရှိလာပြီး ပေါင်းတည်မြို့ဒေသခံပြည်သူတွေက ခမ်းနားစွာအခမ်းအနားတွေနဲ့ကြိုဆိုခဲ့ကြပါတယ်။ယခုဆိုရင် ၁၁၉-နှစ်ပြည့် ၁၁၆-ကြိမ်မြောက်ကို စည်ကားသိုက်စွာကျင်းပပြုလုပ်လျှက်ရှိနေတာပါ။ရိုးရာမပျက်မြတ်စွယ်တော်ပင့်ဆောင်ရာမှာ ဆင်တော်ရတနာတစ်စီးနဲ့အရံဆင်နှစ်စီးစုစုပေါင်းဆင်တော်ရတနာသုံးစီးပါဝင်ပါတယ်။ဇာတ် နိပါတ်တော်တွေ ယိမ်းကားတွေလည်းပါဝင်ပါတယ်။နှစ်စဉ် နှစ်တိုင်း ဒီစွယ်တော်ပင့်ဆောင်ပွဲကလုပ်နေကျဖြစ်နေတော့လည်း အခက်ခဲတစ်စုံတရာမရှိပါဘူး။မိုးတွင်းမှာကျင်းပတဲ့ ဒီစွယ်တော်ပွဲကို နှစ်စဉ်နှစ်တိုင်း အေးချမ်းစွာကျင်းပနိုင်ခဲ့တာက မြတ်စွယ်တော်ရဲတန်ခိုးပါပဲ။နှစ်စဉ်နှစ်တိုင်း သက်ရှိဆင်နဲ့လှည့်လည်ခဲ့ရာ ဘုရားဖူးလာသူတွေအများကြီးထဲမှာ အန္တရာယ်တစ်စုံတရာမရှိခဲ့တာစွယ်တော်ရဲ့တန်ခိုးပါပဲ။အခုပါဝင်တဲ့ ဆင်တော်ရတနာများကိုလည်း ဇီးကုန်းသစ်ထုတ်လုပ်ရေးဒေသ၊တိုင်းသစ်တောဦးစီး ပြည်မြို့တို့အဖွဲ့က မေတ္တာဖြင့် ပံ့ပိုးကူညီမှုတွေပေးခဲ့တာပါ။”ဟု မြတ်စွယ်တော်အခမ်းအနားစီစဉ်မှုအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဦးမြတ်စိုး ကပြောသည်။

အဆိုပါ ပေါင်းတည်မြို့မြတ်စွယ်တော်လှည့်လည်အပှုဇော်ခံပွဲသို့ ပြည်ခရိုင်အတွင်းရှိ ရွှေတောင်၊ပေါင်းတည်၊ပြည်၊သဲကုန်း၊ပန်းတောင်း၊ပေါက်ခေါင်း စသည့် မြို့နယ်များနှင့်ကျေးရွာများအပါဝင် ရပ်ဝေးရပ်နီးမှဘုရားဖူးလာပြည်သူများဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်ပပြုလုပ်လေ့ရှိပြီး ယခုနှစ် မြတ်စွယ်တော်လှည့်လည်အပှုဇော်ခံပွဲတွင် မဟာရန်ကုန် ပန်တျာစိန်ကြည်လင်း မင်္ဂလာဆိုင်းအဖွဲ့ဖြင့် ဧည့်ခံမှုများပြုလုပ်လျှက်ရှိပြီး မြတ်စွယ်တော်လှည့်လည်ရာ၌ ပေါင်းတည်မြို့ပေါ်ရှိ စည်တော်အဖွဲ့များ၊ဓမ္မစကြာဝတ်အသင်းများ၊ဒေ၀ါဝင်း၊ရာဇာဝန်း၊၀င်ခင်းအခမ်းအနားများအပါဝင်၊သကျမုနိမိုဃ်းကောင်းဘုရားကြီး ဝေယျာဝစ္စအသင်းများမှ မြတ်စွယ်တော်ပင့်ဆောင်သည့် ဆင်ရတနာများရှေ့မှ ကနက္ကဒါန်ထီးဖြူ၊ရွှေထီး၊သိုင်း၊ကြိုင်း၊သာသနာ့အလံတော်များကိုင်ဆောင်ခဲ့၍ မြို့တွင်းလှည့်လည်အပှုဇော်ခံခဲ့ကြောင်းသိရသည်။

“ဆိုင်ခန်းခတွေက ဒီနှစ် တစ်ခန်းကို သုံးသောင်းပေးရပါတယ်။ပြီးခဲ့တဲ့နှစ်က ဈေးဆိုင်ခန်းတစ်ခန်းကို နှစ်သောင်းရှစ်ထောင်ပေးရတယ်။ပြီးခဲ့တဲ့ရက်တွေက မိုးအနည်းငယ်ရွာတော့ ဈေးရောင်းမကောင်းဘူး။ဒီနှစ်ကဈေးရောင်းမကောင်းပေမယ့် ဘုရားဖူးလာတဲ့သူတွေက အရင်နှစ်တွေထက်ပိုမိုစည်ကားတယ်။ပြီးခဲ့တဲ့ နှစ်က လူဒီလောက်မစည်ကားပေမယ့် ဈေးတော်တော်လေးရောင်းကောင်းတယ်။ခုနှစ်ကတော့အရောင်းအ၀ယ်ပါးတယ်။အ၀တ်အထည်ဆိုင်၊အသီးနှံဆိုင်၊ကလေးကစားစရာဆိုင်တွေတော့အတော်ရောင်းကောင်းကြတယ်။ဘုရားတန်ခိုးတော်နဲ့ ဒီပွဲတော်ရက်အပြီးမှာရောင်းကောင်းရင်ကြေနပ်ပါပြီ။”ဟု ဆယ့်နှစ်ရာသီဘုရားပွဲဈေးများတွင် မုန့်ရောင်းသူ ဒေါ်ခင်ဝင်းမြင့် ကပြောသည်။

အဆိုပါ ဗုဒ္ဓမြတ်စွယ်တော်ရတနာအား တော်သလင်းလဆန်း(၁၄)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် မြတ်စွယ်တော်ရတာနာ စိန်ကြုတ်မှဖွင့်လှစ်၍ ပကတိအတိုင်း အပှုဇော်ခံထားရှိ၍ တော်သလင်းလဆန်း(၁၅)ရက်နေ့ ည(၁၀)နာရီအချိန်တွင် ဗုဒ္ဓမြတ်စွယ်တော်ရတနာစိန်ကြုတ်အား ပိတ်၍ နှစ်ပတ်လည်စံမြန်းရာ ဂန္ဓကုဋိရွှေတိုက်တော်အတွင်းသို့ ပြန်လည်ပင့်ဆောင်ကာ မြတ်စွယ်တော်ပွဲတော်ကြီး ကျင်းပပြီးစီးကြောင်းကြေငြာသွားမည်ဖြစ်ကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ကျော်ဝင်းခိုင်(ပြည်သတင်း)
09253311019

                                              

0 comments:

Post a Comment

Facebook Like Page