Monday, July 18, 2016

လူထုခေါင်းဆောင်ငမွဲတဲ့လား သရ၀ဏ်(ပြည်)

Leave a Comment

လူထုခေါင်းဆောင်ငမွဲတဲ့လား
သရ၀ဏ်(ပြည်)

ထုံးစံအတိုင်းဖေ.စ်ဘွတ်ပေါ်မှာစတွေ့တာပါ ။ စာရေးဆရာမသျှီ (အင်ကြင်း) က ပို့ စ်တစ်ခုကို share ထားတာ ။မကြေနပ်ချက်တွေအပြည့်နဲ့ ပေါ့ ။ မူလတင်သူက အသျှင်ဓမ္မနန္ဒတဲ့  ။ သူကလဲ လူထုခေါင်းဆောင်ဘက်ကမခံချင်စိတ်အပြည့်နဲ့ ယူကြုံးမရရေးထားတာပါ ။ ဖတ်ကြည့်တော့ စာအုပ်တစ်အုပ်ရဲ့အဖုံးကိုတွေ့ ရတယ် ။ စာအုပ်နာမည်က “ လူထုခေါင်းဆောင်ငမွဲ ဗိုလ်ချုပ်အောင်ဆန်း “ တဲ့ ။ ရေးသူက ဇော်ခိုင်ဦး (စင်ပေါ်ကဟောပြောချက်များ ) တဲ့ ။ ဆရာဇော်ခိုင်ဦးဆိုတာ စာပေဟောပြောပွဲမှာ ကျွန်တော်တွဲဟောဖူးတဲ့ ၊ အဆိုကောင်း အပြောကောင်း အဟောကောင်းဆရာတစ်ယောက်ပါ ။ ဒါပေမယ့် ဒီစာအုပ်ရဲ့ ခေါင်းစဉ်ကိုဖတ်လိုက်တာနဲ့  ဆရာမ သျှီ(အင်ကြင်း)တို့ လို ၊ အသျှင် ဓမ္မနန္ဒတို့ လို ကျွန်တော်လဲဘ၀င်မကျစိတ်ဖြစ်မိပါတယ် ။ အဓိကကတော့ စကားလုံးအသုံးအနှုန်းပါ ။ ငမွဲလို့ သုံးထားတာဟာ အတော်ကို မသင့်တော်တဲ့ဝိသေသတစ်ခု ၊ ရိုင်းပျတဲ့အနက်ဆောင်တဲ့ သင်္ကေတတစ်ခုပါ ။ မြန်မာစာမှာ (င) ဆိုတဲ့ အခေါ်အဝေါ်ဟာ ကိုလိုနီခေတ်ကအကျဉ်းသားတွေကိုခေါ်တဲ့အမည်ပါ ။ ဥပမာ တရားခံငဘ ၊ အကျဉ်းသားငကျော် ၊ အချုပ်သားငခွေး စသည်ဖြင့် ။ အကျဉ်းသားမဟုတ်တောင်မှ လူကြီးလူကောင်းတွေနာမည်ရှေ့ မှာ င တပ်ပြီးခေါ်လေ့မရှိပါ ။တစ်ဖက်နဲ့တဖက်မခံချင်အောင်ဆဲရေးတဲ.အခါမှာသာ နာမည်ရှေ့ မှာ င ကိုသုံးပါတယ် ။ ဥပမာ ငနုလက်ကိုင်တုတ် ၊ ငသောင်းမယားပါသား စသည်ဖြင့်ပါ ။ ဒါကိုကြည့်တာနဲ့  င ဆိုတာ မြန်မာစာမှာ မကောင်းတဲ့ဘက်ကသုံးတာပိုများကြောင်း သတိပြုမိပါတယ် ။ လူကြီးလူကောင်းတစ်ယောက် ၊ အထူးသဖြင့်တိုင်းပြည်ကလေးစားရတဲ့ခေါင်းဆောင်တစ်ယောက်ရဲ့နာမည်ရှေ့မှာ င ဆိုတဲ့ ၀ိသေသနထည့်မသုံးသင့်ပါဘူး ။
ငမွဲလို့ သုံးလိုက်ခြင်းအားဖြင့်မကောင်းတဲ့အနက်အဓိပါယ်ဆောင်ပါတယ် ။ ဒီခေါင်းဆောင်က ခုမှအာဇာနည်ဖြစ်တာပါကွာ အရင်တုန်းက ငမွဲပါ ဆိုတဲ့သဘောမျိုး နှိမ့်ချတဲ့အဓိပါယ် (မရည်ရွယ်သည့်တိုင်) ပေါက်သွားပါတယ် ။ ခုခေတ်လူငယ်တွေမပြောနဲ့  အချို့ ဆရာဆရာမတွေတောင် လွတ်လပ်ရေးအတွက်အသက်စွန့် သွားတဲ့အာဇာနည်ကြီးတွေရဲ့ ကျေးဇူးတရားကိုမသိကြတော့ပါ ။ အာဇာနည်နေ့အခမ်းအနားကိုယ့်ကျောင်းမှာကျင်းပတာကိုတောင်မှ ဂုဏ်ယူရကောင်းမှန်းမသိပဲ အသုဘအခမ်းအနားမို့  နိမိတ်မရှိဘူးတို့  ၊ ကျောင်းမှာအောင်ချက်ကိုထိခိုက်မှာစိုးလို့ ပန်းခွေမချပါနဲ့တို့ ပြောတဲ့ ဆရာဆရာမတွေတောင် အံ့ သြစရာကောင်းအောင်ရှိနေသေးတဲ့တိုင်းပြည်ပါ ။ ဆရာဇော်ခိုင်ဦးတို့ ရေးလိုက်တဲ့စာအုပ်ခေါင်းစဉ်ကိုအပေါ်ယံကြည့်ပြီးစာအလေးအနက်မဖတ်တဲ့လူငယ်တွေက ဗိုလ်ချုပ်အောင်ဆန်းဆိုတာငမွဲကြီးပါကွာလို့ အပေါ်ယံအမြင်နဲ့ မှတ်ချက်ချ သွားမှာ ၊ အဲဒိကောက်ချက်ကြီး လူငယ်တွေကြားမှစွဲမြဲသွားမှာစိုးရိမ်လို့ ဒီစာကိုရေးတာတာပါ ။
ဗိုလ်ချုပ်အောင်ဆန်းဟာ ပိုက်ဆံမချမ်းသာပါဘူး ။ဒါဟာအားလုံးသိတဲ့အတိုင်း သူအရည်အချင်းမရှိလို့ မွဲပြာကျနေတာမဟုတ်ပဲ တိုင်းပြည်လွတ်လပ်ရေးကလွဲလို့ အခြားငွေကြေးရရာရကြောင်းကိုဘာမှမလုပ်တဲ့  လာဘ်လာဘကင်းစင်တဲ့ရိုးသားမှုကြောင့်ဆိုတာ ဆရာဇော်ခိုင်ဦးအပါအ၀င်အားလုံးသိပြီးသားပါ ။ တကယ်တော့ဗိုလ်ချုပ်အောင်ဆန်းဟာ ငမွဲလို့ ဘယ်လိုနည်းနဲ့မှအခေါ်မခံထိုက်တဲ့ ပုဂ္ဂိုလ်ပါ ။ သူ့ မှာ မိဘတွေရှိတယ် ။ သူ့ ဖခင်ဟာ အဲဒိခေတ်ကရှာားရှားပါးပါးရှေ့ နေတစ်ယောက်ဖြစ်တယ် ။ သူ့ မိခင်ဟာ မြေပိုင်ရှင် ကြေးရေတတ်တစ်ယောက်ဖြစ်တယ် ။ ကိုအောင်ဆန်းဆိုတဲ့သူကိုသူ့ မိဘတွေက အဲဒိခေတ်ကအရှေ့တောင်အာရှမှာအကောင်းဆုံးလို့ ခေါ်ရမယ့် ရန်ကုန်တက္ကသိုလ်ကိုကျောင်းအိပ်ကျောင်းစား ထားနိုင်ခဲ့တယ် ။ ကိုအောင်ဆန်းအပြင် သူ့ အစ်ကိုဖြစ်တဲ့ ကိုဘ၀င်းကိုလည်း အမေစုနဲ့ဦးဖာကရန်ကုန်တက္ကသိုလ်မှာထားနိုင်ခဲ့တယ် ။ အဲဒိခေတ်က သားနှစ်ယောက်ကိုတက္ကသိုလ်ပို့ နိုင်တဲ့မိဘဆိုတာ ဆင်းရဲသားထဲမှာမရှိပါဘူး ။ ချမ်းသာသူကြေးရေတတ်တွေမှပို့နိုင်တာပါ ။ဒါ့ကြောင့်မျိုးရိုးအရကြည့်ရင်လဲ ဗိုလ်မင်းရောင်ရဲ့ မြေး ၊ ဦးဖာ ၊ဒေါ်စုရဲ့ သား အောင်ဆန်းဟာ ဆင်းတောင့်ဆင်းရဲထဲကမဟုတ်ပါဘူး ။ ငွေရေးကြေးရေးမပူပင်ရတဲ့မိသားစုထဲကပေါက်ဖွားလာတာပါ ။ ဒို့ ဗမာအစည်းအရုံးထဲဝင်ကာမှ ထမင်းနပ်မမှန်တာတွေ ၊နေ.စာနဲ့ညစာပေါင်းစားရတာတွေ ၊ ၀တ်စရာအင်္ကျီနှစ်စုံပဲရှိတာတွေဟာ သူ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် ခံယူလိုက်တဲ့ ဆင်းရဲဒုက္ခတွေပါ ။ ဒါကိုကြည့်ရုံနဲ့ တော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ငမွဲဆိုတဲ့ ဆိုးရွားအောက်ကျတဲ့နာမည်တစ်ခုကိုမရသင့်ပါ ။
ဆရာဇော်ခိုင်ဦးလိုပဲ ကျွန်တော်လဲ စာပေဟောပြောပွဲတွေမှာလိုက်ဟောနေတာမို့ စာရေးဆရာတွေရဲ့စိတ်ခံစားမှုတွေ ၊ ဟောပြောပွဲမှာ ဖြစ်လေ့ဖြစ်ထရှိတာတွေကိုနားလည်ပါတယ် ။ စင်ပေါ်မှာလက်တန်းဟောတဲ့အခါ ပိုပိုသာသာ ဇာတ်နာအောင်ပြောမိတာတွေ ၊အချက်အလက်လွဲမှားတာတွေ ၊ ရိုင်းပျသွားတာတွေ ဖြစ်တတ်ပါတယ် ။ ပါတတ်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်လဲဖြစ်ပါတယ် ။ ဒါပေမယ့် စာအုပ်ထုတ်ပြီဆိုတဲ့အခါ ၊ အထူးသဖြင့်စာအုပ်ခေါင်းစဉ်တပ်တဲ့အခါ သေသေချာချာဂရုစိုက်ရပါတယ် ။ ဘာကြောင့်လဲဆိုတော့ စာနဲ့ ပေနဲ့ ဖြစ်သွားပြီဆိုရင် အဖြူပေါ်အနက်တင်ပြီမို့  နှုတ်တစ်ရာစာတစ်လုံးဆိုသလိုပဲ အင်မတန်တာဝန်ကြီးပါတယ် ။ ကိုယ်ရေးလိုက်တဲ့စာအုပ်ဟာ ကိုယ်သေသွားသည့်တိုင်အောင်စာအုပ်အဖြစ်ကျန်ခဲ့တော့မှာပါ ။ အနည်းဆုံးအမျိုးသားစာကြည့်တိုက်မှာတော့သိမ်းထားခံရတော့မှာပါ ။မသိတဲ့နောင်လာနောက်သားလူငယ်တွေဖတ်မိရင်ဗိုလ်ချုပ်အောင်ဆန်းဟာ ဆင်းရဲမွဲတေလို့ နိုင်ငံရေးဝင်လုပ်သလိုလိုထင်သွားမှာစိုး၇ိမ်မိပါတယ် ။ အဲဒိတော့ကိုယ့်ဘက်က အဂါရ၀ဖြစ်မယ့်ဟာမျိုး ဒေါသသင့်တဲ့စာလုံးမျိုး အဓိပါယ်လွဲမှားစေတဲ့စာလုံးမျိုးကိုသတိထားသင့်ပါတယ် ။ ရှောင်သင့်ပါတယ် ။တကယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းရိုးသားတာ ကို ဇောင်းပေးချင်တယ်ဆိုရင် လူထုခေါင်းဆောင်ငမွဲ ဆိုတာထက် မချမ်းသာသောလူထုခေါင်းဆောင် ၊ ဆင်းရဲရှာသော လူထုခေါင်းဆောင် ၊ လူထုခေါင်းဆောင် ကိုသန့် ရှင်း စသည်ဖြင့် စိတ်ကူးရှိသလောက်အခြားနာမည်များလဲပေးလို့ ရပါတယ် ။ လူထုခေါင်းဆောင်ငမွဲ ဗိုလ်ချုပ်အောင်ဆန်းဆိုတာကြီးကတော့ရင့်သီးလွန်းပါတယ် ။
တကယ်တော့ ဆရာဇော်ခိုင်ဦးက ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံ့ခေါင်းဆောင်၊အမျိုးသားခေါင်းဆောင်ဖြစ်သော်လည်းကိုယ်ကျိုးမဖက်ပဲ မိမိအကျိုးအတွက်ဘာမှ ရယူခြင်းမရှိတာကြောင့် ငွေကြေးမပြည့်စုံရှာဘူးဆိုတာကိုပေါ်လွင်အောင်ပြောချင်ရေးချင်ပုံရပါတယ် ။ သူဟောခဲ့တဲ့စာပေဟောပြောပွဲတွေမှာလဲ အဲဒိစေတနာကိုတွေ့ ရပါတယ် ။သူဟာဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို အမြဲတမ်းဂုဏ်ယူစွာဟောပြောလေ့ရှိတဲ့စာရေးဆရာလည်းဖြစ်ပါတယ် ။ ဒါပေမယ့် ဒီစာအုပ်နာမည်ကလေးကတော့ Careless mistake ပမာဒလေခ သွားတာဖြစ်နိုင်ပါတယ် ။ နောင်တစ်ချိန် ဒုတိယအကြိမ်ပြန်ထုတ်ဖြစ်ရင် ဒီနာမည်ကို မသုံးစေချင်ပါဘူး ။ပြောင်းစေချင်ပါတယ် ။ အထဲကစာဘယ်လောက်ကောင်းကောင်း အဖုံးက ငမွဲ လို့ သုံးထားတဲ.အတွက် ဂိုဏ်းသင့်ပြီး ဆွမ်းဆန်ထဲကြွက်ချေးဝင်နေသလို ၊ နတ်သုဒ္ဒါထဲမစင်တစ်စက်ကျသလိုဖြစ်ရပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်နှင့်လူမျိုးအပေါ်တွင်အင်မတန်ဖြောင့်မတ်ရိုးသားခဲ့သဖြင့် ၀င်ငွေအားဖြင့်ဆင်းရဲခဲ့သော်လည်း ငမွဲအဆင့်သို့ မူမရောက်ခဲ့ဘူးလို့ ယုံကြည်ပါကြောင်း ။
သရ၀ဏ်(ပြည်)

0 comments:

Post a Comment

Facebook Like Page