Friday, August 5, 2016

၁၉၇၄-ခုနှစ် ပြည်တစ်မြို့လုံးရေကြီးနစ်မြှုပ်ခဲ့စဉ်က ရေများစတင်ဝင်ရောက်သည့် တာရိုးနေရာမှ တာယိုစိမ့်မှုဖြစ်ပေါ်ခဲ့

Leave a Comment

၁၉၇၄-ခုနှစ် ပြည်တစ်မြို့လုံးရေကြီးနစ်မြှုပ်ခဲ့စဉ်က ရေများစတင်ဝင်ရောက်သည့် တာရိုးနေရာမှ တာယိုစိမ့်မှုဖြစ်ပေါ်ခဲ့



ပြည်၊သြဂုတ်၊၎



ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင် ဧရာဝတီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး သြဂုတ်(၄)ရက်နေ့ နံနက်(၇)အချိန်ခန့်မှာ န၀င်းကွက်သစ်(၁၀)လမ်းထိပ်ရှိ န၀င်းတာရိုး မှ ရေယိုစိမ့်မှုတစ်ခုဖြစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။



အဆိုပါ န၀င်းကွက်သစ်(၁၀)လမ်းထိပ်အနီးဝန်းကျင်မှ န၀င်းတာရိုးသည် (၁၉၇၄)ခုနှစ် ပြည်မြို့တစ်မြို့လုံးရေကြီးခဲ့စဉ်က ယင်းန၀င်းတာရိုးဘက်မှ တာရိုးပေါ်ရေကျော်၍  ပြည်မြို့တွင်းတစ်ခုလုံးသို့ ရေများစီးဝင်ခဲ့သည့်နေရာဖြစ်ပြီး ယခုအခါတာယိုစိမ့်မှုကြောင့် ဒေသခံပြည်သူများ၊ရပ်မိရပ်ဖများ၊ဆည်မြောင်းဌာနမှတာဝန်ရှိသူများ၊ပရဟိတအသင်းအဖွဲ့များ၊ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များလာရောက်ပှုးပေါင်း၍ သြဂုတ်(၄)ရက်နေ့တွင်စတင်၍ အဆိုပါ ရေယိုစိမ့်နေသည့်န၀င်းတာရိုးအား သဲအိတ်များအထပ်ထပ်ခင်း၍ ဖာထေးပြုပြင်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။



“၁၉၇၄-ကဒီတာရိုးက ၄-ပေလောက်ပဲမြှင့်တယ်။အဲဒိတုန်းက တာမကျိုးပဲ ဒီနေရာကနေ တာပေါ်ရေကျော်ပြီး တစ်မြို့လုံးရေကြီးခဲ့တယ်။အခုကတော့တာရိုးကိုတော်တော်လေးမြှင့်ထားတယ်။တာရိုးအောက်က ကြွက်တွင်းထဲက ရေတိုးဝင်လာမှုများလာရင် တာကျိုးတာတွေဖြစ်တတ်တယ်။ ဒီန၀င်းတာရိုးတစ်လျှောက်မှာ ခုလိုတာရိုးကနေ ရေယိုစိမ့်မှုဖြစ်နေတာ ၅-နေရာလောက်ရှိနေတယ်။ရေကမနှစ်ကနဲ့မတူဘူး။မနှစ်ကရေတက်ကြမ်းပေမယ့် ခုနှစ်က ရေမကျပဲ တအိအိတက်နေတာ။အားလုံးကြိုတင်ပြင်ဆင်မှုတွေလုပ်ထားရင်တော့အကောင်းဆုံးပဲ။”ဟု သဘာဝဘေးအန္တရာယ်တားဆီးရေးကော်မတီ(ပြည်မြို့)မှ ဦးမောင်မောင်နိုင် ကပြောသည်။



ပြည်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်(၂၉)ရက်နေ့မှစတင်၍ ဧရာဝတီမြစ်ရေတက်လာမှုကြောင့် ပြည်မြို့အတွင်းမြေနိမ့်ရပ်ကွက်တစ်ချို့ရေကြီးနစ်မြှပ်မှုများဖြစ်ပေါ်ပြီး ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ရာနေရာတစ်ချို့သည် ပုံမှန်ဝမ်းရောဂါများ နှင့် ကူးဆက်မြန်ပြင်းထန်ဝမ်းရောဂါများဖြစ်ပေါ်ခဲ့သည့် နေရာများ အများဆုံးပါဝင်ခဲ့သည့်ရပ်ကွက်များဖြစ်ကြောင်းသိရသည်။



“တာရိုးအနီးမှာ သစ်ပင်ကြီးတွေရှိတယ် အဲဒိအမြစ်တွေကဟိုထိုးဒီထိုးလျှောက်ထိုးနေတာနဲ့ခုလိုရေယိုစိမ့်တာလည်းဖြစ်နိုင်သလို ကြွက်တွင်းတွေကြောင့်နဲ့ခြတွင်းတွေကြောင့်လည်းခုလိုရေယိုစိမ့်တာဖြစ်နိုင်တယ်။ရေယိုစိမ့်တဲ့အပေါက်(၂)လက်မ(၃)လက်မလောက်တော့ရှိမယ်။ဒီဘက်ကပေါက်နေတဲ့အပေါက်နဲ့ဟိုဘက်ခြမ်းကပေါက်နေတဲ့နေရာကို သဲအိတ်ခင်းပိတ်ဆို့ဖာထေးတာတွေလုပ်မယ်။ဒါကတော့လုပ်နေကျပါပဲ။ကြီးကျယ်တဲ့အန္တရာယ်မရှိပါဘူး။နှစ်တိုင်းဒီနေရာကပေါက်နေကျနေရာပါ။စိတ်ချရတဲ့လုပ်ထုံးလုပ်နည်းအတိုင်းပဲဆောင်ရွက်နေပါတယ်။ဒါကပြဿနာဘာမှမရှိပါဘူး။ရေပြန်ကျချိန်အထိအဆင်ပြေပါတယ်။”ဆည်မြောင်းဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းဦး ကပြောသည်။



အဆိုပါ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လျှက်ရှိသည့် ရပ်ကွက် နှင့်ကျေးရွာများမှ ဒေသခံပြည်သူများအား ရေးဘေးလွတ်ရာ နီးစပ်ရာဘုန်းတော်ကြီးကျောင်းများ၊ဘုရားစေတီများ၊စာသင်ကျောင်းများမှာ ယာယီစခန်းပေါင်း ပြည်မြို့တွင်(၅)ခုဖွင့်လှစ်ထားပြီး ပြည်ခရိုင်အတွင်းရှိ ပြည်၊ပေါင်းတည်၊ပန်းတောင်း၊ပေါက်ခေါင်း၊ရွှေတောင်၊သဲကုန်းစသည့်မြို့များမှာ ရေကြီးနစ်မြှုပ်၍ယာယီကယ်ဆယ်ရေးစခန်းများအတွင်း သြဂုတ်(၃)ရက်နေ့ ည(၉)နာရီအချိန်ခန့်အထိ လူဦးရေ(ရှစ်ထောင်)ကျော်ခန့်လာရောက်နေထိုင်လျှက်ရှိနေပြီး ပြည်ခရိုင်ဧရာဝတီမြစ်ရေစိုးရိမ်အမှတ် (၂၉၀၀-စင်တီမီတာ)ရှိရာ သြဂုတ်(၃)ရက်နေ့ ည(၈း၃၀)အချိန်ထိ(၂၉၅၂-စင်တီမီတာ)သို့ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ထက်(၂-ပေ)ခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်(၂)ရက်ခန့်မြစ်ရေဆက်လက်တက်နိုင်ဖွယ်ရှိတယ်လို့ ပြည်ခရိုင်းမိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းရုံး ခရိုင်ဦးစီးအရာရှိ ဦးအောင်မြင့်ကြည် ထံကသိရသည်။



K3(pyay) ဒီမိုကရေစီတူဒေးသတင်းစာ


0 comments:

Post a Comment

Facebook Like Page