Monday, June 13, 2016

တောင်တွင်းကြီး-ရွှေတောင် 230-KV နှစ်ထပ်မဟာဓာတ်အားလိုင်းစီမံကိန်းဖြတ်သန်းတည်ဆောက်ရာ ပြည်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၄-အုပ်စုအား သြဂုတ်လကုန်တွင် သီးနှံလျှော်ကြေးပေးဆောင်သွားမည်ဟုဆို

Leave a Comment



တောင်တွင်းကြီး-ရွှေတောင် 230-KV နှစ်ထပ်မဟာဓာတ်အားလိုင်းစီမံကိန်းဖြတ်သန်းတည်ဆောက်ရာ ပြည်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၄-အုပ်စုအား သြဂုတ်လကုန်တွင် သီးနှံလျှော်ကြေးပေးဆောင်သွားမည်ဟုဆို

 

ပြည်၊ဇွန်၊၉

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်၊ပေါင်းတလည်မြို့အတွင်းမှာရှိသည့် ကျေးရွာအုပ်စုပေါင်း ၄-အုပ်စုမှ-လုပ်ကိုင်စားသောက်လျှက်ရှိသည့်လယ်ယာမြေများအတွင်းမှ ဖြတ်ကျော်သွားသည့် 230-KV တောင်တွင်းကြီး-ရွှေတောင် နှစ်ထပ်မဟာဓာတ်အားလိုင်းတည်ဆောက်ဖြတ်သန်းရာ ပျက်စီးသွားသည့် သီးနှံလျှော်ကြေးငွေများအား ၂၀၁၆-သြဂုတ်လကုန်တွင်ပေးလျော်သွားမည်ဖြစ်ကြောင်းဒေသခံတောင်သူများထံကသိရသည်။

 

အဆိုပါ ဓာတ်အားလိုင်းအား မြန်မာလျှပ်စစ်ဓါတ်အားပေးလုပ်ငန်းဦးဆောင်မှုဖြင့် တောင်တွင်းကြီး-ရွှေတောင် 230-KV နှစ်ထပ်မဟာဓာတ်အားလိုင်းတိုင်တွေတည်ဆောက်လာခဲ့တာဖြစ်ပြီး မကွေးတိုင်းအတွင်းထဲမှ လယ်၊ယာမြေတွေနှင့်ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းမှ လယ်ယာမြေများအပေါ်တွင် ဓာတ်အားလိုင်းတိုင်ကြီးများစိုက်ထူခြင်း၊ဓာတ်အားလိုင်းသုံး 230-KV ဓာတ်ကြိုးကြီးများလယ်ယာမြေများအတွင်းချထားလျာထားခြင်း စသည့် ဓာအားလိုင်းတည်ဆောက်ရာမှာပါဝင်သည့် စပ်ဆက်ပစ္စည်းများအား စိုက်ပျိုးပြီးလယ်ယာမြေများအတွင်းနေရာယူချထားမှုတို့ကြောင့် သီးနှံများပျက်စီးခဲ့ရပြီး လယ်၊ယာမြေများဆက်လက်လုပ်ကိုင်စားသောက်ခွင့်များဆုံးရှုံးလာခဲ့မှုတွေကြောင့် လျှပ်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးအား ပေါင်းတလည်မြို့မရဲစခန်းတွင် ဇွန်-၄-ရက်နေ့ညနေမှာ ဒေသခံတောင်သူ ၂၄-ဦးကအမှုဖွင့်တိုင်ကြားထားခဲ့ပြီးနောက် နေပြည်တော်၊စီမံကိန်းညွှန်ကြားရေးမှူးရုံး၊ဦးမျိုးနိုင်-ညွှန်ကြားရေးမှူး(စက်/လျှပ်)မှ ပျက်စီးသွားသည့်သီးနှံများအားပြန်လည်ပေးလျှော်သွားမည်ဖြစ်ကြောင်းသိရသည်။

 

“ကျွန်တော်တို့ပဲခင်းတွေစိုက်ထားတုန်းဝင်ရောက်ကျုးကျော်ဖျက်စီးပြီးတိုင်တွေဆောက်တယ်။ကားတွေဖြတ်မောင်းလို့သီးနှံတွေပျက်စီးခဲ့ရတယ်။အခုဆိုရာသီချိန်သီးနှံက လေးသီးစားဆုံးရှုံးနေရတယ်။သူတို့တည်ဆောက်ထားတဲ့လယ်ယာမြေတွေထဲက တိုင်အောက်မှာဘာသီးနှံမှဝင်စိုက်လို့မရဘူး။အဲဒိလယ်ယာမြေကသားစဉ်မြေးဆက်အထိဆုံးရှုံးရတော့မှာ။ဖုန်းတိုင်ကြီးတွေကိုမြေငှားစားရင်တောင် ဒီထက်အစမတန်ရတယ်။နိုင်ငံတော်အတွက်အကျိုးရှိမယ့်အရာမလို့ အခုတည်ဆောက်ထားတဲ့ တိုင်တစ်တိုင်လယ်ယာမြေကို အပြီးစီး သိန်းနှစ်ဆယ်လောက်သီးသန့်လိုချင်တယ်။သီးနှံပျက်စီးလျှော်ကြေးက သီးသန့်ပေးရမယ်။လျှပ်စစ်တိုင်ကြီးတွေအောက်မှာလယ်ယာလုပ်ရမှာဆိုတော့ကျွန်တော်တို့အသက်အန္တရာယ်စိုးရိမ်မိတယ်။”ဟု ပြည်မြို့နယ်၊ပေါင်းတမော့ကျေးရွာ၊ဦးဝင်းနိုင်-ကပြောသည်။

 

အဆိုပါ 230-KV တောင်တွင်းကြီး-ရွှေတောင် နှစ်ထပ်မဟာဓာတ်အားလိုင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး နှင့် ကွပ်ကဲရေးဦးစီးဌာန၊ဓာတ်အားပို့လွှတ်ရေးစီမံကိန်း(တောင်ပိုင်း)ဓာတ်အားလိုင်းဖြတ်သန်းရာ ဧရိယာအတွင်း ပြည်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၅-ရွာမှဒေသခံတောင်သူလယ်သမားများ နှင့် H.R.D(ပြည်ဒေသ)အဖွဲ့တို့ပှုးပေါင်းကာကြေညာချက်တစ်စောင်အား ၂၀၁၆-ဇွန်-၇ရက်နေ့တွင်ထုတ်ပြန်ကြေငြာထားခဲ့ကြောင်းသိရသည်။

 

“ဒီဓာတ်အားလိုင်းအချိန်ကြန့်ကြာနေရင် ဘယ်သူ့မည်သူမှအကျိုးမရှိတဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့သီးနှံလျှော်ကြေးကိစ္စကိုပေါင်းတလည်ရဲစခန်းမှာ လယ်သမားတွေနဲ့သွားရောက်တွေ့ဆုံညှိနိုင်းဆောင်ရွက်ခဲ့မှုအဆင်ပြေသွားပါပြီ။ဒေသခံတောင်သူတွေနဲ့ညှိနိုင်းမှုအဆင်ပြေတဲ့အတွက် လုပ်ငန်းများဆက်လက်လုပ်ဆောင်သွားမှာပါ။”ဟု နေပြည်တော်၊စီမံကိန်းညွှန်ကြားရေးမှူးရုံး၊ဦးမျိုးနိုင်-ညွှန်ကြားရေးမှူး(စက်/လျှပ်) ကပြောသည်။

 

အဆိုပါ နိုင်ငံတော်စီမံကိန်းဖြစ်သည့် ရက်ပေါင်း ၂၀၀-အတွင်းပြီးစီးရမည့် 230-KV နှစ်ထပ်မဟာဓာတ်အားလိုင်း တောင်တွင်းကြီး-ရွှေတောင် ၁၀၄.၅-မိုင် တည်ဆောက်ခြင်းအား ၂၀၁၆-စက်တင်ဘာအတွင်းအပြီးသတ်တည်ဆောက်သွားရမှာဖြစ်ပြီး တည်ဆောက်စဉ် ပြည်မြို့နယ်၊ပေါင်းတလည်မြို့အတွင်းရှိ သူဌေးကျေးရွာအုပ်စု၊ပေါင်းတမော့ကျေးရွာအုပ်စု၊အရှေ့လက်ခုပ်ပင်ကျေးရွာအုပ်စု၊မြောင်းစုံကျေးရွာအုပ်စုတို့ရှိ ဒေသခံတောင်သူ ၁၈၀-ခန့်အား ယင်းဓာတ်အားလိုင်းတည်ဆောက်စဉ်က ဖောင်ဒေးရှင်းလောင်းခြင်း၊တိုင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ်က ပေးလျှော်ရမည့် သီးနှံလျှော်ကြေးများကို ၂၀၁၆-သြဂုတ်လကုန်တွင်ပေးလျှော်သွားမည်ဖြစ်ပြီး ထပ်မံ၍ ဓာတ်အားလိုင်းကြိုးဆွဲခြင်း လုပ်ငန်းများဆောင်ရွက်စဉ် ပျက်စီးဆုံးရှုံးမှုများရှိပါက လုပ်ထုံးလုပ်နည်းများအတိုင်းတွက်ချက်၍ ပေးလျှော်သွားမှာဖြစ်ကြောင်း ၂၀၁၆-ဇွန်-၆ရက်နေ့ရက်စွဲပါစာဖြင့် နေပြည်တော်၊စီမံကိန်းညွှန်ကြားရေးမှူးရုံး၊ဦးမျိုးနိုင်-ညွှန်ကြားရေးမှူး(စက်/လျှပ်) လက်မှတ်ရေးထိုး၍  ညွှန်ကြားရေးမှူးချုပ်၊လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး နှင့် ကွပ်ကဲရေးဦးစီးဌာန၊နေပြည်တော် နှင့် အခြားသက်ဆိုင်ရာဌာနများသို့ ပေးပို့ထားကြောင်း ယင်းစာအရသိရသည်။

 

ဒီမိုကရေစီတူးဒေးနေ့စဉ်သတင်းစာ-K3(pyay)

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)

 


0 comments:

Post a Comment

Facebook Like Page